ချစ်သော အမျိုးသမီးလေးထံသို့

( 2 မှတ်ချက်)

8500 (ကျပ်)

▫️ ဒီစာအုပ်လေးဟာ ကျွန်မ ချစ်ခင်ရတဲ့ အမျိုးသမီးတိုင်းအတွက် အထူးသဖြင့်ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတွေ အတွက် အဓိက ရည်ရွယ်ပါတယ်။

▫️ “ချစ်သော အမျိုးသမီးလေး ထံသို့” စာအုပ်လေးမှာ အမျိုးသမီးလေးတွေ အနေနဲ့ သိထားသင့်တဲ့ ဘဝအကြောင်းတွေ၊ relationshipနဲ့ ပတ်သက်ပြီး သိစေချင်တဲ့ အကြောင်းအရာတွေ၊ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင် ဘဝ ရပ်တည်ရေးအတွက် လိုအပ်တဲ့ အရာတွေ၊ မိမိကိုယ်မိမိ ချစ်ခင် လေးစားတတ်ဖို့ ၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်းတွေကို မိမိကစ ရပ်တန့်နိုင်ဖို့ အစရှိတဲ့ ခေါင်းစဉ်တွေအောက်မှာ ပေါ့ပေါ့ပါးပါး ရေးသားမျှဝေထားပါတယ်။

▫️ စာအုပ်လေးကို စမဖတ်ခင် ကြိုမှာချင်တာလေး တစ်ခု ရှိပါတယ်။ အရင်စာအုပ်တွေမှာ ကျွန်မ ပြောနေကြလိုပါပဲ။ ဖြည်းဖြည်းချင်း ဖတ်ဖို့နဲ့ တစ်ထိုင်တည်း မဖတ်ဖို့ပါ။ တစ်ပုဒ်ချင်းစီ အေးအေးဆေးဆေး ဖတ်ပါ။ စာတစ်ပုဒ် ဖတ်ပြီးတိုင်း ကိုယ့်ဘဝနဲ့၊ ကိုယ့်ပြဿနာနဲ့ ပြန်ပြီး ချိန်ညှိကြည့်စေချင်ပါတယ်။ တွေးစရာပါတဲ့ အရာလေးတွေကို ဖြည်းဖြည်းချင်းတွေးကြည့်ပြီး လိုက်လုပ်ဖို့အတွက် လိုအပ်မဲ့ အမူအကျင့်လေးတွေကိုလဲ ဖြည်းဖြည်းချင်း တည်ဆောက်သွားစေချင်ပါတယ်။ ဒါမှလဲ စာအုပ်ဝယ်ရကျိုးနပ်မယ်။ အချိန်ကုန်ရကျိုး နပ်ပါလိမ့်မယ်။ ဒီစာအုပ်မှာလဲ ချစ်ရတဲ့ အမျိုးသမီးလေးတွေဆီ လိပ်မူပြီး ချစ်ခင်မှု၊ နွေးထွေးမှုနဲ့အတူ ချစ်ခြင်းမေတ္တာတွေပါ ထည့်သွင်းရေးသားထားပါတယ်။ ဒါကြောင့်မို့ လိုအပ်နေသူတွေအတွက် နှစ်သိမ့်မှု တစ်စုံတရာ၊ ကုစားမှု တစ်စုံတစ်ရာ ရရှိမယ်လို့လဲ ယုံကြည်ပါတယ်။

▫️ “နူးညံ့ပေမဲ့ သန်မာပါစေ”

▫️ “နူးညံ့ခြင်းမှာလဲ သန်မာတဲ့ ခွန်အားတွေ ရှိသလို သန်မာခြင်းတွေမှာလဲ နူးညံ့တဲ့ ခွန်အားတွေ ရှိနိုင်ပါစေ”

▫️ ချစ်သော အမျိုးသမီးများအားလုံး မိမိကိုယ်မိမိ ချစ်ခင်လေးစားတတ်ပြီး မိမိဘဝကို မိမိ တာဝန်ယူ ရပ်တည်နိုင်သော နူးညံ့သန်မာတဲ့ အမျိုးသမီးလေးများ ဖြစ်ပါစေလို့ ဆုတောင်းပြုရင်း…

စာမျက်နှာ

175

စာအုပ်အရွယ်အစား

5.3× 0.4×8.2 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

25 in stock

ချစ်သော အမျိုးသမီးလေးထံသို့ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat (verified owner)

    ချစ်သောအမျိုးသမီးလေးထံသို့…
    ဆရာမစူးရှမေရဲ့ ထွက်ထားတာမကြာသေးတဲ့ စာအုပ်သစ်လေး🥰 စာအုပ်နာမည်လေးက အစသဘောကျရသလို မျက်နှာဖုံးက အမျိုးသမီးလေးတစ်ယောက် စာဖတ်နေတဲ့ပုံလေးကိုကြည့်ရင်း နွေးထွေးအေးချမ်းခြင်းကိုပါ တစ်ပြိုင်နက် ခံစားမိပါတယ်။
    Self Healing ရချင်သူများအတွက်၊
    Healthy Relationship ပိုင်ဆိုင်လိုသူများအတွက်၊ Toxic Relationshipကနေ ရုန်းထွက်နိုင်ဖို့အတွက် ၊ Self-loveကိုတည်ဆောက်နိုင်ဖို့အတွက်၊ အမျိုးသမီးလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ဖို့အတွက် စတဲ့အကြောင်းအရာလေးတွေကို နူးညံ့နွေးထွေးစွာနဲ့ အကြုံပြု ပြောဆိုပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။
    Self-lost ဖြစ်တတ်တဲ့ ကျွန်မအတွက်တော့ ဒီစာအုပ်လေးက အထောက်အပံ့ကောင်းတစ်ခုပါပဲ။
    သူများကို မချစ်တတ်ခင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ကိုလည်း remindဖြစ်စေတယ်။ကိုယ့်ကိုယ်ကိုယ် လေးစားရမယ်ဆိုတဲ့ အသိလေးလည်း ဝင်လာစေပါတယ်။နောက်ပြီး ကျွန်မဘဝရဲ့ ခက်ခဲတဲ့အချိန်တစ်ချို့မှာ အတူရှိနေပေးတဲ့ သူငယ်ချင်းတွေကိုပါ ကျေးဇူးတင်စိတ်နဲ့ သတိရမိတာပါပဲ။
    အဆိုးတွေ ကုန်သွားပြီးတဲ့နောက် ကံကောင်းမှုတွေက ဆက်တိုက်ပြန်လာတတ်တယ်တဲ့လေ….။ဒီနှစ်ထဲမှာတော့ကျွန်မအတွက် ကံကောင်းခြင်းတွေ မကြာခဏ ဆိုသလို လက်ခံရရှိတာလည်း တကယ်ကိုကျေးဇူးတင်မိပါတယ်။ကျေးဇူးတင်စိတ်နဲ့အတူ ကောင်းတစ်ခါ၊ဆိုးတစ်လှည့် လောကဓံတရားကိုပါ သတိချပ်မိစေပါသေးတယ်။
    ကျွန်မ ဘဝထဲမှာ အဆိုးဆုံးလို့ ခံစားမိခဲ့တဲ့ အခိုက်အတန့်တွေ၊ လူတွေနဲ့လည်း
    ကြုံဆုံခဲ့ရဖူးပါတယ်။ဒါတွေဟာ ဆရာမပြောထားသလို ပြောရရင် ဝဋ်ကြွေးတွေပါပဲ။Healing Process မှာ တစ်ဖက်လူကမတောင်းပန်လည်း ခွင့်လွှတ်ပေးရပါတယ်တဲ့…🍀 ဒါကြောင့် အခုချိန်မှာတော့ ဒေါသစိတ်နဲ့ တေးမှတ်မထားတော့ဘဲ ခွင့်လွှတ်လိုက်ဖို့ပဲ ကြိုးစားဖြစ်ပါတယ်။ဘယ်သူတွေ ဘာဘဲဖြစ်နေနေ ကိုယ်ကတော့ ကောင်းအောင်နေဖို့လိုပါတယ်။
    ရာသီတွေလည်း ပြောင်းတယ်။
    တိမ်တွေလည်း ပုံစံပြောင်းတယ်။
    လူတွေကလည်း ပြောင်းလဲတတ်ပါတယ်တဲ့…။တွေ့၊၊ဆုံ၊ကြုံ၊ကွဲ လူရယ်လို့ ဖြစ်တည်လာရတဲ့ အချိန်အခိုက်အတန့်မှာ အနားမှာရှိနေပေးသူတွေအပေါ် ကျေးဇူးတင်စိတ်နဲ့ပဲ အေးချမ်းစွာ ဖြတ်သန်းချင်တော့တာပါပဲ🤎
    ဘယ်လောက်ပဲ ပျက်စီးမှုတွေရှိပါစေ
    အမြဲတစေ တည်ဆောက်နေရတာကိုက
    ဘဝပါတဲ့…။
    စာတွေ ပိုဖတ်မယ်။လူတွေအပေါ်မှာ
    မေတ္တာတရားနဲ့ တတ်နိုင်သလောက် ကူညီမျှဝေပေးမယ်။လွှတ်ချသင့်တဲ့ အရာတွေကို လွှတ်ချပြီး ပေါ့ပါးတဲ့
    နေ့ရက်တွေဖြစ်အောင် တစ်နေ့ပြီးတစ်နေ့ ကြိုးစားရှင်သန်သွားပါဦးမယ်…🤎
    ကျွန်မကတော့ ကိုယ့်အကြောင်းကိုယ်reflectလုပ်ရင်း ဖတ်သွားတာမို့
    Self-loveနဲ့ Self-Healing အပိုင်းကိုပဲ အဓိကထား ညွှန်းဖြစ်တာပါ။
    Relationship ပိုင်းမှာ အဆင်မပြေတဲ့
    အစ်မတွေ၊ ညီမလေးတွေဆိုရင်လည်း
    ဖတ်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။
    ကျွန်မအကြိုက်ဆုံး စာသားလေးတစ်ခုပြောရမယ်ဆိုရင် သူများကို ချစ်မပေးခင် ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပေးပါတဲ့🥰ဖတ်ပြီးရင် ကိုယ့်အကြောင်းကိုယ်လည်းReflectပြန်လုပ်လို့ ရပါသေးတယ်🤎
    စာအုပ်ကောင်းလေး ရေးသားပေးတဲ့အတွက်လည်း ဆရာမ စူးရှမေကို ကျေးဇူးအများကြီးတင်ပါတယ်🤎
    ချစ်ခင်လေးစားရတဲ့ ညီမလေးHsu
    ဒီထက်မက စာတွေ အများကြီး ရေးသားမျှဝေနိုင်ပါစေရှင်🥰
    #စူးရှမေ
    #ချစ်သောအမျိုးသမီးလေးထံသို့
    #countryroads
    #reviewby하은
    #20Dec2023

  2. Htet Htet Tin Zar (verified owner)

    💙 “ချစ်သောအမျိုးသမီးလေးထံသို့” စာအုပ်လေးက ဆရာမစူးရှမေရဲ့ ငါးအုပ်မြောက် စာအုပ်လေးပါ။ အရင်လိုပဲ ရင်းနှီးနွေးထွေးတဲ့ စကားပြောဟန်တွေနဲ့ ရေးသားထားတဲ့ ဆရာမရဲ့ ဒီစာအုပ်လေးက စာအုပ်နာမည်လိုပဲ အမျိုးသမီးငယ်လေးတွေကို ဦးတည်ပြီး ရေးထားတဲ့ စာစုလေးတွေပါ။ Relationship နဲ့ ပတ်သက်တဲ့ topic တွေ၊ self-healing ဘယ်လိုလုပ်ရမယ်ဆိုတာတွေ၊ self-love ဆိုတာ ဘယ်လိုတွေလည်း လုပ်လို့ရတယ်ဆိုတာ၊ စာဖတ်ဖို့၊ ကိုယ်ပိုင်အချိန်ပေးဖို့၊ ဘဝရပ်တည်နိုင်အောင် ကြိုးစားဖို့ စတဲ့ တိုက်တွန်းအားပေးမှုတွေ အစရှိသဖြင့် အမျိုးသမီးငယ်လေးတွေမှာ ဖြစ်လေ့ရှိတတ်တဲ့ relationship အပိုင်းရော၊ လောကဓံဆိုင်ရာ အကြောင်းအရာတွေ များစွာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ညီမလေးလို့ စာဖတ်သူတွေကို သုံးနှုန်းထားတဲ့ ချစ်သောအမျိုးသမီးလေးထံသို့ဆိုတဲ့ စာစုလေးတွေမှာဆိုရင် ပိုပြီးရင်းနှီးနွေးထွေးတဲ့ ခံစားချက်ကို ရစေတယ်။ ဒီစာအုပ်လေးထဲ စာစုပေါင်း အပုဒ် (၄၀) ပါပါတယ်။
    __________________________

    ❝ဆရာမမွန်ဟော်စီ၏ အမှာစာ❞

    💙 “ချစ်သောအမျိုးသမီးလေးထံသို့” စာအုပ်ဟာ တကယ်ပဲ အမျိုးသမီးငယ်လေးတွေကို ချစ်ခင်ရင်းနှီးစွာ ရည်ညွှန်းရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေအတွက် အကြံပြုချက်လေးတွေ အများကြီး ပါတယ်။

    💙 အရှေ့ပိုင်းမှာ Relationship နဲ့ ပတ်သက်တဲ့ အကြောင်းတွေ အတော်များများ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ တန်ဖိုးထားဖို့က စလို့ ရေးထားတာတွေမှာ သဘောမတူစရာတွေ မရှိပါဘူး။ နောက်ပိုင်းမှာတော့ လောကဓံကို ရင်ဆိုင်ရတဲ့အကြောင်းတွေ ပါပါတယ်။

    💙 ကျွန်မသာ မိခင်တစ်ယောက်ဆိုရင် ကျွန်မ သမီးလေးကို ဒီစာအုပ်လေး ဖတ်ဖို့ ဝယ်ပေးမှာ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေ ဖတ်စေချင်ပါတယ်။

    ❝စာရေးသူ၏ အမှာစာ❞

    💙 ဒီစာအုပ်လေးဟာ ကျွန်မ ချစ်ခင်ရတဲ့ အမျိုးသမီးတိုင်းအတွက်၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ “ချစ်သော အမျိုးသမီးလေးထံသို့” စာအုပ်လေးမှာ အမျိုးသမီးလေးတွေအနေနဲ့ သိထားသင့်တဲ့ ဘဝအကြောင်းတွေ၊ relationship နဲ့ ပတ်သက်ပြီး သိစေချင်တဲ့ အကြောင်းအရာတွေ၊ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝ ရပ်တည်ရေးအတွက် လိုအပ်တဲ့ အရာတွေ၊ မိမိကိုယ်မိမိ ချစ်ခင်လေးစားတတ်ဖို့၊ လိင်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံခြင်းတွေကို မိမိကစ ရပ်တန့်နိုင်ဖို့ အစရှိတဲ့ ခေါင်းစဉ်တွေအောက်မှာ ပေါ့ပေါ့ပါးပါး ရေးသား မျှဝေထားပါတယ်။
    __________________________

    💙 အိမ်မှုကိစ္စ သင်ယူတယ်ဆိုတာ ယောက်ျားယူဖို့ မဟုတ်ဘူး။ ယောက္ခမ အိမ်မှာ မျက်နှာရဖို့ မဟုတ်ဘူး။ ရပ်တည်ဖို့။ ဘဝကို ရပ်တည် နိုင်ဖို့ပဲ ဖြစ်သင့်တယ်။ ဘဝကို တစ်ယောက်တည်း ရပ်တည်ရတဲ့အခါ၊ နိုင်ငံရပ်ခြားမှာ နေထိုင်ရတဲ့အခါ၊ ဘဝဟာ သေရေးရှင်ရေး ဖြစ်လာတဲ့အခါမှ ထမင်းမငတ်အောင်၊ မသေအောင် ကြံဖန် ရုန်းကန်နိုင်ဖို့အတွက် ဖြစ်တယ်။ ယောက်ျားလေးလဲ အိမ်မှုကိစ္စ တတ်ရမယ်။ ဟင်းလဲ ချက်တတ်ရမယ်။ ကောင်းတာ၊ မကောင်းတာ အရေးမကြီးဘူး။ ကိုယ့်ဗိုက် မငတ်အောင်တော့ လုပ်တတ်ကိုင်တတ်ရမယ်။ အရာရာ သူများအပေါ် အားကိုးနေလို့ ရတော့တဲ့ ခေတ်လဲ မဟုတ်ဘူး။ ပေါ်ကြော့နေတတ်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ဘူး။ ရှက်စရာ။ (~ အိမ်မှုကိစ္စဆိုတာ လူတိုင်း တတ်ထားရမဲ့ အရာ)

    💙 ကိုယ် ရွေးချယ်မဲ့ partner ဟာ ကိုယ့်ဘဝအတွက် အတိုင်းအတာ တစ်ခုအထိ အားကိုးအားထားရှိဖို့ လိုအပ်တယ်ဆိုတာ မှန်ပေမဲ့ ကိုယ့်ဘဝရဲ့ အသက်ရှင် ရပ်တည်ရေး၊ လိုအပ်ချက်တွေအတွက်တော့ အချစ်ကို ရှာစရာ မလိုဘူး။ အိမ်ထောင်ပြုစရာ မလိုဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် ဦးဆောင်နိုင်ရမယ်။ ကိုယ့်ဝမ်းကိုယ် ပြည့်အောင် ဖြည့်ဆည်းနိုင်ရမယ်။ ပင်ပန်းတဲ့အခါ၊ ဝမ်းနည်းတဲ့အခါ မိမိကိုယ်မိမိ ထွေးပွေ့ ယုယပေးတတ်ရမယ်။ အရာအားလုံးရဲ့ အစဟာ ကိုယ်ကိုယ်တိုင်ပဲ။ ပြောင်းလဲနိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းတွေဟာ within you ကိုယ့်ကိုယ်တွင်းမှာပဲ ရှိတယ်။ အထီးကျန်လို့ ဆိုပြီး မချစ်ပါနဲ့။ အမှီခို လိုလို့ ဆိုပြီး အချစ်ကို မရှာပါနဲ့။ (~ အမှီခို လိုလို့ မချစ်ပါနဲ့)

    💙 ဖောက်ပြန်တယ် ဆိုတာလေ ကာမအရ မကျူးလွန်ဘဲ စိတ်နဲ့ ဖောက်ပြန်ရင်တောင် ဖောက်ပြန်တာပါပဲ။ ကိုယ်နဲ့ အတူရှိနေပြီး အခြား သူတစ်ယောက်အပေါ် စိတ်ရောက်နေတာကလဲ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းပါပဲ။ (~ ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ ထိုက်တန်ရဲ့လား)

    💙 လူတိုင်းဟာ သူ့ Drama နဲ့ သူ နေကြတာချည်းပါပဲ။ ဘဝမှာ လူတိုင်းဟာ ထိခိုက်အနာတရ ရခဲ့ဖူးတာချည်းပါပဲ။ စိတ်ဒဏ်ရာ ရှိတာဟာ သိမ်ငယ်စရာ၊ အားငယ်စရာ အရာတစ်ခု မဟုတ်သလို၊ ကြွားဝါ စရာ၊ cover ယူစရာ စကားလုံးတစ်ခုလဲ မဟုတ်ပါဘူး။ စိတ်ဒဏ်ရာတွေဆိုတာ ကုစားဖို့ပါ။ ကိုယ့်တာဝန် ကိုယ်ယူပြီး ကုစားဖို့ပါ။ မဆိုင်တဲ့ သူတွေအပေါ် ပုံချစရာအရာ မဟုတ်ပါဘူး။ (~ စိတ်ဒဏ်ရာဆိုတာ cover ယူဖို့ မဟုတ်ပါဘူး)

    💙 ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားရတဲ့ အလုပ်ဟာ အနာကို အရက်ပြန် လောင်းရသလိုပဲ နာကျင်ရတယ်ဆိုတာ မှန်ပေမဲ့ ဒဏ်ရာတွေ တဖြည်းဖြည်း သက်သာလာတဲ့အခါ ကိုယ့်ဘဝရဲ့ ရှင်သန်နေထိုင်ခြင်းတွေက ပိုပြီး ပေါ့ပါးပျော်ရွှင်လာရပါလိမ့်မယ်။ (~ အနူးညံ့ဆုံး သန်မာမှု)

    💙 လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်းဆိုတာကလဲ ရေစက်ရှိလို့ ဆုံရသလို ဝဋ်ကြွေးရှိရင်လဲ ဆုံရတယ်။ ရေစက်တွေ ကုန်တဲ့ တစ်နေ့မှာ ခွဲခွာကြရသလို ဝဋ်ကြွေးတွေ ကုန်တဲ့ တစ်နေ့မှာလဲ ခွဲကြရတယ်။ (~ Walk Away with Grace – ကျေးဇူးတင်စိတ်နဲ့ပဲ စွန့်ခွာပါ)

    💙💙💙💙💙

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စူးရှမေ စာအုပ်များ