အမှောင်နဲ့မလွတ်တဲ့ကြယ်တွေ
3000 (ကျပ်)
◾️ ဂျပန်ခေတ်က ချွေးတပ်စွဲပြီး ထိုင်း-မြန်မာ မီးရထားလမ်းဖောက်လုပ်စဉ်က အဖြစ်အပျက်တွေကို ဆရာလင်းယုန်သစ်လွင် မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် သေမင်းတမန် မီးရထားလမ်းအကြောင်း လူတွေ သိခဲ့ရသလို ဒီစာအုပ်လေးမှာလည်း န၀တခေတ် ပခုက္ကူ – ကလေး မီးရထားလမ်းဖောက်လုပ်စဉ်က ပျက်စီးကြွေလွင့်ခဲ့ရတဲ့ ဘ၀တွေအကြောင်း မြင်တွေ့နိုင်ပါတယ် ..
◾️ ဒီရထားလမ်းဖောက်လုပ်စဉ်က အဖြစ်အပျက်တွေကို စာရေးသူကိုယ်တိုင် သိမှီခဲ့တာဖြစ်ပြီး ညညဆို လူကြီးတွေ ဝိုင်းဖွဲ့ပြီး ပြောပြောပြ နေတဲ့ ရထားလမ်းက ဒုက္ခတွေအကြောင်းဟာ စာရေးသူရဲ့ စိတ်နှလုံးထဲ စွဲနစ်နေခဲ့တယ် ..
◾️ ဒီစာအုပ်ထဲမှာ ရထားလမ်းဖောက်လုပ်စဉ်က ကြီးကြပ်တဲ့ စစ်သားအချို့ရဲ့ ရင့်သီးတဲ့အပြောအဆို ၊ စော်ကားနဲ့အပြုအမှု ၊ နိုင့်ထက်စီးနင်း ဆူဆဲမှုတွေကို ရိုးသားတဲ့ တောသူတောင်သားတွေ ခံကြရတဲ့ မြင်ကွင်းတွေအပြင် အဆိုးဆုံးကတော့ မိန်းမပျိုလေးတွေ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရပြီး ဘ၀ပျက်သွားတဲ့ အဖြစ်အပျက်တွေရှိကြောင်း မြင်တွေ့ရလိမ့်မယ် ..
◾️ ရထားလမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက် ရွာတွေက တစ်အိမ်တစ်ယောက် မဖြစ်မနေ လုပ်အားပေးကြပါဆိုတဲ့ အမိန့်အောက်မှာ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွားကျောင်းရခဲ့ရသလို အချိန်တန် အိမ်အပြန်မှာလည်း ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရတဲ့ ဘ၀တွေဟာ အမှောင်နဲ့မလွတ်တဲ့ ကြယ်ကလေးတွေလိုပါပဲလား …..
စာမျက်နှာ | 134 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 ဇူလိုင်လ (ပ-ကြိမ်) |
Out of stock
The Bibliophile: Book Reviews By MSL –
🚂🍂 ယနေ့ ကျနော်တို့ သွားလာရေး အဆင်ပြေဖို့ အသုံးပြုနေရတဲ့ ရထားသံလမ်းဖောက်လုပ်ရာမှာ ဒီလို လူသားချင်းမစာနာတဲ့ ဖြစ်ရပ်တွေ၊ ရင်နင့်စရာ အဖြစ်အပျက်တွေ ရှိခဲ့တာ မသိခဲ့ရိုး အမှန်ပါ။ ဒီ ❝အမှောင်နဲ့ မလွတ်တဲ့ ကြယ်တွေ❞ ဝတ္တုဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က (နဝတ အစိုးရခေတ်) ပခုက္ကူ နဲ့ မြိုင်မြို့ကြားအတွင်း ရထားသံလမ်းဖောက်လုပ်ခဲ့ချိန် ကိုယ့်စားရိတ်ကိုယ်စားပြီး လုပ်အားပေးရာမှာ နိုင်ထက်စီးနင်းပြုကျင့်ခံရတဲ့ ဒေသခံပြည်သူတွေအကြောင်း ဖြစ်ရပ်မှန်ဝတ္တုပဲဖြစ်တယ်။ နိုင်ငံတော်ဘဏ္ဍာကို ရယူသုံးစွဲကာ တပ်မတော်မှတာဝန်ယူ ဖောက်လုပ်ပေးမယ်ဆိုပြီး လက်တွေ့မှာ ရိုးသားတဲ့ အညာဒေသပြည်သူလုထုရဲ့ လုပ်အားတွေကို အာဏာရှင်ဆန်စွာ အခမဲ့ခေါင်းပုံဖြတ် ခိုင်းစေခဲ့ပုံတွေ၊ ဘဝပေါင်းများစွာရဲ့ သွေးချွေးတွေရင်းနှီးခဲ့ပေမယ့် ထိုရင်းနှီးမှုတွေကို လျစ်လျူခဲ့ကြပုံတွေကို ဖတ်ရှူရမှာပဲဖြစ်တယ်။
🚂🌸 စာညွှန်း
❝ဒွေးခင်ဥ❞ နဲ့ ❝ချိုမာ❞ တူဝရီး နှစ်ယောက် တစ်အိမ်တစ်ယောက် မဖြစ်မနေ လုပ်အားပေးဖို့ အကြောင်းဖန်လာတော့ ဒီရထားသံလမ်းဖောက် လုပ်အားပေးစခန်းထဲ အိပ်ယာလိပ်ကိုယ်စီနဲ့ ရောက်လာခဲ့တယ်။ ရွာ နဲ့ အလှမ်းဝေးသောကြောင့် အမေအိုကို စိတ်မချသော်လည်း ထားရစ်ခဲ့ပြီး မလွန်ဆန်နိုင်တဲ့ ဒီကံကြမ္မာကို ရင်ဆိုင်ခဲ့ရတယ်။ စခန်းမှာ အနေဆင်းရဲ၊ အစားဆင်းရဲကြီးစွာ လုပ်အားပေးနေတာတောင် ပြည်သူလူထုတွက် အစားအသောက်သေချာ မထောက်ပံ့တဲ့အပြင် ရေပြဿနာ၊ အိမ်သာပြဿနာများကို ဖြေရှင်းပေးခြင်းလဲ မရှိပေ။ အဆိုးဆုံးက မိန်းကလေးငယ်တွေတွက် လုံခြုံရေးဟာ ဗလာနတ္တိ နဲ့ လူစိမ်းကြီးတွေတွက် သားကောင်ပမာ ဖြစ်နေတာနဲ့ ကြုံရတော့တယ်။
တစ်နေ့တစ်နေ့ နေထွက်ချိန်ကနေ နေဝင်ချိန်ထိ ပင်ပန်းကြီးစွာ ကျွန်စနစ်နဲ့ မခြား ခါးကော့နေအောင် အလုပ်လုပ်ရတယ်။ လူတွေဟာလဲ ဝမ်းရောဂါ၊ ကူးစက်ရောဂါတွေနဲ့ အသက်ဆုံးရှုံးကြရတယ်။ ဒီအတွက် တာဝန်ရှိသူတွေကို ပြောပြန်ရင်လဲ တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိတဲ့ခါ ရိုးသားသောအညာပြည်သူတို့မှာ သူတို့ ကံကြမ္မာကိုသာ ပုံအပ်ရတော့တာပေါ့။ ဒီလုပ်အားပေး စခန်းထဲ ❝ချိုမာ❞ နဲ့ သူမရဲ့ ချစ်လှစွာသော ❝မောင်မှုန်❞ ဟာလဲ နစ်နာသူများဖြစ်ခဲ့ကြပုံဟာ စာဖတ်သူရင်ထဲ စိတ်ထိခိုက်နာကျင်ရပါတယ်။ ဒီလို နစ်နာမှုကို ❝ဒွေးခင်ဥ❞ နဲ့ သူမချစ်ဦးမောင်❝သီဟ❞ တို့ရဲ့ ပေးဆပ်ပုံကလဲ စာဖတ်သူရင်ထဲ ဝမ်းနည်းတဲ့ကြားက ကြည်နူးစေပြန်တယ်။ နစ်နာသူကြယ်လေးတွေဟာ ဒီစခန်းထဲ ကြွေလွှင့်ခဲ့ရပုံ နဲ့ လူမဆန်သော ဖက်ဆစ်အာဏာရှင်လက်ကိုင် လူ့တိရိစ္ဆာန်အကြောင်းတွေကို ဖတ်ကြည့်၊ တွေးကြည့်၊ ခံပြင်းကြည့်၊ စာနာကြည့် စေလိုသောကြောင့် ဒီဖြစ်ရပ်မှန်ဝတ္ထုလေးကို စာညွှန်းပေးခြင်းပဲဖြစ်ပါတယ်။
🚂✨ဖတ်နေရင်း လူ့ဂုဏ်သိက္ခာချနင်းဖျက်ဆီးခံခဲ့ရတဲ့ လုပ်အားပေး ဒေသခံလူတွေအစား ရင်ထဲမချိရအောင်ကို ခံစားရပါတယ်။ လူကို လူလို တန်ဖိုးမထားတတ်ပဲ ရှိတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး နိုင်ထက်စီးနင်းပြုလုပ်တာဟာ စိတ်ဓာတ်တကာ့ စိတ်ဓာတ်ထဲမှာ ရွံစရာအကောင်းဆုံးစိတ်ဓာတ်ပဲဖြစ်တယ်။ ဒီဖြစ်ရပ်မှန်ဝတ္ထုဟာ အုပ်ချုပ်သူအစိုးရရဲ့အောက်တန်းကျတဲ့လုပ်ရပ် သာမက ကျနော်တို့မသိသေးသော ထိုသို့သောဖြစ်ရပ် ဘယ်လောက်များတောင် ရှိမလဲ တွေးကြည့်ဖို့ မီးမှောင်းထိုးပြနေခြင်းပဲဖြစ်တယ်။ ခုများတော့ ရထားစီးတိုင်း ဒီလို အမှောင်ထဲ ကြွေကျသွားတဲ့ ကြယ်လေးတွေကို အမှတ်ရနေမိတော့မှာအမှန်ပါပဲ။
(📌ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ ဖုံးဖိဖို့ နိုင်ငံတော်ရုပ်သံလိုင်းမှာတော့ အကြီးအကဲများဟာ မကြာခဏ ရိက္ခာများ လာရောက်လှူဒါန်းနေသယောင် ထုတ်လွှင့်ပြသခဲ့တယ် ဆိုတာကိုလဲ သိခွင့်ရတော့ ဒီ လူ့မိတ္တစာတွေဟာ ခေတ်အဆက်ဆက် မြန်မာပြည်တွက် ကောင်းကျိုးဘယ်တုန်းကမှ မပေးခဲ့ကြောင်း ခိုင်လုံစေတဲ့ သက်သေသာဓကတွေပဲ ဆိုတာ တထစ်ချ ယုံလိုက်ပါ)
⭐️Rating: 7/10
ကျေးဇူးတင်ပါတယ် 🌸🌿
Chris Mg –
အပူငွေ့အောက် အလင်းပျောက်ရသူများနှင့်…
စာရေးသူကို စတင် သတိထားမိတာ သူ့ရဲ့ ညက်ညောတဲ့ အရေးအသားများ ထုံမွှမ်းတဲ့ ဝတ္ထုတိုများကြောင့်ပါပဲ။ နာမည်ဆန်းတဲ့ အတိုလေးတွေကြောင့်လည်း မှတ်မှတ်ရရ ဖြစ်ရပြန်တာပါ။ “တဖြေးဖြေးနှင့်ကြွေ”၊ “ရွက်ခြောက်တောများ”၊ ” မိုးမိသွားတဲ့ ထီးကလေးတွေ” ၊” စိတ်ကူးခါးနဲ့လားရာလူ” စသဖြင့်ပေါ့။ အရေးညက်သလို အတွေးလတ် တဲ့ သူ့အားထုတ်မှုက်ု တွေ့ရတော့ ဝတ္ထုရှည်တွေ ဖတ်ရရင်လည်း ကောင်းမှာပဲလို့ စိတ်ကူးမိဖူးပါရော။ အခုတော့လည်း ကိုယ့်ဆန္ဒတွေ ပြည့်လာခဲ့ပြီပဲ ဆိုရတော့ မှာပေါ့။
အခု ဖတ်ရတဲ့ ဝတ္ထုလေးကလည်း ၂၀၂၀ ဒီဇင်ဘာလထုတ် ရွှေအမြူတေ မဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ဝတ္ထုတိုကို အရှည်အဖြစ်နဲ့ ပြန်လည် ဆန်းသစ်ထားခြင်းပါ။ ထိုအခါကတော့ ဝတ္ထုခေါင်းစီးလေးက “စေညွှန်ရာ” တဲ့။ ပခုက္ကူ -မြိုင် တကြော ရထားလမ်းဖောက်စဥ်မှာ ပါဝင်အားဖြည့်ခဲ့ကြရတဲ့ ရွာခံ တောင်သူများ အကြောင်းကို ဖွဲ့နွဲ့သီကုံးထားတာပါ။ ခမျာများမယ် လုပ်အားပေးလို့သာ ဆိုပါတယ်။ ချွေးတပ်ဆွဲ ခံရတာနဲ့ အလားတူပါရဲ့။ ကွဲပြားသွားတာဆိုလို့ သေမင်းတမန် ရထားလမ်းဖောက် တုန်းကတော့ တိုင်းတပါးအမျိုးသားတွေရဲ့ အနိုင်ကျင့်ခံရပြီး လုပ်အားအမြတ်ထုတ်ခံရတာပါ။ ခု သည် ရထားလမ်းကတော့ တမြေတည်းသားဖွားသူများ အချင်းချင်း ဗိုလ်ကျ အနိုင်ကျင့် ခံရတာပါ။ ဆင်သယောင်နဲ့ ကွဲပြားသလို ဖြေသာရမလိုနဲ့ ပိုနာရတဲ့ အဖြစ်တွေလို့ပဲ ဆိုချင်ပါတော့တယ်။
လုပ်အားပေးအဖြစ် ရောက်လာခဲ့ရပြီးကာမှ ကာယခွန်အား အမြတ်ထုတ်ခံရရုံမက စိတ်ဓါတ်ခွန်အား ရိုက်ချိုးခံရတဲ့ အမျိုးသမီးငယ်တွေရဲ့ ဘဝကို တွေ့ရတာ အတော် မွန်းကြပ်စရာ ကောင်းလှပါရဲ့။ တတပ်တအားပါဝင် ရတယ်ဆိုပေမဲ့ အနေအထိုင်အစားအသောက် နဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ စော်ကားခံရတဲ့ အဖြစ်တွေကို ဖတ်ရတော့ မခံချင်စရာ ဖြစ်ရပြန်ရဲ့။ ရိုးသားသူ တောင်သူတွေခမျာ အခက်အခဲ ကြုံရချိန်မှာ ကိုးကွယ်ယုံကြည်မှု မှိုင်းတိုက်ခံရတာ မြင်ရတဲ့အခါ မချင့်မရဲ ဖြစ်ရပြန်ပါရော။
မသိခဲ့တဲ့ ဘဝတွေကို စာနာနိုင်အောင် သိခွင့်ရခဲ့တဲ့ ဖွဲ့သီအားထုတ်မှုအတွက် စာရေးသူကို ကျေးဇူး တင်နေမိပါရဲ့။ ည ၈ နာရီ သတင်းတွေမှာ မြင်ခဲ့ဖူးတဲ့ နွေနေအောက်က အပြုံးပန်းတွေ ဝေနေသူ တစုရဲ့ ဘဝအမှန်ကို စာအုပ်လေးမှ တဆင့် သိလိုက်ရချိန်မှာ ကိုယ့်ကိုယ်တောင် မသတီတော့ဘူးရယ်။
ဘဝအစစ်အမှန်တွေကို အပြည့်အဝ မဟုတ်တောင် ထက်ဝက်ကျော်မယ့် ပမာဏအားဖြင့် မြည်းစမ်းခွင့်ရမယ့် စာအုပ်ကို ဖတ်ကြည့်စေချင်မိတယ်။
စာအုပ်ထဲမှာ နှစ်သက်တဲ့အချက်တွေက ပြောမကုန် နိုင်ဘူး လို့ ဆိုပါရစေ။
ဦးဆုံးသတိထားမိတာ က အညာလေသံပါ။ စာဖတ်သူများမှာ အညာလေသံဆို ဆရာမကြီး ခင်ခင်ထူးရဲ့ ဇာတ်ကောင်လေးတွေရဲ့ ပြောဟန်ကြောင့် ချစ်မိုးတွေ တရဟော စွေ ခဲ့ရပြီးပါပြီ။ အခု စာအုပ်မှာလည်း မတူခြားနား လေဟန် ကို တွေ့ရပြန်ပါရော။ ဆရာမ ခင်ခင်ထူးရဲ့ ဇာတ်ကောင်လေးတွေက မာန်နဲ့ပြောတတ်တဲ့ လေယူလေသိမ်းကြောင့် စာဖတ်သူတွေရဲ့ ချစ်ခင်မှုကို တဝရခဲ့တယ်ဆို ဆရာရဲ့ ဇာတ်ကောင်များကတော့ ပွင့်လင်းဟန် နဲ့ပြောတတ်တဲ့ အဖွဲ့လေးတွေကြောင့် စာဖတ်သူရဲ့ ဂရုဏာကို တပွေ့တပိုက် ရခဲ့ပါတယ်။
ရိုးရာယဥ်ကျေးမှု ဆိုင်ရာနဲ့ပတ်သတ်လို့လည်း မြတ်နိုးစရာကောင်းအောင် ရေးသီထားပြန်တယ်။ အမေရေယာဥ်နတ်နဲ့ ပုန်းမကြည်နတ် တို့ရဲ့ ဆိုင်ရာ ထုံးတမ်းအစဥ်အလာ တွေကို ပူဇော်ရမဲ့ ပစ္စည်းအမယ်၊ ရွတ်ဖတ်ရမယ့် စကားအထည် တွေနဲ့ ရေးပြထားတာများ ဖတ်သူမှာ ကိုယ့်ယဥ်ကျေးမှုကို ဂုဏ်ယူခြင်းတဝက်နဲ့ ဖတ်ရပါတယ်။ ယုံကြည်မှုနဲ့ပတ်သတ်ပြီး ပငိပန်းလာတဲ့အခါ ခေတ်မှီစွာတွေးတတ်သင့်ပုံကို ဇာတ်ကောင်များမှ တဆင့် ပညာသားပါပါ အသိပေးထားပုံက လေးစားစရာရယ်။ (စာ ၇၉ နှင့် စာ ၁၂၂ မှ ၁၂၆ တွင် ရှု)
ချန်ထားပစ်လို့မရတဲ့ အခန်းတွေက ဇာတ်ကောင် ဒွေးခင်ဥရဲ့ ရက်ကန်းခတ်ချိန်များနဲ့ ချစ်ရသူအတွက် သူမရဲ့ ဆေးပေါ့လိပ်ကို ကိုယ်တိုင် ဖန်တီးတဲ့အလန်းများပါပဲ။ ရက်ကန်းက လွန်းလေးတွေနဲ့ ချစ်သူ ကိုသီဟတို့ ဖွာရှိုက်နေမဲ့ ဆေးပေါ့လိပ်လေးတွေကို မြင်ယောငိကြည့်ရင်း မေတ္တာ နဲ့ သိမ်မွေ့နက်နဲပုံကို ခံစားမိရတဲ့အထိပါ။ (စာ ၃၉ နှင့် စာ ၅၃ တွင် ရှု)
ဖတ်ပြီးကြိုက်ရတဲ့အခန်းလေးတွေက ပြောမကုန်ပါပဲ။ တခုတော့ ဘဝင်မကျမိတာက အလျင်နဲ့ ဆွဲခေါ် ခံရတဲ့ ဒွေးခင်ဥနဲ့ကိုသီဟတို့ရဲ့ love scene ပါပဲ။ စိတ်မချတဲ့ ချစ်ရသူက လုပ်အားပေးတဲ့ နေရာကို သူ့ကိုပါ အပါခေါ်ဖို့ တောင်းဆိုရာမှာ ထမင်းစားတဲ့ အခန်းငယ်လေးကနေ ရက်ကန်းစင်နား ရုတ်တရက်ရောက်သွားတာပါ။ အပြလေးနဲ့ ဖြေးဖြေးချင်း ဆွဲခေါ်သွားရင် ဖတ်ရသူမှာ အပန်းပြေမယ် ထင်ပါတယ်။ (စာ ၅၈ တွင် ရှု)။
ကျောက်ကောင်းမှန်ရင် အနာ မကင်းဘူးလို့ ပြောတာ ကြားဖူးပါတယ်။သည် စာအုပ်ကောင်းလေး ခမျာကလည်း အစင်းရာလေးတွေတော့ ကင်းမနေပါဘူး။ အထူးသဖြင့် ဇာတ်ကောင်တွေရဲ့ အပြန်အလှန်ပြောစကားနေရာတွေ၊ အပိုဒ်ခွဲတွေနဲ့ စာလုံးပေါင်းသတ်ပုံတွေပါ။ ကိုယ်ကလည်း မြန်မာစာနဲ့ ပတ်သတ်ရင် ဂုရုကြီး မဟုတ်ပေမဲ့ ပြောခဲ့တဲ့ အလွဲလေးတွေက ဖတ်တဲ့အချိန်မှာ အတော့်ကို အဆင်မပြေ ဖြစ်ရပါတယ်။ အချို့နေရာလေးတွေဆို စာကြောင်း အနေအထားကြောင့်ပဲ တန်ဖိုးလေးတွေ ပေါ့သွားတယ်လို့ ခံစားလိုက်ရရဲ့။ ဘားတိုက်ထဲမှာ ထမင်းစားချိန်လုပ်အားပေးသူချင်း အပြန်အလှန်ပြောခန်း (စာ ၁၈)၊ အဓိက ဇာတ်ဆောင် ၂ ဦး ရဲ့ love scene (စာ ၅၆) နှင့် ဒွေးခင်ဥက စော်ကားခံရတဲ့ တူမတော် ချိုမာ အတွက် ပေါက်ကွဲတဲ့အခန်း(စာ ၇၄) တွေမှာ ဇာတ်ရှိန်က ကောင်းနေပါရက်နဲ့ အငိုက်မှာ အရိုက်ခံရသလို ဖြစ် ဖြစ်သွားပါတယ်။ စိတ်ကူးလေးနဲ့ အရှိန်ကောင်းကောင်းပြေးနေတုန်း ကျင်းတွေချိုင့်တွေထဲ ခြေခေါက်ကျ သလို ခံစားရပါတယ်။
အဆိုးထဲက အကောင်းတခုက စာလုံးအရွယ်ကြီးပြီး ဝါကျ အချဲက အတော် ကျယ်တော့ မျက်လုံးမကောင်းတဲ့ ကိုယ့်လိုတွေအတွက် အဆင်ပြေနေပြန်ပါရော။
ပသို့ဆိုစေ ဖတ်ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။
စိစစ်ရေးတွေ နဲ့ စာပေ တန်ဖိုးနားမလည်သူတွေ လက်ထက်ဆို အဖြတ်မခံရရင်လည်း ထုတ်ဝေခွင့်ပါ အပိတ်ခံရမဲ့ စာအမျိုးအစားမို့ သည်ကာလမှာ ထွက်လာတာ ခပ်ကောင်းကောင်း လို့ မှတ်ယူမိပါရဲ့။
စာအုပ်ကိုင်ဖို့ အတော် ခဲယဥ်းချိန်မှာ သည်လို စာအုပ်မျိုးကို ဖတ်မိမယ်ဆို ယုတ်သူ မြတ်သူတွေကို ထင်ထင်ရှားရှား မြင်လာပြီး ကိုယ်ဘာလုပ်ရမယ် ဆိုတာ အလင်းကြီး သိလာမယ် လို့ ထင်ပါတယ်။
အရေးတော် ပုံ အောင်တော့မည်။