Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း)

( 4 မှတ်ချက်)

5500 (ကျပ်)

◽ လူတွေဟာ စိတ်ခံစားချက် အသီးသီးဆီကနေ ကိုယ်စီကိုယ်င ပိတ်မိနေကြတာပါပဲ။ တွယ်တာမှုကြောင့် ပိတ်မိတယ်၊ မျှော်လင့်ချက်ကြောင့် ပိတ်မိတယ်။ အထီးကျန်ခြင်းတွေမှာ ပိတ်မိတယ်၊ အတိတ်က Trauma တွေမှာ ပိတ်မိနေတယ်၊ ခွင့်မလွှတ်နိုင်ခြင်းနဲ့ အမုန်းတရားတွေမှာ ပိတ်မိကြတယ်။

◽ လွတ်မြောက်တယ် ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန်းထွက်နိုင်သွားတာ ၊ နာစရာတွေကို ခွင့်လွှတ်လာနိုင်တာ၊ မွန်းကြပ်မှုတွေကို ဖယ်ရှားနိုင်တာ ၊ စိတ်ဒဏ်ရာတွေကို Healing လုပ်လာနိုင်တာပဲ ဖြစ်တယ်။

◽ လွတ်မြောက်တဲ့စိတ်ဟာ ပျော်ရွှင်ရတယ် ၊ စိတ်ချမ်းသာရတယ် ။ ပိုကောင်းတဲ့ အတွေးမြင် ၊ ခံယူချက်တွေနဲ့ ဘ၀ခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်တယ်။ ဒါကြောင့် အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခုဖြစ်ဖို့အတွက် လွတ်မြောက်ခြင်း အသိကို ရှာတွေ့ဖို့လိုပါတယ်။

◽ ဒီစာအုပ်ဟာ လွတ်မြောက်ခြင်းမှတ်စုတွေ စုစည်းထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေဖြင့် စာအုပ်လေးကိုဖတ်ပြီးနောက် ပိတ်မိနေတဲ့ စိတ်ခံစားချက်ဆိုး‌ေတွကနေ လွတ်မြောက်ခွင့်ရစေဖို့ ရည်ရွယ်ပါတယ်။

စာမျက်နှာ

144

စာအုပ်အရွယ်အစား

5.2× 0.2×7.4 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

19 in stock

Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း) အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Nyi

    Good 👍

  2. Aeri Myat (verified owner)

    ဒီနေ့မှာတော့ ဆရာ Thar Htwe ရဲ့စာအုပ်အသစ်လေး ဖတ်ဖြစ်ခဲ့ပါတယ်။
    “ကိုယ်တိုင်လွတ်မြောက်ခြင်း”လို့ အမည်ပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။

    စာအုပ်ခေါင်းစဥ်လေးအတိုင်းပဲ ကိုယ်တိုင်(Self)ဆိုတဲ့ စကားလုံးတွေကို
    အဓိက Focus လုပ်ပြီး ပြောပြပေးသွားတာကိုလည်း တွေ့ရပါတယ်။

    ကျွန်မတို့တတွေ တခါတလေမှာ
    စိတ်ခံစားချက်မကောင်းဘူး၊လေးလံနေတယ်၊ စိတ်သောကဖြစ်စရာတွေ ကြုံရတယ် စသည်ဖြင့်ပေါ့နော်… ဒီလိုမျိုးကြုံရတဲ့အခါမှာ စိတ်ထွက်ပေါက်ပေးတဲ့ နည်းလမ်းတွေရယ်လို့ အများကြီးရှိကြတယ်။
    ဥပမာ… မုန့်တွေ မှာစားပစ်လိုက်တယ်၊
    လိုင်းပေါ်ကနေ လိုချင်တာတွေမှာလိုက်တယ် စသည်ဖြင့် လုပ်မိကြတယ်။

    မိမိတို့စိတ်ကလေးကို ထွက်ပေါက်ရချင်တယ်၊ လွတ်မြောက်ချင်တယ်ဆိုရင်တော့ အဖြေက ကိုယ်ကိုယ်တိုင်မှာပဲ ရှိနေပါတယ်။

    🗓🍀Self-Awareness

    ပထမဆုံးအချက်ကတော့ စိတ်မှာ
    သတိလေးရှိနေဖို့ပါပဲ။နောက်ပြီးတော့
    အတွင်းစိတ်ရဲ့ အတက်အကျကို
    balance ဖြစ်အောင် ဟန်ချက်ညီညီ
    ထိန်းထားနိုင်ဖို့ လိုပါတယ်တဲ့။

    🗓🍀Self-Acceptance

    ကျွန်မတို့တတွေ မကြာခဏစိတ်သောက ရောက်ရတယ်ဆိုတာ မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာတဲ့အပေါ်
    လက်မခံနိုင်လို့ပါပဲ။Out of control
    ဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ
    လိုက်မခံစားဖို့၊ ဖြေသိမ့်တတ်ဖို့ ဆရာက
    ပြောပြပေးထားပါတယ်။

    🗓🍀Self-Respect

    ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေပျောက်ဆုံးလာတဲ့အခါ သူတစ်ပါးရဲ့
    လွှမ်းမိုးမှုအောက် ရောက်သွားတတ်ပါတယ်။ဒါကြောင့် Boundary ကောင်းကောင်းထားပြီး နေထိုင်သွားဖို့ လိုအပ်ပါတယ်။

    🗓🍀Self-Appreciate

    ဒါကတော့ ကျွန်မကိုယ်တိုင်လည်း မကြာခဏ လုပ်ဖြစ်ပါတယ်။သူများ အသိအမှတ်ပြုတာခံရဖို့ ကြိုးစားနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုလိုက်နိုင်တဲ့ ခံစားချက်က တကယ်ကို
    ပိုလွတ်လပ်ပြီး စိတ်ချမ်းသာစေမှာပါ။

    သူတစ်ပါးကို ပျော်အောင်လုပ်ပေးဖို့ထက် အရင်ဆုံး ကိုယ်ကိုယ်တိုင် ပျော်အောင်နေဖို့က ပထမ ဦးစားပေး ဖြစ်သင့်တာလေးကို အဓိက တွေးမိစေပါတယ်။

    နောက်ပြီး မျှော်လင့်ချက်မထားဘဲ intentionမှန်မှန်ထားပြီး ကူညီဖို့၊

    လူတိုင်းက ကိုယ်ကောင်းသလို ပြန်မကောင်းနိုင်ဘူး ဆိုတာကိုလည်း remindလုပ်မိစေပါသေးတယ်။

    ကိုယ်က သူတစ်ပါးအပေါ်မှာ အများကြီးကောင်းပေးပြီး မေတ္တာထားပေးရင် ကိုယ့်ဆီကိုလည်း ကောင်းတဲ့ မေတ္တာတွေက တစ်ချိန်ချိန်မှာ ရောက်လာပါလိမ့်မယ်။

    ကိုယ့်ဘဝကို ကျေးဇူးတင်တတ်လေလေ၊ ပျော်ရွှင်ရလေလေ၊ ပြည့်စုံကြွယ်ဝလေပါပဲတဲ့ ✨️🍀🤍

    စစ်မှန်တဲ့ စိတ်လွတ်မြောက်ခြင်းအစစ်ကို ခံစားနိုင်ဖို့က ကိုယ်တိုင်ဆီမှာပဲ တာဝန်ရှိပါတယ်။

    စာအုပ်လေး ဖတ်ပြီး ပြုံးမိရတာလေးတွေလည်း ရှိသေးတယ်။

    မီးပွိုင့်မှာ စျေးရောင်းတဲ့ ကလေးလေးတွေကို ဆရာမုန့်ဖိုးပေးလိုက်တော့ ပျော်သွားတယ်ဆိုတဲ့ နေရာလေးမှာပေါ့။

    သူတစ်ပါးကို ပျော်အောင်လုပ်ပေးတာ၊
    ကူညီပေးတာလေးတွေကလည်း ကောင်းတဲ့ positive energy တစ်မျိုးပါပဲ။
    အခု စာလေးဖတ်ရင်းတောင် စိတ်အကြည်ဓါတ် ကူးမိပါသေးတယ်။

    စာအုပ်လေး ရေးသားပေးတဲ့ ဆရာသားထွေးကိုလည်း ကျေးဇူးတင်ပါတယ်🤍

    #ကိုယ်တိုင်လွတ်မြောက်ခြင်း
    #TharHtwe
    #သားထွေး
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #5Jan2024

  3. Anonymous

    100%recommend

  4. Htet Htet Tin Zar

    🍀 “Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း)” စာအုပ်လေးက ဆရာသားထွေးရဲ့ ပဉ္စမမြောက်စာအုပ် ဖြစ်ပါတယ်။ စာအုပ်ပါ အကြောင်းအရာ အများစုကတော့ စာအုပ်နာမည်လေးအတိုင်း ပိတ်မိနေတဲ့ ပူလောင်ရတဲ့ စိတ်ခံစားချက်ဆိုးတွေကနေ ကိုယ်တိုင်လွတ်မြောက်စေဖို့နဲ့ ပူလောင်ရတဲ့ အမုန်းတရားတွေ ကင်းဝေးပြီး ခွင့်လွှတ်တတ်တဲ့စိတ်လေး ထားတတ်စေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့ ဆောင်းပါးလေးတွေ ဖြစ်ပါတယ်။ စာအုပ်လေးထဲ အပုဒ်ရေ စုစုပေါင်း (၂၅) ပုဒ်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
    __________________________

    ❝စာရေးသူ အမှာစာ❞

    🍀 လူတွေဟာ စိတ်ခံစားချက် အသီးသီးဆီကနေ ကိုယ်စီကိုယ်င ပိတ်မိနေကြတာပါပဲ။ တွယ်တာမှုကြောင့် ပိတ်မိတယ်၊ မျှော်လင့်ချက်ကြောင့် ပိတ်မိတယ်၊ အထီးကျန်ခြင်းတွေမှာ ပိတ်မိတယ်၊ အတိတ်က Trauma တွေမှာ ပိတ်မိနေတယ်၊ ခွင့်မလွှတ်နိုင်ခြင်းနဲ့ အမုန်းတရားတွေမှာ ပိတ်မိကြတယ်။

    🍀 လွတ်မြောက်တယ်ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန်းထွက်နိုင်သွားတာ၊ နာစရာတွေကို ခွင့်လွှတ်လာနိုင်တာ၊ မွန်းကြပ်မှုတွေကို ဖယ်ရှားနိုင်တာ၊ စိတ်ဒဏ်ရာတွေကို Healing လုပ်လာနိုင်တာပဲ ဖြစ်တယ်။

    🍀 လွတ်မြောက်တဲ့စိတ်ဟာ ပျော်ရွှင်ရတယ်၊ စိတ်ချမ်းသာရတယ်။ ပိုကောင်းတဲ့ အတွေးအမြင်၊ ခံယူချက်တွေနဲ့ ဘဝခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်တယ်။ ဒါကြောင့် အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုဖြစ်ဖို့အတွက် လွတ်မြောက်ခြင်းအသိကို ရှာတွေ့ဖို့ လိုပါတယ်။

    🍀 ဒီစာအုပ်ဟာ လွတ်မြောက်ခြင်းမှတ်စုတွေ စုစည်းထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေဖြင့် စာအုပ်လေးကို ဖတ်ပြီးနောက် ပိတ်မိနေတဲ့ စိတ်ခံစားချက်အဆိုးတွေကနေ လွတ်မြောက်ခွင့်ရစေဖို့ မေတ္တာဖြင့် ရည်ရွယ်ပါတယ်။
    __________________________

    🍀 ခွင့်လွှတ်စိတ် 🍀

    ခွင့်မလွတ်နိုင်စရာကိစ္စ လုပ်သွားသူအပေါ် အမုန်းတရားတွေ၊ အငြိုးအတေးတွေ လွှတ်ချပြီး ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကိုယ့်အနေနဲ့ ဆက်ပူလောင်နေပြီး အဲဒီပူလောင်မှုတွေကနေ ရုန်းမထွက်နိုင်ဖြစ်ရတာမို့ သူတို့ကို ‌ခွင့်လွှတ်ပေးပြီး ကိုယ့်ဘဝလေး အေးချမ်းသွားစေဖို့ ပြောပြထားတာလေး …

    ❝ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်အတွက် ဖြစ်တယ်။ ကိုယ် စိတ်ချမ်းသာရဖို့၊ ကိုယ့်ဘဝလေး ငြိမ်သက်ဖို့ ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ အရှုံးပေးတာ မဟုတ်သလို အမှားလုပ်တဲ့ လူတိုင်းက ခွင့်လွှတ်မှုနဲ့ ထိုက်တန်လို့လည်း မဟုတ်ဘူး။ အဲဒီလူတွေကို ခွင့်လွှတ်တာဟာ အမုန်းတရားတွေရဲ့ ချည်နှောင်ခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်ပြီး ဘဝလမ်းကို အေးချမ်းစွာ ဆက်လျှောက်နိုင်ဖို့ဖြစ်တယ်။ တချို့လူတွေရဲ့ လုပ်ရပ်တွေကို သည်းခံခွင့်လွှတ်လိုက်တယ်ဆိုတာဟာ ကိုယ်က တုံးအလို့ မဟုတ်သလို သူတို့က ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ လည်း မဟုတ်ရပါဘူး။ လူလူချင်းမို့ ခွင့်လွှတ်ရတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့၊ ကိုယ့်ဘဝလေး အေးချမ်းစေဖို့၊ ထပ်ပြီး ကိုယ့်အတွက် ရှေ့ဆက်စရာတွေ ရှိသေးလို့ ခွင့်လွှတ်ရပါတယ်။ သူတို့ကိုမှ ခွင့်လွှတ်မပေးနိုင်ရင် ကိုယ်တိုင်လည်း စိတ်ချမ်းသာရမှာ မဟုတ်တာမို့ အဲ့ဒီလူတွေ ထပ်ပါမလာတော့မှ ဘဝက အဆင်ပြေမှာမို့ ခွင့်လွှတ်ပေးရတာတွေ ရှိတယ်။❞

    🍀 စိတ်ကို သိခြင်း၊ သတိရှိခြင်း 🍀

    ကိုယ့်ရဲ့ဒေါသစိတ်၊ ကြည်နူးစိတ် စသဖြင့် စိတ်ကို သိရှိနားလည်ပြီး သတိထားမိစေဖို့ …

    ❝စိတ်ကို သတိထားပါ။ အထူးသဖြင့် မသိစိတ်တွေကို သတိထားပါ ။ စိတ်အမှောင်တွေ ဖုံးလွှမ်းနေတဲ့အခါ အလင်းပေးပါ၊ ပူလောင်နေတဲ့အခါ အအေးဓာတ်ပေးပါ။ ကိုယ် ဘာဖြစ်နေသလဲ၊ ဘယ်လိုခံစားနေရသလဲဆိုတာကို သေချာသိအောင် လုပ်ပါ။ စိတ်ကြောင့်သာ မြင်ကွင်းတွေဟာ ပိုကျယ်သလို၊ ပိုပြီးလည်း ကျဉ်းမြောင်းစေတတ်တာပါ။ အားကြီးလွန်း တာမို့ ဆိုးရွားတဲ့ စိတ်ခံစားချက်တွေကို အကြာကြီး မွေးမြူမထားမိစေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ Remind လုပ်ပါ။❞

    🍀 မပြည့်ဝနိုင်သော ပုထုဇဉ်ရယ်ပါ 🍀

    လူဆိုတဲ့ သဘာဝက ကိုယ့်အမှားထက် သူများအမှားကိုပဲ မြင်တတ်တာမို့ ကိုယ့်အမှားကိုလည်း မြင်အောင်ကြည့်တတ်ဖို့ လိုအပ်ကြောင်းနဲ့ ကိုယ့်အမှားကို မြင်တတ်ပြီး ဆုံးမတတ်သူတွေဟာ အေးချမ်းပြီး အကြည်ဓာတ်ရစေကြောင်း ပြောပြထားတာလေး …

    ❝လူတွေက အတ္တကြီးရင် အမှန်ကို အမှန်အတိုင်း မမြင်နိုင်တော့ဘူး။ ကိုယ့်အမှားကို အမှားလို့ မထင်တော့ဘူး။ အဲ့ဒီစိတ်က Self – Awareness အားနည်းစေတယ်။ Self – Awareness အားနည်းရင် ကိုယ်ပဲ ခံရသူ၊ ကိုယ်ပဲ နစ်နာသူလို မြင်တတ်ပြီး ဝမ်းနည်းရတယ်၊ နာကျင်ရတယ်။ Self-Awareness အားကောင်းချင်ရင် အတ္တကိုလျော့ပါ၊ ချန်လှပ်ထားတဲ့ ကိုယ့်အပြစ်တွေကို မြင်အောင်ကြည့်ကြည့်ပါ။ အမှန်ကို အမှန်၊ အမှားကို အမှား ရှင်းရှင်းလင်း လင်း မြင်နိုင်ပြီး အရာရာဟာ အကျိုးကြောင့် အကြောင်းဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။❞

    🍀 အစွန်းမရောက်စေနဲ့ 🍀

    စေတနာ၊ မေတ္တာ၊ ချစ်ခြင်း၊ တွယ်တာခြင်းမှာလည်း အစွန်းမရောက်သင့်သလို အမုန်းတရား၊ အတ္တ၊ မာန တွေမှာလည်း အစွန်းမရောက်ဘဲ ဟန်ချက်ညီညီရှိသင့်ကြောင်း ပြောပြထားတာလေး …

    ❝မာနတွေလည်း အစွန်းမရောက်နဲ့။ မထားသင့်တဲ့ မာနက ကိုယ့်ကမ္ဘာကို ကျဉ်းမြောင်းစေတယ်။ မိသားစုချင်း မခေါ်နိုင်၊ သူငယ်ချင်းချင်း မပြောနိုင် ဟိုလူနဲ့ မတည့်၊ ဒီလူနဲ့ အဆင်မပြေဆိုတဲ့ မာနတွေက ကိုယ့်လမ်းကိုယ်ပိတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားတာနဲ့ တူတူပဲ။ ကိုယ်သွားစရာ နေရာကျဉ်းလာပြီး ပြောစရာ လူရှားစေတယ်။ ဘဝကလည်း တိုတိုလေး၊ သေခြင်းတရားကိုလည်း အစိုးမရနိုင်တဲ့ ခေတ်ကြီးမှာ ကိုယ့်မာနတွေကို ခဝါချလိုက်ပါ။❞

    🍀 ကာကွယ်မှုဟာ ချစ်ခြင်းမေတ္တာ 🍀

    ကျန်းမာရေးမှာတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်မှုက တခြားနေရာတွေမှာလည်း အရေးကြီးတယ်ဆိုတာ ပြောပြထားတာလေး …

    ❝နောက်တစ်ခုက Mental ပိုင်းကို ကြိုတင်ကာကွယ်တာ။ ကိုယ့်ကို မဖိတ်တဲ့ နေရာမသွားဘူး၊ မခင်ချင်ရင် မပေါင်းဘူး၊ မလိုဘူးထင်ရင် ဘောင်ဝင်ဖို့ မကြိုးစားဘူး။ ကိုယ့်ဘာသာကိုယ် နေတတ်အောင်နေတယ်။ ဒီတော့ အနေအထိုင် မတတ်ခြင်း၊ ဘောင်ဝင်ချင်လွန်းခြင်းက ရလာတဲ့ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ စိတ်ဓာတ်ကျတာတွေ မခံစားရတော့ဘူး။ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေ ကာကွယ်ခြင်းတစ်မျိုးပဲ။

    နောက်တစ်ခုက မဖောက်ပြန်ဘူး။ ရှေ့ရော နောက်မှာပါ စည်းထားကြတယ်၊ သံသယဖြစ်စေမဲ့ အရာတွေကနေ အတတ်နိုင်ဆုံး ရှောင်တယ်၊ ဒါဟာ အချစ်ပဲ။ စိတ်ထိခိုက်စေမဲ့စကား မပြောမိအောင် ဆင်ခြင်တယ်၊ ဝမ်းနည်းစေမဲ့ အပြုအမူတွေ မလုပ်ဘူး။ လုပ်မိပြီးမှ တောင်းပန်တာထက်၊ မလုပ်မိအောင် နေတာဟာ ချစ်ခြင်းအစစ်ပဲလေ။ မျက်ရည်ကျစေပြီးမှ သုတ်ပေးတတ်တဲ့ လက်ထက်၊ အစတည်းက ဝမ်းမနည်းရစေဖို့ဆိုတဲ့ စိတ်ထားတတ်တဲ့ အချစ်က ပိုပြီးစစ်မှန်တာတာပဲ။ အစကတည်းက ဆင်ခြင်ပြီး ဂရုစိုက်တတ်သူကို တွဲရတာက နေ့စဉ် အေးချမ်းပျော်ရွှင်ရတယ်။ အမှားလုပ်ပြီးမှ တောင်းပန်တဲ့သူနဲ့ကျ Trauma ပေါ် Trauma ဆင့်သွားတော့တာပဲ။ ချစ်လို့ ခွင့်လွှတ်တယ်၊ ထပ်ကျူးလွန်တယ်၊ တောင်းပန်လိုက်ရင် အဆင်ပြေသွားမှာပဲဆိုတဲ့ စိတ်မျိုးနဲ့ ထပ်တလဲလဲ။ ဒါကြောင့် ကိုယ့်အတွက်ဆို အဘက်ဘက်က ကြိုတင်ကာကွယ်ပေးတဲ့သူ၊ အမြဲ အလေးထားတွေးတတ်သူနဲ့သာ မေတ္တာမျှပါ။❞

    🍀 Self-Acceptance 🍀

    ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျတိုင်းမှာ Self- Acceptance ဆိုတဲ့ မိမိကိုယ်ကို လက်ခံခြင်း ရှိဖို့လိုပြီး ဖြစ်သမျှ အဆိုးအကောင်း၊ အကြောင်းအကျိုး အားလုံးကိုလည်း ကျေနပ်ပြီး အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ဖို့ လိုကြောင်း ပြောပြထားတာလေး …

    ❝နေ့စဉ်ရက်ဆက် လွဲချော်မှုတွေက အမြဲကြုံနေရမှာပဲ။ ကိုယ်ဖြစ်ချင်တာ မဖြစ်လာဘူး၊ မဖြစ်ချင်တာတွေ ဖြစ်နေရတယ်ဆိုတာက ဘဝပဲ မဟုတ် လား။ ချိန်းထားသူက မလာနိုင်ဘူး၊ ထီးမပါတဲ့နေ့မှ မိုးရွာတယ်၊ သေချာစီစဉ်ထားတဲ့ ခရီးစဉ်က နီးမှ ပျက်ရတယ်၊ အင်တာဗျူးကျတယ်၊ အလုပ်ပြုတ်တယ်၊ ချစ်ရသူ ဆုံးရှုံးရတယ်၊ မိတ်ဆွေဖြစ်သူက သစ္စာဖောက်တယ်၊ ဘယ်အရာမှ အစိုးမရဘူး။ ကိုယ်မဖြစ်ချင်လည်း သူ့ဘာသာသူ ဖြစ်နေတဲ့ အရာတွေက ရှိပြီးသား။ ဒါကို လက်မခံနိုင်ဘဲ ဘာလို့ ငါ့ကျမှလဲ၊ ငါချည်း ကံဆိုးနေတာပဲဆိုတဲ့ Victim စိတ် ထားမဲ့အစား ဖြစ်လာသမျှ အရာရာကို လက်ခံလိုက်ပါ။ ဒါဟာ စိတ်ထိခိုက်ဝမ်းနည်းခြင်းတွေကနေ လွတ်မြောက်ခွင့် ပေးလိမ့်မယ်။❞

    🍀 ကိုယ့်ကိုယ်ကိုယ်ချစ်၊ ကိုယ့်တန်ဖိုး ကိုယ်သိ 🍀

    ကိုယ့်ကိုယ်ကိုယ်ချစ်၊ ကိုယ့်တန်ဖိုး ကိုယ်သိနဲ့ အဲဒီလိုလူတွေ ရလာမယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြထားတာလေး …

    ❝ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အဖိုးတန်မှန်းသိတဲ့သူဟာ မနာကျင်ရဘူး။ သူတို့ရဲ့ စိတ်သဘောထားဟာဟာ အမြဲတန်ဖိုးရှိနေတာဖြစ်တဲ့အတွက် ဘယ်သူ့ဆီမှာမဆို လှပနေမယ်ဆိုတာ သူတို့ကိုယ်တိုင်သိတာကြောင့် ပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေပြီး တန်ဖိုးရှိတဲ့အလုပ်ကို လုပ်ပါ။ ကိုယ်ဟာ လေးစားခံထိုက်တယ်၊ ထူးခြားတယ်၊ အချစ်ခံရဖို့ ထိုက်တန်တယ်၊ အဖိုးတန်တယ်ဆိုတာ အမြဲသိနေပါ။

    အဲ့လိုသိတဲ့သူဟာ အခြားသူရဲ့စော်ကားပြောဆိုမှုတွေ၊ အလေးမထားမှုတွေကို ငြိမ်ခံမနေဘူး။ ကိုယ့်အတွက် မဟုတ်တဲ့နေရာမှာလည်း မနေဘူး၊ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်တန်ဖိုးဟာ ကိုယ့်ကိုမနာကျင်စေမဲ့ မာနမျိုး အမြဲပေးနေလိမ့်မယ်။❞

    🍀 အမှိုက်တွေကို ရှင်းပစ်လိုက်ပါ 🍀

    ကိုယ့်ဘေးနား မရှိသင့်တဲ့ ဘာကောင်းကျိုးမှ မပေးတဲ့ ဆက်ဆံရေးတွေ၊ ကိုယ့်ဘက်ချည်း ကြည့်တတ်သူတွေ၊ လိုသုံးလုပ်သူတွေ၊ အသိအမှတ်ပြုခြင်း မခံရတာတွေ စတဲ့ အမှိုက်တွေကို ဖျောက်ပစ်လိုက်ဖို့ ပြောပြထားတာလေး …

    ❝ကိုယ့်အပေါ် ထပ်တလဲလဲ လှည့်စားနေသူတွေအပေါ်လည်း ဘာကြောင့်များ ငါ့အပေါ်ဆို လုပ်ရက်ကြသလဲလို့ မတွေးတော့ဘဲ ငါက ဘာလို့များ ခုလောက်ထိ လုပ်ခွင့်ပေးနေမိသလဲဆိုပြီး ပြောင်းပြီးတွေးကြည့်လိုက်။ လွယ်လွယ်ခွင့်လွှတ်နေရင် ဘဝမှာက ခွင့်လွှတ်ပေးရမဲ့အရာတွေချည်း ကြုံရတတ် တယ်။ အမြဲသည်းခံပေးနေရင် လောကကြီးက ပစ်ပစ်ခါခါ လုပ်ရက်ကြလိမ့်မယ်လို့ပဲ ခံယူတတ်လာလိမ့်မယ်။ အဲဒီခံယူချက်ဟာ ထပ်တလဲလဲ စိတ်ပင်ပန်းရတဲ့အရာတွေက တစ်ခါတည်းနဲ့ ပြီးသွားစေလိမ့်မယ်။❞

    🍀 ရှင်သန်ခြင်းကို လက်မလျော့ရ 🍀

    ဘယ်လိုအကြောင်းမျိုးတွေကြောင့်ဖြစ်ပါစေ ရှင်သန်ခြင်းကို လက်လျှော့အရှုံးမပေးလိုက်ဖို့ ပြောပြထားတာလေး …

    ❝အမြဲသိထားဖို့တစ်ခုက ကျွန်တော်တို့ တွေးခဲ့ဖူးတဲ့ သေသွားရင် ကောင်းမယ်၊ သေဆုံးခြင်းဟာ လွတ်မြောက်ခြင်းပဲဆိုတာဟာ မဟုတ်ဘူး။ တကယ်တော့ သေချင်တာမဟုတ်ဘူး၊ မနေချင်ကြရုံပဲ၊ စိတ်ပူပင်စရာတွေများတဲ့ လောကကြီးထဲ မနေချင်ရုံပဲ။ တကယ်သေချင်တာ လုံးဝမဟုတ်ဘူး။

    တကယ်တော့ ရှင်သန်တယ်ဆိုတာဟာ နေထိုင်ခြင်းဆိုတာထက် ကိုယ်တိုင်ဖန်တီးရခြင်းပါ။ နာကျင်ခြင်းတွေကို မဖန်တီးမိအောင် နေပါ၊ ပျော်စရာတွေ များများဖန်တီးပါ။ ကိုယ့်ရှင်သန်ခြင်းကို နေထိုင်ချင်စရာ ကမ္ဘာလေးဖြစ်အောင် ကြိုးစားပါ။❞

    🍀 ဆု 🍀

    ကိုယ်ကြိုးစားလုပ်ဆောင်ခဲ့လို့ အောင်မြင်လာတဲ့ အရာလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခြင်းအားဖြင့် ဆုချဖို့ ပြောပြထားတာလေး …

    ❝ဆုချတယ်ဆိုတာ Motivation တစ်ခုပဲ။ ကိုယ် ကြိုးစားလို့၊ ကိုယ်နဲ့ ထိုက်တန်လို့ ရတာဖြစ်တယ်။ လိုချင်တာကို စိတ်အလိုလိုက်ပြီး ဝယ်တာမျိုး မဟုတ်ဘဲ အလုပ်ပြီးလို့ တစ်ခုခုမှာ အောင်မြင်လို့ မှတ်မှတ်ရရ ဝယ်တာမျိုးက ပိုပြီးအနှစ်သာရရှိတယ်။ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့ အကျင့်လေးရှိသင့်တယ်။ ကျွန်တော်တို့ဟာ အသိအမှတ်ပြုခြင်းခံရရင် ပျော်ရွှင်ကြတယ်။ ဒါပေမဲ့ လူတွေက အခြားသူဆီက အသိအမှတ်ပြုခြင်းခံရဖို့ပဲ မျှော်လင့်နေတတ်ကြပြီး ကိုယ့်အတွက်ကိုယ် အသိအမှတ်ပြုဖို့ မေ့လျော့နေကြတယ်။❞

    🍀 အထီးကျန်စိတ် 🍀

    ကိုယ်ပိုင်ဆိုင်ထားတဲ့အရာ၊ ကိုယ်လုပ်နေကျအလုပ်၊ ကိုယ့်ဘေးကလူ စသဖြင့် တစ်ခုခုကို ဆုံးရှုံးရတဲ့အခါ အသားကျနေတဲ့ ပုံစံခွက်ထဲကနေ ထွက်ရတဲ့အခါ ခံစားကြရတဲ့ အထီးကျန်စိတ်ကို handle လုပ်နိုင်မယ့် နည်းလမ်းလေးတွေ …

    ❝တကယ်တော့ ဘဝရဲ့အရှိတရားက သုညမျှသာဖြစ်ပါတယ်။ မွေးလာတည်းက အဝတ်ဗလာနဲ့ တစ်ယောက်တည်း လာရတယ်၊ သေတော့လည်း တစ်ယောက်တည်း သွားရပြန်တယ်။ ရှင်သန်နေတုန်းမှာ ကိုယ်ပိုင်ဆိုင်ရတဲ့အရာတွေ၊ ကိုယ်မြတ်နိုးရ သူတွေဟာ လောကဓံရဲ့အငှားပစ္စည်းတွေပါပဲ။ ဘယ်လိုကံကြမ္မာအလှည့် အပြောင်းမှာမဆို ရှိတာတွေ ဆုံးရှုံးရနိုင်တယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲရနိုင် တယ်။ ဘာတစ်ခုမှ ကိုယ်မပိုင်ဘူး။ ဒါကို သေချာသိပြီး စိတ်ထားတတ်ဖို့ သိပ်အရေးကြီးပါတယ်။ အခုလုပ်နေတဲ့ အလုပ်ကနေ အချိန်မရွေး ရပ်တန့်ရနိုင်တယ်၊ ကိုယ့်ဘေးကလူတွေလည်း ထွက်သွားနိုင်တယ်၊ ပိုင်သမျှလည်း ဆုံရှုံးရနိုင်တယ်။ ဘာတစ်ခုမှ အစိုးမရတဲ့ လူ့ဘဝပါပဲ။ ဒီအရာတွေ မရှိတော့တိုင်း အထီးကျန်မယ်ဆို ဘဝက နာကျင်လို့တောင် အဆုံးသတ်မှာ မဟုတ်ဘူး။

    တစ်ခုခုအပေါ် စိတ်နှစ်ထားတဲ့အခါ၊ အစွဲအလန်းကြီးတဲ့အခါ အဲ့ဒီအရာမရှိတော့ရင် ဘဝက ဗလာဖြစ်သွားတတ်တယ်။ မမြဲတဲ့ လောကကြီးမှာ ဘယ်အရာကိုမှ အစွဲအလန်းမထားတာက အကောင်းဆုံးရယ်ပါ။ ငါ့ရဲ့မူရင်း အရှိတရားဟာ သုညပဲဆိုတာကို နားလည်သဘောပေါက်ရင်း ကံကြမ္မာအတက်အကျတိုင်းမှာ စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။❞

    🍀 Can Vs Can’t 🍀

    ဘဝမှာ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာနဲ့ ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အရာ နှစ်မျိုးအကြောင်း …

    ❝ကိုယ်ထိန်းချုပ်ရနိုင်တဲ့ အရာတွေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပါ။ ထိန်းချုပ်လို့ မရနိုင်တာတွေကိုတော့ စွန့်လွှတ်သင့် စွန့်လွှတ်ရင်း စိတ်လျော့သင့် လျော့ပြီး နေထိုင်ရမယ်။ ဒါမှသာ ကိုယ့်ရှင်သန်မှုက သက်သောင့်သက်သာ ဖြစ်စေပြီး အကုသိုလ်တွေ ကင်းနိုင်မှာဖြစ်တယ်။ ကိုယ့်ဘဝနဲ့ အတွင်းစိတ်ကို Balance ဖြစ်အောင် ချိန်ညှိရင်း အေးချမ်းစွာ နေထိုင်ပါ။ ပျော်ရွှင်ပါ။❞

    🍀 ရှင်သန်ခြင်းတန်ဖိုး 🍀

    ကိုယ်မရှိတော့တဲ့အခါ ကိုယ့်ရဲ့ကောင်းခြင်းတွေကို မပြောကြရင်တောင် ဆိုးတာတွေ ပြန်မပြောကြရအောင် နေထိုင်ပြီး ကိုယ့်ကြောင့် ဘယ်သူက ဘယ်လိုနာကျင်ခဲ့တယ်ဆိုတဲ့ စကားမျိုး မပြောကြတာဟာ ရှင်သန်ခြင်းတန်ဖိုးဖြစ်ကြောင်း …

    ❝လူတစ်ယောက် မရှိတော့တဲ့အခါ သူနဲ့ပတ်သက်ဖူးတဲ့ လူတွေရဲ့ ရင်ဘတ်ထဲမှာ ကျန်ခဲ့တဲ့ အမှတ်တရကောင်းတွေဟာ အဲဒီလူရဲ့တန်ဖိုးပဲတဲ့။ လူတွေဟာ တစ်နေ့ သေဆုံးကြပေမဲ့ သူတို့ရဲ့တန်ဖိုးနဲ့ ကြင်နာမှုတွေကတော့ အခြားသူတွေရဲ့နှလုံးသားမှာ အမြဲရှင်သန်နေကြလိမ့်မယ်။

    ကိုယ်မရှိတော့ပေမဲ့ ကိုယ့်တန်ဖိုးနဲ့ ကြင်နာမှုတွေကိုတော့ အခြားသူ ရင်ထဲ အပြည့်ထည့်ပေးခဲ့ပါ။ ဒါဆို ရှင်သန်ရခြင်းရဲ့ကာလတိုမှာ လူပီသခဲ့တာပဲ။❞

    🍀 အပြစ်အနာအဆာအပေါ် မြင်ကွင်းကျယ်တဲ့ စိတ် 🍀

    လူတွေက ကောင်းတာတွေထက် မကောင်းတဲ့အရာတွေကို မြင်ကွင်းကျယ်နဲ့ ကြည့်တတ်တဲ့စိတ် ရှိကြောင်း၊ အဆိုးထက် ကောင်းတာတွေကို ပိုပြီး ရွေးမြင်သင့်ကြောင်း ပြောပြထားတာလေး …

    ❝တစ်ခုခုဆို အပြစ်တင်စောတဲ့စိတ်ဟာ လူကို အမြဲပူလောင်စေမှာပဲ။ တချို့လူတွေက လုံးဝ စိတ်မထားတတ်ဘူး၊ ဖြစ်လာပြီးတဲ့ ပြဿနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ မတွေးတတ်ဘူး၊ ဘယ်လိုအပြစ်တင်ရမလဲ ညည်းညူရမလဲဘဲ အရင်လုပ်ကြတာ။ ဒီလူတွေက ဘဝတစ်လျှောက်လုံး စိတ်ချမ်းချမ်းသာသာ မနေကြရဘူး။ ဘဝမှာ စိတ်ချမ်းသာချင်ရင် အကောင်းထဲက အဆိုးကို ရွေးကြည့်တတ်တဲ့ အကောင်းမြင်စိတ်ရှိဖို့လိုတယ်။ အကောင်းမြင်စိတ်ဆိုတာ ရွေးချယ်ခြင်းပဲ။ မြင်တာချင်းအတူတူ၊ ကြားတာချင်းအတူတူကိုမှ အကောင်းဘက်က တွေးခေါ်ပြီး ကြည့်တတ်တယ်ဆိုရင် ကိုယ့်အတွက် အကျိုးသက်ရောက်မှုက ကောင်းတဲ့အရာဖြစ်လာမှာပဲ။

    စိတ်ရဲ့လွတ်မြောက်ခြင်းတွေ ရရှိဖို့အတွက်ဆိုရင် အပြစ်အနာအဆာတွေကို မြင်ကွင်းကျယ်တ ယ်တတ်တဲ့ အကျင့်လေးလည်း ပြင်ဖို့လိုပါတယ်။❞

    🍀 ပေါ့ပေါ့ပါးပါး 🍀

    နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင် ကြုံရတဲ့ အခြေအနေ၊ ကြားရတဲ့စကားတွေကို ရင်ထဲထည့်ပြီး ခံစားမနေဘဲ ပေါ့ပေါ့ပါးပါး သဘောထားလိုက်ဖို့ လိုကြောင်း ပြောပြထားတာလေး …

    ❝ကိုယ်မျှော်လင့်ထားတဲ့ အရာတွေ၊ ဖြစ်ချင်တာတွေနဲ့ ကြိုးစားထားတာတွေက ထပ်တူမကျနိုင်ဘူး။ မေတ္တာပေးတိုင်းလည်း မေတ္တာက ပြန်ရချင်မှ ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မပျက်ဘဲ သန်မာနေဖို့ လိုပါတယ်။ ကြုံတွေရတဲ့ ဆုံးရှုံးမှုတွေကိုလည်း ပေါ့ပေါ့ပါးပါး လက်ခံပြီး ထပ်ကြိုးစားပေးပါ။ အဲ့လို လက်ခံနိုင်တာက ရှေ့ဆက်ဖို့အတွက် အခွင့်အရေးတစ်ခုပါပဲ။

    နေ့စဉ် ကြုံတွေ့နေရတဲ့ အရာတွေထဲမှ အချို့သော အဖြစ်အပျက်၊ အခြေအနေနဲ့ ကြားသိရတဲ့အကြောင်းအရာ၊ စကားလုံးတွေဟာ အလေး အနက်ထားပြီး ခံစားနေလို့မရဘူး။ ပေါ့ပါ့ပါးပါး သဘောထားပြီး ကျော်သင့်တာကို မြန်မြန်သာ ကျော်ချသွားလိုက်ပါ။ ဘဝမှာ အေးချမ်းစွာ နေနိုင်ဖို့အတွက် ပေါ့ပေါ့ပါးပါး တွေးခေါ်တတ်တဲ့အကျင့်လေးက သိပ်အရေးကြီးပါတယ်။❞

    🍀 Controlling Behaviour နဲ့ ဆက်ဆံရေး 🍀

    Controlling Behaviour အကြောင်းနဲ့ အဲဒီလို အမူအကျင့်ရှိသူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ခံစားရလေ့ရှိတဲ့ ဖြစ်ရပ်တွေအကြောင်း …

    ❝အဘက်ဘက်ကနေ Control လုပ်ခံရတာတွေ များလာရင် အကျင့်ပါသွားပြီး ဒါက ကိုယ့်ဘဝမှာ မထူးဆန်းတဲ့ ဖြစ်ရိုးဖြစ်စဉ်လိုမျိုး ထင်သွားတတ် တယ်။ Controlling Behaviour ရှိတဲ့ အိမ်ထောင်ဖက်၊ ချစ်သူ၊ သူငယ်ချင်းတွေကို လက်တွဲမဖြုတ်ဘဲ ထားရင် ကိုယ့်ဘဝတစ်လျှောက်လုံးဟာ ကိုယ့်ခံစားချက်အတိုင်း မနေရ၊ မလုပ်ရနဲ့ အလိုမပြည့်တဲ့ဘဝ ဖြစ်သွားတတ်တယ်။ အမြဲ ထိန်းချုပ်ခံနေရရင် ကိုယ့်စိတ်ကို သိမြင်ခံစားနိုင်မှုတွေ အားနည်းလာတယ်၊ သိမ်ငယ်စိတ်တွေ ဝင်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံး သွားတတ်တယ်။❞

    🍀 စိတ်ဓာတ်ကျတဲ့အခါ 🍀

    စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်တန်ဖိုးကို သိမြင်ပြီး ကိုယ့်တန်ဖိုးတွေက ကျနေတဲ့စိတ်ဓာတ်တွေကို အမြင့်ဆုံးအထိ ဆွဲတင်ပေးတယ်ဆိုတာ လမ်းညွှန်ပြောပြထားတာလေး …

    ❝လူတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတာမျိုးက မဖြစ်သင့်ဘူး၊ ကိုယ့်ကိုလိုအပ်တဲ့သူတွေအတွက် ဆက်လက်ရပ်တည်နိုင်မှာ ပဲ ဖြစ်တယ်။ ကိုယ့်တန်ဖိုးကို တကယ်လိုအပ်နေသူတွေအတွက် တန်ဖိုးရှိရှိ ရှင်သန်ရမှာ။ ကိုယ့်ကိုမလိုတဲ့သူအတွက် နာကျင်ရမှာမဟုတ်ဘူး။ ဘယ်သူ့ဆီက ငြင်းပယ်ခြင်းကို ခံရရ ကိုယ့်မိဘအတွက်တော့ ကိုယ်ဟာ အမြဲတမ်း အဖိုးတန်လေးဖြစ်နေဦးမှာပဲ မဟုတ်လား။❞

    🍀 လုပ်ငန်းခွင်က ပြဿနာ 🍀

    လုပ်ငန်းခွင်မှာ ကြုံရတဲ့ ပြဿနာတွေ၊ ပင်ပန်းတာတွေက အလုပ်က ရတဲ့ Stress တွေ၊ Pressure တွေကြောင့် မဟုတ်ဘဲ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ Personal ကိစ္စတွေကို ဦးစားပေးနေသူတွေ၊ လုပ်ငန်းခွင်မှာ တစ်ဦးကိုတစ်ဦး ဂျေဝင်တဲ့ကိစ္စတွေ၊ ပေါင်းရသင်းရခက်တဲ့ လူတွေ၊ အမြဲအလိုမကျဖြစ်နေတတ်တဲ့ ဖိနှိပ်လွန်းတဲ့ အထက်လူကြီးတွေကြောင့်ဆိုရင် လုပ်သင့်တဲ့ အချက်တွေအကြောင်း …

    ❝တစ်ခါတလေမှာ အရမ်းတွေးပူနေတာမျိုး၊ စိတ်လေးနေတာမျိုးဆိုရင် စိတ်က ပိုအနေခက်စေတာမို့ အေးအေးဆေးဆေးပဲ သည်းခံကြည့် လိုက်ပါ။ ဒီလိုသည်းခံလိုက်ရင် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ခက်တယ်ထင်ရပေမဲ့ အဆင်ပြေသွားတာမျိုးလဲ ရှိတယ်။ ဆက်ဆံရခက်တယ်ဆိုတဲ့ လူတွေကိုလည်း အသိစိတ်လေးကပ်ပြီး ဆက်ဆံကြည့်ရင် သည်းခံနိုင်သွားတာမျိုးတွေလည်း ရှိပါတယ်။

    နောက်တစ်ခုကတော့ လုပ်ငန်းခွင့်ရောက်တဲ့အခါ ဒီအလုပ်မှာ ပျော်ရွှင်ဖို့၊ တိုးတက်ဖို့က ကိုယ့်စိတ်ကို အရင်ပြင်ဖို့ လိုပါတယ်။ မနာလိုတာတွေ၊ ကလေးဆန်တာတွေ မလုပ်မိဖို့ သတိထားရမယ်၊ အိမ်က ပြဿနာတွေကို လုပ်ငန်းခွင်ဆီ ယူမလာဘဲ Personal နှင့် Professional ကို အကန့်ခွဲထားပါ။ ကိုယ့်အလုပ်မှာ အကြည်ဓာတ်ရပြီး အကောင်းမြင်စိတ်ရှိသူတွေနဲ့သာ အတူလုပ်ခွင့်ရရင် နေ့တိုင်းဟာ ပေါ့ပါးနေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်တိုင်လည်း အကောင်းမြင်စိတ်ရှိတဲ့သူဖြစ်အောင် နေထိုင်ပါ။❞

    🍀 Uncomfortable 🍀

    ဘယ်လေယက်အထိ မြတ်နိုးပြီး လိုချင်ပါစေ၊ ဘယ်လောက်လှနေပါစေ ကိုယ့်ကို နာကျင်စေတယ်၊ ထိခိုက်စေတယ်ဆိုရင် စွန့်ပစ်တတ်ဖို့ ပြောပြထားတာလေး …

    ❝ကိုယ့်အတွက် Comfortable ဖြစ်တဲ့ ဆက်ဆံရေးတွေမှာသာ ပျော်နေပါ။ ဘဝက တိုတိုလေး၊ လူမှန် နေရာမှန်နဲ့သာ အေးအေးချမ်းချမ်းနေ၊ လွတ် လွတ်လပ်လပ်သာ နေ။ လက်လှမ်းမမီနိုင်တာတွေကို လက်တွေ့ဘဝထဲ အတင်းဆွဲမခေါ် ခြင်းဖြင့် ကိုယ့်စိတ်ရဲ့ လွတ်မြောက်မှုကို ပြန်ရှာပါ။ တချို့က အိပ်မက်ထဲမှာပဲ လှတတ်တာ၊ လက်တွေ့ဘဝမှာ ကိုယ် မတတ်နိုင်တာတွေ။❞

    🍀 အစိုးမရတဲ့ လူ့သက်တမ်း 🍀

    သေသွားတဲ့အခါ နောင်တမရဖို့အတွက် အသက်ရှင်နေတုန်းမှာ ကိုယ်လုပ်ချင်တာတွေ လုပ်သွားဖို့၊ ကောင်းသော အမှတ်တရတွေ ချန်ခဲ့ဖို့ ပြောပြထားတာလေး …

    ❝အဆင်သင့်မဖြစ်ဘဲ သေဆုံးရတာက ကြောက်စရာပါပဲ။ ကိုယ် အစိုးမရတဲ့ လူ့သက်တမ်းကို အလဟာသ မကုန်ဆုံးပစ်ပါနဲ့။ ကောင်းသော အမှတ်တရတွေသာ ချန်ခဲ့ပါ၊ ပျော်စရာရှိတာ ပျော်သွားပါ။ ဘဝက တိုပါတယ် နာကျင်ဖို့ မလိုတဲ့အရာတွေကို မခံစားပါနဲ့၊ မထားသင့်တဲ့ မာနတွေ မထားပါနဲ့။ ဘဝကို တန်အောင်နေထိုင်ပါ။

    နောက်ပိုင်းမှာ ကျွန်တော့်ကိုယ် ကျွန်တော် အမြဲပြန်ပြန်မေးနေရတဲ့ Remainder တစ်ခုဟာ “မနက်ဖြန်ဆိုတာ ငါ့အတွက်မရှိတော့ရင် ကိုယ် လူဖြစ်ရတာ တန်ခဲ့တယ်ထင်လား၊ နောင်တကင်းရဲ့လား”တဲ့။ သင့်ကိုယ်သင်လည်း ဒါလေးကို ပြန်မေးကြည့်ကြည့်ပါ။❞

    🍀 ပျော်ရွှင်တတ်တဲ့ စိတ် 🍀

    ပျော်ရွှင်မှုဟာ ကိုယ့်ခံယူချက်နဲ့ပဲဆိုင်ပြီး ပျော်ရွှင်နိုင်ဖို့ဆိုရင် ကိုယ့်ဘဝကို ကျေနပ်စွာ နေထိုင်ပြီး ကြည်နူးစရာ ကိစ္စသေးသေးလေးတွေကအစ လက်သင့်ခံနိုင်တဲ့စိတ်ကို မွေးမြူဖို့လိုကြောင်း ပြောပြထားတာလေး …

    ❝ဘဝမှာ ပျော်စရာဆိုတာ ကိုယ်နေတတ်ရင် နေတတ်သလောက် ရှာတွေ့နိုင်ပြီး စိတ်ညစ်စရာတွေကလည်း ကိုယ်ခံစားရင် ခံစားသလို ရတတ်တာပဲ။ ဒါပေမဲ့ ပျော်ရွှင်ခြင်းရဲ့သက်တမ်းကတော့ ကာလအရမ်းတိုတယ်။ ဟာသတစ်ခုကို နှစ်ခါပြန်ပြီး မရယ်ကြသလိုပေါ့။ စိတ်ညစ်စရာကတော့ ကိုယ် ပြန်တွေးတိုင်း အသစ်ဖြစ်ပြီး ထပ်တလဲလဲ ခံစားလို့ရတယ်။ ဒါကြောင့် ပျော်စရာတွေကို အခိုက်အတန့်သေးသေးလေးတွေမှာကအစ ရနိုင်သလောက်ကို များများ ဖန်တီးရယူတတ်ဖို့ လိုတယ်။❞

    🍀 Managing Anger 🍀

    ဒေါသဖြစ်တဲ့အခါ အော်ဟစ်ဆူဆဲဖို့ မလုပ်ဘဲ ဖြေလျှော့ဖို့ ကြိုးစားသင့်ကြောင်းနဲ့ ဒေါသကို ထိန်းနိုင်တာဟာ တန်ဖိုးရှိတဲ့ အရည်အချင်းတစ်ခုဖြစ်ကြောင်း ပြောပြထားတာလေး …

    ❝လူဆိုတာက အနည်းနဲ့အများတော့ ဒေါသဖြစ်တတ်တာပဲ။ စိတ်တိုစရာတွေလည်း နေ့စဉ်နဲ့အမျှ ကြုံရမှာပဲ။ ဒီအရာတွေ ကြုံတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာက အရည်အချင်းတစ်ခုပဲပေါ့။ ကိုယ်တိုင်လည်း တွေးကြည့်ပါ။ ဒေါသထွက်ပြီး အော်ဟစ်ဆဲဆိုလိုက်လို့ စိတ်ပြေသွားတယ်ဆိုတာ ရှိဖူးရဲ့လား။ ဖြေလျော့လိုက်ရင် ကိုယ်ဒေါသကြောင့် လုပ်မိတဲ့ ဘယ်အရာတွေကို ကာကွယ်နိုင်ခဲ့မလဲဆိုတာတွေ သုံးသပ်ကြည့်ပါ။ ဘယ်လောက်ပဲ ဒေါသဖြစ်ရတဲ့ ကိစ္စမဆို နောက်တစ်ပတ်၊ တစ်လ၊ အချိန်တစ်ခုလောက်ဆို ပြန်တွေးကြည့်တဲ့အခါ အဲ့လောက်လည်း ဒေါသဖြစ်စရာဘူးဆို သိလာရတယ်။ ဒေါသကြောင့် ဖြစ်တဲ့အမှားတွေ ဆုံးရှုံးမှုတွေကသာ တကယ်ဝမ်းနည်းစရာ ကောင်းပါတယ်။❞

    🍀 ချမ်းသာသော စိတ်၊ နောင်တကင်းတဲ့ ဘဝ 🍀

    ဘဝမှာ စိတ်ချမ်းသာချင်ပြီး နောင်တ မရချင်ရင် ဘယ်သူ့ကိုမှ မမုန်းဘဲနေဖို့နဲ့ ဘာအကြောင်းနဲ့မှ ကိုယ့်ဘဝကို မရပ်တန့်လိုက်ဖို့ ဘယ်အရာကိုမှ အတွေးမလွန်ဖို့ ပြောပြထားတာလေး …

    ❝တစ်ခါတလေမှာ ဘာ မဟုတ်တာလေးနဲ့ သံသယတွေများပြီး အတွေးလွန်ပြီး စိုးရိမ်နေတာတွေလည်း ဖြစ်တတ်တယ်။ အတွေးလွန်လွန်၊ မလွန်လွန် ဖြစ်မဲ့ကိစ္စက ဖြစ်တာပဲ။ ဖောက်ပြန်ချင်သူကလည်း ဖောက်ပြန်မှာပဲ။ အနည်းဆုံးတော့ အတွေးမလွန်တဲ့သူက စိတ်သက်သာရာရသေးတာပေါ့။

    အဲဒီအရာတွေကို ဘဝမှာ အတတ်နိုင်ဆုံး ရှောင်ပါ။ ဒါဆို ရှင်သန်ခြင်းက မပင်ပန်းတော့ဘူး၊ စိတ်ချမ်းသာပြီး နောင်တကင်းလိမ့်မယ်။❞

    🍀 Emotional Insecurities 🍀

    စိတ်မလုံခြုံမှုတွေဟာ ဘာကြောင့် ခံစားရတယ်ဆိုတာကို ပြောပြထားတာလေးပါ။

    ❝တချို့ Insecurities ဟာ ငယ်ငယ်တည်းက မိဘတွေကြောင့် ရလာတတ်တာမျိုးရှိသလို၊ အသက်ကြီးမှ ဘေးပတ်ဝန်းကျင်က လူတွေကြောင့် ဖြစ်ရတာတွေလည်း ရှိပါတယ်။ မိဘဆီက ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရတဲ့အခါ အခြားလူတွေထက် ပိုအချစ်ခံချင်စိတ် သာလွန်ချင်စိတ်နဲ့ လောဘကြီးတတ်တယ်၊ မိဘက အခြားကလေးတွေနဲ့ ယှဉ်ပြောတာမျိုး လုပ်တဲ့အခါ မနာလိုစိတ်၊ အငုံ့စိတ်တွေ ဖြစ်စေတယ်၊ ကိုယ့်ကို အသိအမှတ်ပြုခြင်းမရှိတဲ့ အသိုင်းအဝိုင်း၊ ကိုယ့်ခံစားချက်ကို ဦးစားမပေးတဲ့ လူတွေနဲ့ ကြီးပြင်းခဲ့ရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်မလုံခြုံမှုတွေဟာ မှန်ကန်မှုမရှိတဲ့ ပျိုးထောင်ခံရမှုတွေကြောင့် ဖြစ်စေတတ်ပါတယ်။❞

    🍀🍀🍀🍀🍀

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Thar Htwe စာအုပ်များ