အဆိပ်သင့် နှလုံးသား

( 2 မှတ်ချက်)

8000 (ကျပ်)

ဒီဝတ္ထုဟာ မိခင်ဘဝ၊ ဆုံးရှုံးနစ်နာမှု၊ ကလေးဘဝရဲ့ အပြစ်ကင်းစင်မှုတွေကို ပြင်းပြင်းပြပြ မီးမောင်းထိုးပြထားပြီး အချစ်ဇာတ်လမ်းတွေမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့ Danielle Steel ရဲ့ တမူထူးခြားတဲ့ ဟန်နဲ့ ရေးထားတဲ့ စိတ္တဇ သည်းထိတ်ရင်ဖို ဝတ္ထုပါ။

ဇိုးမော်ဂန် အသက် ဆယ်နှစ်အရွယ်မှာ သူ့ဘဝ အရာရာ ပြောင်းလဲသွားတယ်။ သူ့ညီမလေး ရို့စ်ကို ရှားပါးရောဂါကြောင့် ဆုံးရှုံးခဲ့ရပြီး မိဘတွေဟာလဲ သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်သွားလေရဲ့။ ဇိုးရဲ့ အထီးကျန်ငယ်ဘဝဟာ ကျောင်းစာမှာပဲ နှစ်မြှုပ်ထားရင်း ကုန်လွန်ခဲ့ရတယ်။

ယေးတက္ကသိုလ်မှ ဘွဲ့ရတစ်ယောက် ဖြစ်လာတဲ့ ဇိုးက ဆေးကျောင်း ဆက်မတက်တော့ဘဲ ညှဉ်းပန်းအနှိပ်စက်ခံ ကလေးငယ်များအတွက် ဖွင့်ထားတဲ့ နယူးယောက်ရှိ ဂေဟာမှာ အလုပ်လုပ်တယ်။ အဲဒီမှာပဲ ကလေးသူငယ်ဆိုင်ရာရှေ့နေနဲ့ ဆုံဆည်းပြီး သူက ဇိုးဘဝရဲ့ ချစ်ရသူ၊ လက်ထပ်ရမဲ့သူ ဖြစ်လာလေရဲ့။

သူတို့ ဇနီးမောင်နှံရဲ့ ဘဝဟာ ပြီးပြည့်စုံနေပြီး သမီးလေး မွေးလာတော့ ပိုလို့တောင် သာယာပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်လာတယ်။ ဒါပေမဲ့ ဇိုးရဲ့ ငယ်ဘဝမှာ ညီမလေး ကွယ်လွန်ခဲ့လို့ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေဟာ ဘယ်သူမှ စိတ်မကူးရဲတဲ့ အခြေအနေတွေနဲ့ သူတို့မိသားစုဘဝလေးကို ဖျက်ဆီးလိုက်တယ်။ ဇိုးကိုယ်တိုင် သူ့သမီးလေးအပေါ် စွဲလမ်းစိတ်က သူတို့မိသားစုကို ပြိုကွဲစေမှာလား။

စာမျက်နှာ

264

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 စက်တင်ဘာလ(ပထမ အကြိမ်)

9 in stock

အဆိပ်သင့် နှလုံးသား အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    “အာရုံစိုက်မခံရဘဲ၊ဂရုစိုက်မခံရဘဲ
    ကြီးပြင်းလာရတဲ့ လူတစ်ယောက်အနေနဲ့ သူများတွေရဲ့ အာရုံစိုက်တာကို ခံယူချင်လို့ မလုပ်သင့်တာတွေ လုပ်မိလာတဲ့ အခါကျရင်ကော ဘာတွေဆက်ဖြစ်နိုင်မလဲ…။”
    Danielle Steel ရဲ့ “The Dark Side”
    ဆိုတဲ့ စာအုပ်လေးကို “အဆိပ်သင့်နှလုံးသား”အမည်နဲ့ ဆရာမ စုမြတ်ချစ်ဘာသာပြန် ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
    ဇာတ်လမ်းအကျဥ်းလေး အနည်းငယ်ပြောရမယ်ဆိုရင်…
    “ဇိုး” နဲ့ “ရိုစ့်” ဆိုပြီး ညီအစ်မ နှစ်ယောက်ရှိကြတယ်။ ဖေဖေ “ဘရက်” ၊မေမေ “ဘသ်” တို့နဲ့အတူ ပျော်စရာ မိသားစုဘဝလေးကို ဖြတ်သန်းခဲ့တာလေးကနေ ဇာတ်လမ်းလေးကို အစပြုထားပါတယ်။
    “ရို့စ်” လေး သွေးကင်ဆာရောဂါကို
    ခံစားရပြီးနောက်ပိုင်းမှာတော့ ကံကြမ္မာက လုံးဝ
    ကပြောင်းကပြန်တွေ
    ဖြစ်ကုန်တော့တာပါပဲ။
    ညီမလေး “ရိုစ့်” ကိုပဲ အာရုံစိုက်နေတဲ့
    မိဘတွေကြားမှာ သမီးကြီးဖြစ်သူ “ဇိုး”
    တစ်ယောက် ခံစားရတဲ့ စိတ်ဒဏ်ရာ
    အတိမ်အနက်က များလေတော့
    “ဇိုး”ကိုယ်တိုင် မိခင်ဘဝရောက်တဲ့အခါမှာ သမီးလေး “ဂျယ်မီ”အပေါ် စိုးရိမ်လွန်ကဲတဲ့စိတ်တွေကသာ နေရာယူနေလေရဲ့…။
    MSP လို့ခေါ်တဲ့ စိတ်ရောဂါအကြောင်းကိုအသေးစိတ် မြင်သာအောင် ဖတ်ရှုရတဲ့အပြင်၊ငယ်ဘဝမှာ စိတ်ဒဏ်ရာတွေရှိသူများ အနေနဲ့လည်း လိုအပ်တဲ့ အချိန်မှာစိတ်ကုထုံး ခံယူဖို့ အလွန် အရေးပါကြောင်းကိုပါ ဒီစာအုပ်လေးက မီးမောင်းထိုးပြသွားတာကို တွေ့ရပါတယ်။
    အများအမြင်မှာတော့ “ဇိုး”က စူပါမေမေတစ်ယောက်၊ အလွန်ထက်မြက်ပြီး နွေးထွေးတဲ့ မိခင်တစ်ယောက်၊ကလေးသူငယ်ကာကွယ်ရေး အဖွဲ့အစည်းရဲ့
    အရေးပါ အရာရောက်တဲ့သူတစ်ဦး
    ဖြစ်နေတယ်။
    လူတွေ မမြင်နိုင်တဲ့ “ဇိုး”စိတ်ရဲ့ အခြားတဖက်ခြမ်းကိုတော့ စာအုပ်လေး ဖတ်ပြီး ခံစားကြည့်စေချင်ပါတယ်။
    ဖတ်ပြီးတဲ့အချိန် ကျွန်မစိတ်ထဲ စွဲကျန်နေခဲ့တာ ခင်ပွန်းဖြစ်သူ “အော်စတင်”ကို “ဇိုး” ပြောခဲ့တဲ့ စကားလေး တစ်ခွန်းပေါ့။
    “သမီးကို ရှင်ချစ်တာထက် ကျွန်မ ပိုချစ်တာ” တဲ့လေ…။
    Psychological Thriller အမျိုးအစားလေးမို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဆရာမ စုမြတ်ချစ် ဘာသာပြန်တာလေးကလည်း ချောမွေ့နေတော့
    ဖတ်ရတာ ရှယ်ပါပဲရှင်။အခုလို ဘာသာပြန်စာအုပ်ကောင်းလေး ဖတ်ခွင့်ရတဲ့
    အတွက်လည်း ကျေးဇူးတင်ပါတယ်။
    Ps:စာအညွှန်းလေးကို Spoilမဖြစ်ရအောင် အချက်အလက် တော်တော်များများအတတ်နိုင်ဆုံး မပါအောင် ရေးထားပါတယ်ရှင်။အခုမှ ဝယ်ဖတ်မဲ့သူတွေလည်း အဆင်ပြေအောင်လို့ပါ🥰❤️
    #စုမြတ်ချစ်
    #အဆိပ်သင့်နှလုံးသား
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #13Sep2023

  2. Htet Htet Tin Zar

    🩺 သူပြုံးသော်လည်း မျက်လုံးများက မပြုံး။
    ကက်သီက သူငယ်ချင်းကို၊
    အော်စတင်က ဇနီးကို၊
    ဂျယ်မီက မိခင်ကို
    အသီးသီး ဆုံးရှုံးလိုက်ရပြီ။
    ကြီးမားသော ဆုံးရှုံးခြင်းများ … 🩺

    📚 အမျိုးသမီးတစ်ယောက်မှာ အတိတ်ရဲ့အရိပ်တွေ၊ စိတ်ဒဏ်ရာတွေ၊ ပစ်ပယ်ခံထားရတာတွေက ကိုယ်ကိုယ်တိုင် မိခင်ဖြစ်လာတဲ့အခါ ဘယ်လိုတွေ သက်ရောက်လာမလဲဆိုတာ ဒီစာအုပ်လေး ဖတ်ပြီးရင် ကျွန်မတို့ သိရမယ်။ အာရုံစိုက်မခံရဘဲ၊ ဂရုစိုက်မခံရဘဲ ကြီးပြင်းလာရတဲ့ လူတစ်ယောက်အနေနဲ့ သူများတွေရဲ့ အာရုံစိုက်တာကို ခံယူချင်လို့ မလုပ်သင့်တာတွေ လုပ်မိလာတဲ့အခါကျရင်ကော ဘာတွေ ဆက်ဖြစ်နိုင်မလဲ။ ဒါတွေကို ဒီစာအုပ်မှာ မီးမောင်းထိုး ရေးပြထားတာမို့ စာဖတ်ပရိသတ်တွေရဲ့ စိတ်ထဲ စွဲငြိသွားလောက်မှာပါ။ (~ ဆရာမစုမြတ်ချစ်၏ အမှာစာ)

    📖 ❝အဆိပ်သင့်နှလုံးသား❞ အမည်နဲ့ ဆရာမ ❝စုမြတ်ချစ်❞ ဘာသာပြန်ဆိုတဲ့ စာအုပ်လေးက မူရင်းရေးသားသူက ❝Daniel Steel❞ ဖြစ်ပြီး စာအုပ်အမည်က ❝The Dark Side❞ ဖြစ်ပါတယ်။ စာရေးဆရာမ Daniel Steel ဟာ အချစ်ဇာတ်လမ်း တသိမ့်သိမ့် ကြည်နူးစဖွယ် ရိုးရိုးကလေး ရေးဖွဲ့တတ်သူဖြစ်ပေမဲ့ ဒီစာအုပ်ကတော့ သူရေးနေကျနဲ့ ကွဲထွက်တဲ့ ထူးထူးခြားခြား Psychological Thriller စိတ္တဇလျှို့ဝှက်သည်းဖို အမျိုးအစားပါ။

    📰 ဇာတ်လမ်းအကြောင်းလေးကတော့ ညီမဖြစ်သူ ခုနစ်နှစ်အရွယ်မှာ သွေးကင်ဆာနဲ့ သေဆုံးသွားခဲ့ရပြီး မိဘတွေရဲ့ ပစ်ပယ်လျစ်လျူရှုမှုကို ခံစားလာခဲ့ရတဲ့ ကလေးငယ်လေး ❝ဇိုး❞ အဲဒီအချိန်တည်းက သူဟာ trauma ရလာပြီး အိမ်ထောင်ကျလို့ သမီးလေး ရလာချိန်မှာ ညီမလေးလို ဆုံးရှုံးရမှာစိုးတဲ့စိတ်နဲ့ ဂရုစိုက်မှု၊ စိုးရိမ်စိတ်လွန်ကဲနေတဲ့ မိခင်တစ်ယောက်အကြောင်းလေး။
    __________________________

    🩺 ❝ဇိုး❞ နဲ့ ❝ရို့စ်မော်ဂန်❞ တို့က သုံးနှစ်ကွာတဲ့ ညီအစ်မတွေ။ ဇိုးက အကြီး၊ ရို့စ်က အငယ်။ ဇိုးတို့အဖေ ❝ဘရက်❞ က ဒစ်စနေစတူဒီယိုတွေမှာ လှုပ်ရှားသက်ဝင်ပုံဆောင်နည်းပညာရှင်အဖြစ် အလုပ်လုပ်ပြီး ကြွက်ကလေးအိုလီအကြောင်း စာအုပ်ရေးခဲ့တယ်။ အဖေက အိမ်က အပေါ်ထပ် စတူဒီယိုအလုပ်ခန်းထဲမှာပဲ အလုပ်လုပ်တယ်။ အမေ ❝ဘသ်❞ ကတော့ ဇိုးမမွေးခင်အထိ ခွဲစိတ်သူနာပြုဆရာမအဖြစ် အလုပ်လုပ်ပြီး ဇိုးမွေးလာကတည်းက အချိန်ပြည့်မိခင်နေရာ ယူလိုက်ပါတယ်။

    🩺 ရို့စ်သုံးနှစ်အရွယ်မှာ သွေးကင်ဆာ ခံစားရပြီး ဆေးရုံ ခဏခဏ တက်ရတယ်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသချိန်မှာ အမေက ရို့စ်ကို ရိုးတွင်းခြင်ဆီ ပေးခဲ့တယ်။ အစားထိုးပြီး တစ်နှစ်အကြာ သွေးကင်ဆာက ပိုမိုဆိုးရွားလာခဲ့တယ်။ အမေကိုလည်း အိမ်မှာမမြင်ရသလောက်။ အဖေကလည်း ရို့စ်ကျန်းမာရေးကိစ္စတွေကြောင့် အပြင်ခဏခဏသွားနေရလို့ ဇိုးက အိမ်နီးချင်းတွေနဲ့သာ နေရရှာတယ်။ ဇိုးဆယ်နှစ် ရို့စ်ခုနစ်နှစ်အရွယ် တစ်ညမှာ ဆေးရုံမှာပဲ ရို့စ်ကလေး လောကကြီးက ထွက်ခွာသွားခဲ့တယ်။

    🩺 ရို့စ်ကွယ်လွန်သွားတာနဲ့ မိဘတွေက ဇိုးမသိတဲ့လူတွေအဖြစ် ပြောင်းလဲသွားတယ်။ အမေက အသက်မပါသလို လေးကန်ထိုင်းမှိုင်းပြီး အိပ်ရာထဲက မထတော့။ အဖေက အိမ်ထဲမှာပဲ ဟိုယောင်ယောင် ဒီယောင်ယောင်သွားနေတယ်။ ဇိုးအတွက် အိမ်က မြို့ဆိုးအလား။ ဇိုးကို မိဘနှစ်ပါးလုံးက လုံးဝ အာရုံမထားကြတော့။ ရို့စ်ကွယ်လွန်ပြီး နှစ်နှစ်အထိ မိဘများက သူ့အပေါ် ခံစားချက် မရှိဆဲပါ။ ဇိုးအသက် ၁၂နှစ်မှာ မိဘများ သီးခြားခွဲနေတော့မယ့်အကြောင်း အဖေက ပြောလာပါတယ်။ အဖေထွက်သွားပြီး နောက်ပိုင်းလည်း အမေက တစ်သီးတစ်သန့် နေတာမို့ ဇိုးက တစ်ယောက်တည်းပင်။

    🩺 အဖေက ကုထုံးပညာရှင် ❝ပမ်❞ နဲ့ လက်ထပ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။ အမေကတော့ လုပ်ငန်းခွင် ပြန်ရောက်သွားပြီး တစ်နှစ်အကြာမှာ ဆရာဝန်တစ်ယောက်နဲ့ တွဲတယ်။ မိဘနှစ်ပါးလုံးက ရှေ့ဆက်လျှောက်လှမ်းနေပြီး ဇိုးကို ဖယ်ထုတ်ကာ နောက်ချန်ခဲ့ကြတယ်။ မိဘများရဲ့ စိတ်ပိုင်းဆိုင်ရာ ပစ်ပယ်ခြင်းကို ခံခဲ့ရတယ်။

    🩺 ဇိုးက တစ်ယောက်တည်း ရှင်သန်ရပေမဲ့ ထူးချွန်ပေါက်မြောက်တယ်။ ဂျူးခ်မှာ ဆေးကျောင်းတက်ပြီး သူ့ရည်ရွယ်ချက်အတိုင်း နှိပ်စက်ညှဥ်းပန်းခံ ကလေးသူငယ်များအတွက် ဂေဟာမှာ အလုပ်ဝင်လုပ်တယ်။ ဇိုး အသက် ၂၈ နယူးယောက် အမြတ်အစွန်း မရည်ရွယ်သော အဖွဲ့အစည်းမှာ လက်ထောက်အုပ်ချုပ်ရေးမှူး ဖြစ်လာချိန် ဟားဘတ်ဘွဲ့ရ ကလေးသူငယ်ဆိုင်ရာ ရှေ့နေ ❝အော်စတင်❞ နဲ့ တွေ့ဆုံပြီး မေတ္တာမျှခဲ့ကြတယ်။ အော်စတင်ကတော့ ဇိုးနဲ့ ဆန့်ကျင်စွာ ရင်းနှီးနွေးထွေးတဲ့ မိသားစုကနေ ဆင်းသက်လာတာ ဖြစ်တယ်။

    🩺 သူတို့နှစ်ယောက် လက်ထပ်ပြီး ဖန်ပြွန်သန္ဓေသားနည်းနဲ့ သမီးလေး ❝ဂျယ်မီ❞ ကို မွေးဖွားခဲ့တယ်။ ဂျယ်မီရောက်ရှိလာခြင်းဟာ ဇိုးအတွက် ညီမလေးရို့စ် မရှိတော့တဲ့ ၂၄နှစ်လုံးလုံး ပျောက်ဆုံးနေတဲ့ နေရာလေးကို ဖြည့်စွက်လိုက်သလို ခံစားခဲ့ရတယ်။

    🩺 ဂျယ်မီမွေးပြီးချိန်ကစလို့ ဇိုးတစ်ယောက် ပြောင်းလဲသွားခဲ့တယ်။ ဂျယ်မီအတွက် ၂၄နာရီအချိန်ပြည့် ရှိနေတယ်။ ဂျယ်မီ့အပေါ် အမြဲလိုလို စိုးရိမ်ပူပန်နေတတ်ပြီး လိုအပ်တာထက် ပိုပြီး ဂရုစိုက်မှု လွန်ကဲနေတတ်တယ်။ အိပ်ရေးပျက်ရပေါင်းလည်း များပြီမို့ ဆရာဝန်က ညသူနာပြုငှားဖို့ တိုက်တွန်းပေမဲ့လည်း ဂျယ်မီ့ကို သူတို့လင်မယားရဲ့ ပြုစုစောင့်ရှောက်မှုသာ ရစေလိုကြောင်း၊ သူတို့နဲ့သာ လက်ပွန်းတတီးရှိစေလိုကြောင်း ပြောပြီး သူနာပြုငှားဖို့ကို ငြင်းဆန်ခဲ့တယ်။

    🩺 ဇိုးက မာကျောခက်ထန်လာပြီး သူ့သီအိုရီ၊ စည်းကမ်းတွေအတိုင်းသာ ဂျယ်မီ့ကို ပြုစုစောင့်ရှောက်တယ်။ ဂျယ်မီ့ကိုသာ စိတ်ပူနေတတ်ပြီး ဂျယ်မီ့ကို သူတစ်ဦးတည်းအပိုင် ထားလိုကာ ဘယ်သူ့ကိုမှ ဂျယ်မီနဲ့ ရင်နှီးချစ်ခင်သွားမှာကို မလိုလားဘူး။ ဂျယ်မီရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် အကဲပိုလွန်းခဲ့ပါတယ်။ ဇိုးက ကလေးပြုစုစောင့်ရှောက်ရေး သီအိုရီတွေကို အမှားမခံဘဲ တင်းတင်းကျပ်ကျပ်လိုက်နာတယ်။

    🩺 ဒီလိုတွေ ဂရုစိုက်နေပေမဲ့ ဂျယ်မီလေးဟာ အရွယ်နဲ့မလိုက်အောင် ဒဏ်ရာအနာတရတွေ ဖြစ်ပြီး ဆေးရုံအရေးပေါ်ကို အမြဲရောက်ရတယ်။ ဖြစ်တိုင်းလည်း သူ့အမေဇိုးနဲ့ နှစ်ယောက်တည်းရှိနေချိန်တွေမှာပဲ။ လှေကားပေါ်က ပြုတ်ကျလို့ နှုတ်ခမ်းကွဲပြီး ချုပ်ရတယ်၊ လက်မောင်းကျိုး၊ လက်ကောက်ဝတ်ကျိုး၊ ခေါင်းတိုက်မိ၊ မေးစေ့ကွဲ၊ မျက်နှာကို ခွေးကိုက်ခံရတယ်။ ဒါတွေအပြင် ဇိုးရဲ့အစိုးရိမ်လွန်မှုတွေကြောင့် သွေးကင်ဆာစစ်ခံရ၊ နားပြွန်အတွက် မလိုအပ်ဘဲ ခွဲစိတ်ခံရ၊ အူအတက်ထုတ်ခံရတော့မယ့် အခြေအနေထိဖြစ်ပြီး ဂျယ်မီ့ကျောရိုးမှာ စတီးချောင်းထည့်ဖို့ အရိုးအကြောအထူးကုနဲ့လည်း ပြနေပါသေးတယ်။ ဒီလိုနဲ့ မိခင်တစ်ယောက်ရဲ့ စိုးရိမ်မှု၊ ဂရုစိုက်မှု လွန်ကဲရာကနေ နောက်ပိုင်းမှာတော့ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တစ်ခုကို ရိပ်စားမိသွားချိန်မှာတော့ …

    🩺 ဇိုးရဲ့စိုးရိမ်မှုတွေ၊ ခဏခဏ ထိခိုက်မိနေတဲ့ ဂျယ်မီနဲ့ ဇနီးအပေါ် မလွှမ်းမိုးနိုင်ဘဲ ကြည့်နေရတဲ့ အော်စတင်တို့တွေ ဘယ်လိုဆက်ဖြစ်ကြမလဲ?
    🩺 ဇိုးဟာ ဘယ်အတိုင်းအတာဆီ ဆက်ပြီးသွားနေမလဲ?
    🩺 သူ့ရဲ့ ငယ်စဉ်က trauma တွေက ဘယ်လောက်ထိ ဆိုးရွားပြင်းထန်စွာနဲ့ ဂျယ်မီ့အပေါ် သက်ရောက်စေမှာလဲ?
    __________________________

    📚 စာအုပ်တစ်ဝက်ကျော်အထိ အစိုးရိမ်လွန်ကဲတဲ့ သာမန်မိခင်တစ်ယောက်အနေနဲ့ပဲ ဖတ်ခဲ့ရတယ်။ နောက်ပိုင်းမှာမှ သူသွားချင်တဲ့ ဇာတ်ကွက်က တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာရယ်။ ရှေ့မှာ ပြောခဲ့တဲ့အကြောင်းအရာတွေက အဓိပ္ပာယ်ရှိရှိ ထည့်သွင်းထားတာဖြစ်ပြီး တစ်ကွက်ချင်း အကျိုးအကြောင်းတွေ ချိတ်ဆက်နေတာ။ တဖြည်းဖြည်းနဲ့မှ thriller ပိုင်းကို ရောက်မှန်းမသိ ဖြည်းဖြည်းချင်း သွားထားတာ။

    📖 ကိုယ်ကတော့ ဖတ်ရင်းနဲ့ တစ်ခါတစ်ခါ ဇိုးက ထုရိုက်ပစ်ချင်စိတ်တွေ ပေါက်မိတာ တကယ်။ သူက ဆရာဝန်ထက် ကျော်ကျော်ပြီး သူအကုန်သိ အကုန်တတ် လုပ်ချင်တာ။ သူ့ကြောင့် ကလေးက ခဏခဏ ဒဏ်ရာရပြီး မလိုအပ်ဘဲလည်း ခွဲစိတ်ခဲ့ရဖူးတယ်။ နောက်ဆုံးပိုင်းမှာတော့ ဇိုးအတွက် စိတ်မကောင်းဖြစ်ပြီး ခံစားရတယ်။ ကိုယ်ကတော့ ဇိုးကို အပြစ်မမြင်မိဘူး။ ငယ်ဘဝမှာ trauma အကြီးအကျယ် ရခဲ့တော့ အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဒီလိုဖြစ်ရတယ်လို့ပဲ မြင်ပါတယ်။ ဒါရဲ့ အကျိုးဆက်ကို ဆက်ပြီး ခံစားရတဲ့ ဂျယ်မီ့ကိုလည်း သနားပေမဲ့လည်းပေါ့လေ။

    📰 မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်စောင့်ရှောက်ပေးချင်ပေမဲ့ အဲဒီစိတ်ဟာ ကလေးအပေါ်မူတည်ပြီး လိုက်လိုက်လျောလျော မလုပ်ဆောင်၊ ကိုယ်ချထားတဲ့ စည်းဘောင်တွေအတိုင်း ကလေးကို အတင်းသွတ်သွင်းတာမျိုး၊ လိုတာထက်ပိုတဲ့ ကာကွယ်ပေးမှု ပေးတာမျိုးတွေဟာ ကလေးကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ၊ ငယ်ဘဝမှာ ကလေးတွေကို ပစ်ပယ်မထားဖို့၊ မေတ္တာဂရုဏာတွေ ပေးဖို့ လိုအပ်ကြောင်းကို သေချာလေး ဖော်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်။

    😇😇😇

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စုမြတ်ချစ် စာအုပ်များ