အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း

( 5 မှတ်ချက်)

19500 (ကျပ်)

Exodus ဝတ္ထုဟာ မူရင်းစာရေးသူရဲ့ အကျော်ကြားဆုံး၊ အထင်ရှားဆုံးစာအုပ်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၌ အာရပ်နိုင်ငံများ ဝန်းရံထားသည့် အလယ်တွင် အစ္စရေးဟူသော နိုင်ငံငယ်လေး ပေါ်ပေါက်လာနိုင်ရေးအတွက် အစ္စရေး(ဂျူး) အမျိုးသားများသည် နှစ်ပေါင်း ၂,၀၀၀ ကျော်မျှ ခေတ်အဆက်ဆက် ဘိုးဘေးဘီဘင်များလက်ထက်ကပင် အခက်အခဲအကျပ်အတည်း အတားအဆီးများကို ရုန်း၍ ကန်၍ ရင်ဆိုင်၍ ကျော်၍ လွှား၍ တွန်းလှန်၍ တည်ထောင်ဖန်တီးခဲ့ရပုံကို ကွက်ကွက်ကွင်းကွင်းရေးသားထားတဲ့ သမိုင်းနောက်ခံ​၀တ္ထုစာအုပ်ဖြစ်ပါတယ်။

ဂျူးလူမျိုးတွေအတွက်ကတော့ နှစ်ပေါင်း ၂၀၀၀ကျော်တိုင်းပြည် ပျောက်ဆုံးခဲ့ရာက ပါလက်စတိုင်းဒေသမှာ ဂျူးလူမျိုးတို့ရဲ့တိုင်းပြည် “အစ္စရေးပြည်” တည်ထောင်နိုင်ဖို့ ကြိုးပမ်းမှုဟာ တကယ့်သမိုင်းဝင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုပါပဲ။

စာမျက်နှာ

480

စာအုပ်အရွယ်အစား

5.5 x 1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2018 ဖေဖော်ဝါရီလ (ပဉ္စမ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.2.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 19500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Wuthmone Phyu

    နိုင်ငံရေး..လုံးဝ စိတ်မဝင်စားတဲ့ကိုယ်တောင်.ဂျူးတွေရဲ့ပြင်းပြတဲ့စိတ် ထက်သန်တဲ့ဇွဲတွေကို ဖတ်လိုက်ရပြီး….အစ္စရေး နိုင်ငံရေးအကြောင်း အတိုင်းအတာတခုအထိ စိတ်ဝင်စားသွားတယ် ….

    အိပ်ဇိုးဒပ်.ပေါ်ကအရွယ်နဲ့ မလိုက်အောင် သတ္တိကောင်းလှတဲ့ ဂျူးကလေးငယ်များ။
    သတ္တိရှိတဲ့ ဂျူးသူရဲကောင်း မိသားစုက မွေးလာတဲ့ စိတ်ဓါတ်ခိုင်မာပြီး သံမဏိနှလုံးသားနဲ့ အယ်ရီ…။ ကြင်နာတဲ့နှလုံးသားရှိပြီးယဥ်ကျေးသိမ်မွေ့တဲ့ အမေရိကန် အမျိုးသမီး ကစ်တီ..။ ကစ်တီသိပ်ချစ်ရတဲ့ ဝမ်းနည်းစရာ အတိတ်တွေနဲ့ .ဂျူးမလေး.ဟယ်ရင်..။ ဟယ်ရင် သံယောဇဥ်ဖြစ်မိရတဲ့ သိပ်တော်တဲ့ ဂျူးကောင်လေး ဒပ်လန်ဒေါ..။ မိန်းကလေးတန်မဲ့ သမိုင်းပေးတာဝန်ကြောင့် မိန်းကလေးမဆန်ပဲ မာကြောခက်ထန်သူ ဂျော်ဒါးနား..။ ရင်နင့်စရာ အတိတ်ပေါင်းများစွာနဲ့ ဂျူးတို့ရဲ့ဘဝတွေ။ တွေ့သမျှ အာရပ်တွေ အကုန်သတ်မယ်ဆိုတဲ့ ဂျူးအကြမ်းဖက် မတ်ကတ်ဗီး အဖွဲ့ နဲ့ ကိုယ့်ကို လာရန်ပြုမှပြန်လုပ်မယ်..ဆိုတဲ့ အယ်ရီ ဟက်ဂါနာအဖွဲ့.. ဗြိတိသျှစစ်ဗိုလ်တစ်ဦးရဲ့ မထင်မှတ်တဲ့ အပြုအမူတစ်ခုကြောင့် ပူးပေါင်းဖိူ့ဖြစ်လာတဲ့အခါ..။

    အတိအကျတော့ မမှတ်မိတော့ပေမယ့် စာအုပ်ထဲမှာပြောထားတာတခုရှိတယ်.။အမေရိကန်တွေ သူတို့နိုင်ငံကို ချစ်တာနဲ့ ဂျူးတွေ ချစ်တာကွဲပြားတယ်..တဲ့ ။ဂျူးတွေက နှစ်ဆယ့်လေးနာရီလုံးအမြဲမပြတ်ချစ်နေရတာ..တဲ့..။

    ဒီလောက် ဇာတ်အိမ်ရှုပ်ထွေး..ဇာတ်ကောင်တွေအလွန်များတဲ့ ဇာတ်လမ်းကြီးတစ်ခုကို ရှင်းရှင်းလင်းလင်းဖြစ်အောင်..ဆွဲဆောင်မှု ရှိလွန်းပြီး လက်ကမချချင်တော့အောင် ရေးနိုင်စွမ်းရှိတဲ့ မူရင်းစာရေးဆရာကိုရော..ဘာသာပြန်သူကို အရမ်းလေးစားမိပါတယ်..။

    ကြိုက်မိတာတွေ ပြောရမယ်ဆိုရင်တော့ တအုပ်လုံးးး..မို့ ထပ်မပြောတော့ပါဘူး။ အညွှန်းနဲ့တင်မလုံလောက်ပဲ ကိုယ်တိုင်ဖတ်ကြည့်မှ ကျေနပ်သွားနိုင်မယ့် စာအုပ်ပါ..။

    ဒီတလော ဖတ်မိသမျှထဲတော့ ဖတ်ရတာ အရသာအရှိဆုံး စာအုပ်ပါ။..

    .

  2. Htet Darli Win

    ဒီစာအုပ်ဟာစာရေးဆရာLeon Urisရဲ့ Exodusပါ။
    ဆရာမောင်မိုးသူက အိပ်ဇိုးဒပ်
    (နိုင်ငံတစ်ခုမွေးဖွားခြင်း)လို့ ဘာသာပြန်ခဲ့ပါတယ် ။ Exodusဟာ Leon Urisရဲ့အကျော်ကြားဆုံးနဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုဖြစ်ခဲ့သလိုပဲ ဆရာမောင်မိုးသူရဲ့ဘာသာပြန်စာအုပ်တွေထဲမှာလည်း Masterpiece လို့ပြောရမလောက်ပါပဲ။

    Exodusဆိုတဲ့စကားလုံးဟာ ဘာသာရေးအရ လွတ်မြောက်ရာကျမ်းလို့ အဓိပ္ပါယ်ရပါတယ်တဲ့။ ဒီဝတ္ထုဟာ နှစ်ပေါင်း၂၀၀၀ ခန့် အပစ်ပယ်ခံ ၊အမုန်းခံ၊ ဖိနှိပ်ခံတိုင်းပြည်မဲ့လူမျိုး အဖြစ်ရပ်တည်ခဲ့ရတဲ့ ဂျူးလူမျိုးတွေ အစ္စရေးနိုင်ငံတော်ကို တည်ထောင်တဲ့ သမိုင်းဝင်အဖြစ်အပျက်ကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းအစမှာ သတင်းထောက်
    မတ်ပါကားနဲ့သူနာပြုဆရာမလေး ကစ်တီဖရီးမွန့်တို့ ပြန်လည်တွေ့ဆုံပုံနဲ့ အစပြုထားပါတယ်။
    ဗြိတိသျှလက်အောက် ကာရောင်လိုစခန်းကနေ ထွက်ခွာဖို့ ကလေး၃၀၀ကို သဘောင်္အိုကြီးနဲ့တင်ဆောင်ပြီး ပါလက်စတိုင်းဒေသကို ထွက်ခွာဖို့ ကပ္ပတိန်
    အယ်ရီဘင်ကင်နင်ကဦးဆောင်လှုပ်ရှားခဲ့ရပါတယ်။

    သင်္ဘောနာမည်က အိပ်ဇိုးဒပ်တဲ့ ။ပါလက်စတိုင်းဟာ ဂျူးလူမျိုးတို့အတွက် သမိုင်းကြောင်းမွေးရပ်မြေ ဖြစ်ပြီးဂျေရုဆလင်ဟာ ဂျူးတို့အထွတ်အမြတ်ထားရာဒေသလည်းဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုးဖြစ်တာနဲ့တပြိုင်နက်
    ကိုယ့်နည်းကိုယ့်ဟန်နဲ့ပတ်ဝန်းကျင်ဒဏ်ကို ခုခံရစမြဲမို့ အနယ်နယ်အရပ်ရပ်က ဂျူးတွေဟာ နိုင်ငံတော်သစ်ထူထောင်ဖို့ စိတ်အားထက်သန်ခဲ့ကြရပါတယ်။

    စစ်သင်္ဘောကြီးတွေကို ရင်ဆိုင်ဖို့လက်နက်တွေ ၊ တပ်တွေ မရှိခဲ့တဲ့ဂျူးတွေဟာ ဗြိတိသျှလက်အောက်ကနေ ယုံကြည်မှုနဲ့ပဲ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဘယ်အခြေအနေရောက်ရောက် လှေခွက်ချည်းကျန် အလံမလှဲခဲ့တဲ့ ဂျူးတွေရဲ့သတ္တိ ၊အဖိနှိပ်ခံဘဝမှာ မပြတ်မလပ်ထုတ်ဝေခဲ့တဲ့ သူတို့ရဲ့တစ်ခုတည်းသော သတင်းစာစောင်၊ ဘယ်တော့မှ မပိတ်ခဲ့တဲ့ သူတို့စာသင်ကျောင်း၊ အသက်၁၀/၁၂နှစ်မှာ အခြေခံစစ်ပညာသင်ယူခဲ့ရတဲ့ ဂျူးတို့ရဲ့ဘဝတွေ၊ နာဇီအကျဉ်းစခန်းက ဟစ်တလာရဲ့အနှိပ်စက်ခံဘဝတွေ၊ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေနဲ့ အာရပ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကြားက ဂျုးတို့ရဲ့နိုင်ငံတော်၊
    အာရပ်တွေရဲ့ရန်ကနေ ခံစစ်၊ ထိုးစစ်၊ တန်ပြန်စစ်တွေစနစ်တကျနဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ အစ္စရေးနိုင်ငံတော်သစ်ကို ထူထောင်ခဲ့ရတာကို စိတ်လှုပ်ရှားဖွယ် ရေးသားထားပါတယ်။

    ကာရောင်လိုစခန်းမှာ ကာရင်ဆိုတဲ့ကလေးမလေးကို မေတ္တာတွယ်မိတဲ့ အမေရိကန်သူနာပြုလေးကစ်တီကရော ပါလက်စတိုင်းဒေသကို လိုက်ပါမှာလား အန္တရာယ်တွေကြားက အယ်ရီနဲ့ ကစ်တီ ဒေးဗစ်နဲ့ ဂျော်ဒါးနား ဒပ်လန်ဒေါနဲ့ကာရင်တို့ကြားက အချစ်တွေ ခိုင်မြဲနိုင်မှာလား

    ဒါ့အပြင် နိုင်ငံတစ်ခုတည်ထောင်ဖို့ရာအတွက် စည်းလုံးညီညွတ်မှုမှာစံတင်ရလောက်တဲ့ ဂျူးတို့ရဲ့စိတ်ဓာတ်တွေကိုလည်း လေးစားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်မှာ ဇာတ်ဆောင်တွေကို စနစ်တကျဖန်တီးခဲ့တဲ့ လီယွန်အူးရစ်ရဲ့အရေးအသားတွေကို ချီးကျူးဖွယ်တွေ့ရမှာဖြစ်ပါတယ်။

    စဖတ်ရင် လက်ထဲကိုမချချင်တဲ့အထိ ညွှန်းလို့မရလောက်အောင်ကို ကောင်းပါတယ်။မဖြစ်စလောက်အညွှန်းသာရေးလို့ရလို့ စာအုပ်ကိုတောင်အားနာမိပါတယ်။စာအုပ်နောက်ကျောမှာ Leon Urisအကြောင်းနဲ့ သူရေးသားခဲ့တဲ့စာအုပ်တွေအကြောင်း ၁၄မျက်နှာခန့်ပါဝင်ပါသေးတယ်။ဖတ်ဖို့ လုံးဝကိုတန်တဲ့စာအုပ်လေးပါ။

    ဒီစာအုပ်ကိုဖတ်မယ်ဆိုရင် ဆရာမောင်ပေါ်ထွန်းရဲ့
    နိုင်ငံတစ်ခုပျက်သုဉ်းခြင်းဆိုတဲ့စာအုပ်ကလေးပါ ပူးတွဲဖတ်ဖို့ အကြံပေးလိုက်ပါရစေ။Leon Uris ပဲရေးသားထားပြီး မူရင်းစာအုပ်အမည်က The Hajဖြစ်ပါတယ်ရှင်။

    ဂျူးလူမျိုးတွေရဲ့ စိတ်ဓာတ်ကနေ ကျွန်မ စိတ်ခွန်အားအခါခါရတဲ့စာအုပ်ပါပဲ။

  3. Sandy Thet Su

    ဂျာမန်တွေရဲ့ စာဖတ်တဲ့အလေ့အကျင့် ဂျူးတွေဆီကရတာဆိုပြီး… စာအုပ်လက်ထဲရောက်လာတာ ၂၀၁၇ တည်းကပါ။ နိုင်ငံရေးစာအုပ်မှန်းလဲ မသိခဲ့ဘူး။ နိုင်ငံခြား၀တ္ထုတစ်ခါမှ မဖတ်ခဲ့ဘူးတော့ စာအုပ်ပေးခဲ့တဲ့သူကို အားနာတာနဲ့ဖတ်မယ် ဖတ်မယ်နဲ့ စာကြွေးတင်နေတော့ အခု ၂၀၂၂ ရောက်မှ ဖတ်ဖြစ်တယ်။

    မူရင်းစာရေးသူရဲ့ ကလောင်စွမ်းရည်ရော အတွေ့အကြုံရော ဘာသာပြန်စာရေးသူရဲ့ ကလောင်လက်ရာကြောင့် ဒီလို ဘာသာပြန်စာအုပ်ကို လက်ကမချချင်လောက်အောင် ဖတ်ဖြစ်သွားတယ်။ နိုင်ငံရေးဗဟုသုတအပြင် ပြင်မဗဟုသုတပါ အားနည်းတဲ့ ကိုယ့်လိုလူတောင် ဒီစာအုပ်ကိုဖတ်ပြီး ဂျူးလူမျိုးတွေအကြောင်း စစ်ရေး နိုင်ငံရေးအကြောင်း၊ ဂျေရုဆလင်မြို့တော်ဆိုတာ ဘာသာရေးမြို့တော်တစ်ခုလိုမျိုးရှိနေတယ်ဆိုတာတွေပါ သိခဲ့ရတယ်။

    နောက်ပြီး ဂျူးလူမျိုး ကလေးငယ်တွေကအစ စိတ်ဓာတ်ပြင်းထန်ကြဲံ့ခိုင်မှုတွေ…. တစ်ခန်းပြီးသွားတိုင်း ပြီးသွားတိုင်း ဘာဆက်ဖြစ်မလဲဆိုတဲ့ စိတ်ဝင်စားမှုအပြည့်နဲ့ ဖတ်ခဲ့ရတဲ့ စာအုပ်ကောင်းတစ်အုပ်။

  4. အမည်မသိ

    ဒီစာအုပ်ဖတ်တာ ကြက်သီတဖြန်းဖြန်းထမိတယ်
    ရုရှားပြည် ဒုတိယကမ္ဘာစစ်ပိုလန်ပြည်က ဇာတ်ကြောင်းလေးတချို့လည်း ဖတ်ရသေးတယ်
    ဂျူးတွေရဲ့စိတ်ဓါတ်ကတော့ အင်မတန်အံ့ဩဖို့ကောင်းတယ် ပြီးလေးစားဖို့လည်းကောင်းတယ်
    နိုင်ငံရေး စစ်ရေးစိတ်ဝင်စားသူတွေလည်းအကြိုက်တွေ့မှာပါ

  5. Dimmoonjar

    ဖတ်ခွင့်ရရှိခဲ့တာဟာ မဟာဆုလာဒ်တစ်ခုပါဘဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်မိုးသူ စာအုပ်များ