ဗိုလ်ကေနဲ့သနပ်ခါး

( 2 မှတ်ချက်)

6500 (ကျပ်)

လောကမှာ ယောက်ျားကောင်းရှားသွားပြီလို့ ပြောရင် လက်ခံကြမလားဗျ။ ယောက်ျားကောင်းဆိုတိုင်း အပေါ်ယံလေးကြည့်ပြီး ပြောလို့ရတဲ့ အရာမဟုတ်တာကိုတော့ သတိချပ်စေချင်တယ်။ သစ္စာရှိမှု၊ တန်ဖိုးထားမှု၊ ကိုယ်ချင်းစာမှု၊ ပရဟိတစိတ်ရှိမှု စတဲ့အချက်တွေတော့ ရှိဖို့လိုပါတယ်။

ယောက်ျားသားများဟာ မိန်းမသားတွေနဲ့ တူတူနေဖို့ကြုံလာရင် (ဆိုလိုသည်မှာ လင်မယားအရာမမြောက်သေးဘဲ ကံကြမ္မာစေလာလို့ တူတူနေဖို့ဖြစ်လာတဲ့ သဘောပါ) သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန့် အင်မတန် ခဲယဉ်းပါတယ်။ ယောက်ျားပီသနေဖို့တော့ လိုတာပေါ့။

နောက်တစ်ခုက ရုပ်ရှင်၊ ဗီဒီယိုထဲမှာဆို အားနွဲ့သူမိန်းမသားတွေကို ကူညီပေးကြတာ လုံးဝ ကြွယ်ဝချမ်းသာနေတဲ့ သူတွေကြီးပါပဲ။ ဒီဝတ္ထုထဲမှာဆို ယောက်ျားပီသတဲ့လူတစ်ယောက်၊ ကိုယ်တိုင်က အနေစုတ်ပေမဲ့ စိတ်ထားက လေးစားစရာ။

ချွေးမဆိုတာနဲ့ ယောက္ခမရဲ့ ရန်ဘက်လို ကမ္ဘာဦးကတည်းက ဆိုခဲ့ကြပါတယ်။ ချွေးမအတွက် အရာရာဆိုတဲ့ ယောက္ခမမျိုးကို မြင်ချင်ရင် ဒီစာအုပ်လေးဖတ်ကြည့်ပါ။

အမိအဘမရှိတော့တဲ့မိန်းကလေးတစ်ယောက်အတွက် လောကကြီးရဲ့ ထိုးနှက်ချက်တွေ၊ ယုတ်မာပတ်စက်မှုတွေဟာ ထိုမိန်းကလေးရဲ့လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေ ပျောက်သွားစေတတ်ပါတယ်။

“ဗိုလ်ကေနဲ့သနပ်ခါး” ဝတ္ထုကို ဖတ်ကြည့်ပြီးရင် လူတန်းစားနှစ်ရပ် ကွဲသွားမှာ မလွဲပါ။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းထဲက အံ့ထူးမောင်ရဲ့ ကူညီတဲ့စိတ်ထားလေးကို အကောင်းမြင်တဲ့သူတွေက ချီးကျူးကြမှာ ဖြစ်သလို အကောင်းမမြင်တဲ့ လူတစ်စုကတော့ ဝိုင်းပြီးလှောင်ရယ်နေကြမှာပါ။

စာမျက်နှာ

240

စာအုပ်အရွယ်အစား

5.4×0.4 8.2 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 အောက်တိုဘာလ

11 in stock

ဗိုလ်ကေနဲ့သနပ်ခါး အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thet Naing Aung

    🔘 ဝတ္ထုတိုလေးတွေ မဖတ်ရတာကြာတော့ ဖတ်ချင်လာတာနဲ့ ဖတ်ဖို့ရွေးမိတာက သိုက်(ရွှေကူ)ရဲ့ စာအုပ်လေး။ စုစုပေါင်း ဝတ္ထုတို ( ၁၇ ပုဒ် )ပါပါတယ်။

    🔘 သူငယ်ချင်းသံယောဇဉ်တွေ ၊ ညီကိုမောင်နှမသံယောဇဉ်တွေ ၊ အဘိုးအဘွားနဲ့မြေးသံယောဇဉ်တွေ ….. ။ ဒီစာအုပ်လေးမှာ ရသမျိူးစုံကို တမျိုးစီခံစားဖတ်ရှုရပါတယ်။

    🔘” ရာဇဝင်များရဲ့သတို့သမီး ” ကတော့ ထူးထူးခြားခြား အရှိဆုံးလို့ ပြောရမယ်ထင်ပါရဲ့။ ဧရာဝတီမြစ်ဘက်ကနေ ခံစားရေးဖွဲ့ထားတာလေးက တမျိုးတဘာသာ ခံစားရရော။

    🔘 ” ဗိုလ်ကေနဲ့သနပ်ခါး “ ဆိုတဲ့ ဝတ္ထုလေးက ဝတ္ထုရှည်လေးသာဆို ဘယ်လောက်ကောင်းလိမ့်မလဲလို့တွေးမိတယ်။ အံ့ထူးမောင်ကတော့ မှတ်မှတ်ရရဖြစ်မိတဲ့ ဇာတ်ကောင်တခုပေါ့။ သူ့ရဲ့ ကူညီရိုင်းပင်းမှူ့ ၊ စာနာတတ်မှု့နဲ့ အနစ်နာခံမှုလေးဟာ လေးစားစရာ။

    🔘 ရင်ထဲထိမိတဲ့ နောက်တပုဒ်က ” မေငြိမ်း ” ။ မေငြိမ်းဟာ မငြိမ်းချမ်းတဲ့နယ်မြေတခုက ပရဟိတဆရာမလေး။ သူမရဲ့အိပ်မက်တွေအကောင်ထည်ပေါ်လာကာမှ မေငြိမ်းဟာ ကံကြမ္မာရဲ့ ရက်စက်မှု့ကိုခံလိုက်ရသူတဦးအဖြစ် ဆို့နင့်စွာဖတ်ရှူရပါတယ်။

  2. Htet Htet Tin Zar

    🧶 ဆရာသိုက်(ရွှေကူ) ရေးသားတဲ့ “ဗိုလ်ကေနဲ့သနပ်ခါး” ဆိုတဲ့ ဒီစာအုပ်လေးက ဝတ္ထုတိုလေး (၁၇) ပုဒ် စုစည်းထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အများအားဖြင့် ကချင်ပြည်နယ်နဲ့ ရွှေကူမြို့တစ်ဝိုက်ကို နောက်ခံပြုထားတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပြီးတော့ ဇာတ်လမ်းဇာတ်ကွက် အမျိုးအစား စုံလင်ပါတယ်။ အကြောင်းအရာ တင်ဆက်ပုံ ရိုးရှင်းပြီး ဖတ်ရတာ သွက်ပြီး ချောပါတယ်။ မတူညီတဲ့ ဇာတ်လမ်းအမျိုးမျိုးကြောင့် ခံစားမှုရသ စုံလင်စွာ ရရှိစေမယ့် ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။
    __________________________

    ❝ဆရာမကြီး ယဉ်ယဉ်နု (မန္တလေး) ၏ အမှာစာ❞

    သိုက်(ရွှေကူ)ရဲ့ အဓိကအားသာချက်ကတော့ အမျိုးမျိုး၊ ဘဝအဖုံဖုံကို ရေးဖွဲ့နိုင်ခြင်း ဖြစ်ပါတယ်။ ရေးအားကောင်းတာကလည်း စာရေးသူကောင်းတစ်ယောက်ဖြစ်ဖို့ရာအတွက် တွန်းအားတစ်ခုပါပဲ။ စမ်းချောင်း ရေအလျဉ်ဟာ တသွင်သွင်စီးဆင်းမှ ရေအလျဉ်မပြတ်သလို စာရေးသူတစ်ယောက်ဟာလည်း အမြဲမပြတ် စာရေးနိုင်မှ အစဉ်ရှင်သန်မှုရှိမှာပါ။ အချိန်ကို အအားမထားဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားရေးဖွဲ့နေတဲ့ စာရေးသူ သိုက်(ရွှေကူ)ရဲ့ အောင်မြင်မှု ရွှေရောင်နေ့ရက်များကို မျှော်မှန်းရင်း ကောင်းသော မုဒိတာနဲ့ ချိုတေးစကား ဆိုလိုက်ရပါတယ်ရှင်။

    ❝“မြစ်မင်းကြီး၏ သားလိမ္မာ” အမည်ဖြင့် ဆရာတက္ကသိုလ်တင်ဟန်ကျော်၏ အမှာစာ❞

    သိုက် (ရွှေကူ)၏ ဝတ္ထုများကို “အားလုံးကောင်းပါသည်” ဟု မဆိုလိုပေ။ သူ့အသက် သူ့အရွယ်၊ သူ့ဘဝအတွေ့အကြုံ၊ သူ့စာပေခရီး ဖြတ်သန်းမှုအရ အားမလို အားမရ ဖြစ်ရသည်များလည်း ရှိသည်။ တချို့ သူ့ဝတ္ထုများကို ဖတ်ပြီးသောအခါ နှမြောရသည်လည်း ရှိသည်။ ဧရာဝတီအကြောင်း ရေးဖွဲ့သောအခါ ‘ဧရာဝတီ အလှ’ ကို တဝကြီး ခံစားရတော့မည်ဟု မျှော်လင့်မိသော်လည်း “ဧရာဝတီကမ်း တစ်စိတ်တစ်ဒေသ” ကိုသာ မြင်တွေ့ရသောအခါ နှမြောမိသည့် နှမြောမိခြင်းမျိုး ဖြစ်သည်။ တချို့ဝတ္ထုများသည် ဝက်သား၊ ကြက်သား၊ ဆိတ်သားဆီပြန်ဟင်းများသာ အလျှံပယ် ချကျွေးပြီး ငါးပိရည်နှင့် အတို့အမြုပ်၊ ဟင်းရည်ချိုချိုလေးများ မပါသောကြောင့် ဆီပြန်ဟင်းများနှင့်သာ တင်းတိမ်လိုက်ရ၍ အားမလို အားမရ ဖြစ်မိသည်လည်း ရှိသည်။
    __________________________

    ၁။ ချစ်ခြင်းရဲ့ နောက်ကွယ်
    အောင်၊ အထွန်း၊ မော်တို့ သုံးယောက်က ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ပဲ ခင်မင်သွားကြမယ်လို့ ကတိပြုထားကြတဲ့ သူငယ်ချင်းတွေ။ ကျောင်းတွေပြီးလို့ ကိုယ့်မြို့ရွာမှာ တာဝန်ထမ်းဆောင်ကြရင်း အထွန်းတစ်ယောက် မွေးစားမိဘတွေ ပေးစားသူနဲ့ မယူချင်ဘဲ ယူလိုက်ရတယ်။ နောက်တော့ အထွန်း ဆုံးသွားတဲ့ သတင်းကို ကြားရတော့ အထွန်းရှိတဲ့ ပြင်ဦးလွင်ကို မော်နဲ့ အောင်တို့ လိုက်လာခဲ့ကြပြီး အထွန်းရဲ့ သေတဲ့အထိ သိမ်းဆည်းခဲ့တဲ့ လျှို့ဝှက်ချက်ကို အောင်သိခဲ့ရတဲ့ ဇာတ်လမ်းလေး။

    ၂။ ဟဲ့ … မြလွင်၊ ငရဲပြည်လား၊ နတ်ပြည်လား
    အသက် ၈၀ ကျော် အမျိုးသမီး ဒေါ်မြလွင် ဈာပနချမယ့်ရက်မှာ သွားလေသူ ဒေါ်မြလွင်နေရာကနေ ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ မိခင်ဖြစ်သူကို မသေခင် အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့တဲ့ အငယ်ဆုံးသမီး ခင်‌ထွေးရီက သူ့အမေ ဈာပနမှာ လုံးဝမငိုဘဲ ကျန်းမာနေတုန်း ပြစ်တင်ပြောဆိုခဲ့တဲ့ အလတ်မ နွဲ့နွဲ့မူကတော့ အသံကုန်ဟစ် အော်နေပြီး သားကြီး ဘုန်းမိုကတော့ အမေ အသည်းအသန် ဖြစ်နေတောင် လူမလာဘဲ ငွေသာ ပို့နေခဲ့ပြီး ခုဆုံးပါးချိန်မှာလည်း မိသားစုနဲ့ ရောက်မလာဘဲ သူတစ်ယောက်တည်း လာခဲ့ကြောင်း သားသမီးတွေအပေါ် ခံစားချက်အကြောင်း ပြောပြပြီးမှ မသေခင် ကုသိုလ်ကောင်းမှု လုပ်ထားသင့်ကြောင်းနဲ့ သေတဲ့အခါ ကုသိုလ် မလုပ်ထားရင် ငရဲမင်းက ရာထူးတွေ၊ ချောတာလှတာတွေကို ဘက်လိုက်ပြီး နတ်ပြည် ပို့မှာမဟုတ်ကြောင်းနဲ့ သေတဲ့အခါ ကိုယ့်နောက် ဘာမှမပါမှာမို့ အသက်ရှင်စဉ် ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ တိုက်တွန်းထားတဲ့ ဝတ္ထုလေးပါ။

    ၃။ အရူးမဗိုက်ထဲ ပုဏ္ဏားလေးရှိသည်
    လူကိုခင်ရင် မူကိုပြင်တာမို့ လူကိုခင်အောင် ဖားတ်ရတဲ့သဘော၊ ရေအိုးစင်က ကြိုးချည်ထားတဲ့ ရေခွက်လေးကို မြင်ပြီး ရေချမ်းစင်က ရေခွက်တောင် အလွတ်မပေးတတ်တဲ့ လူတွေအကြောင်း၊ ဖုန်းနဲ့ ဂိမ်းဆော့နေရင် လူ့ကျင့်ဝတ်ကို လစ်ဟင်းတတ်သူတွေအကြောင်း၊ သစ်တောရုံးရှေ့က သစ်မခုတ်ရဆိုင်းဘုတ် ဆွဲထားပြီး ရုံးထဲကြည့်တော့ သစ်တွေ ပြည့်နေကြောင်း၊ အမှိုက်မပစ်ရ ဆိုင်းဘုတ်ဘေးနားက တောင်လောက်မြင့်တဲ့ အမှိုက်ပုံကြီးအကြောင်း စသဖြင့် လူ့သဘာဝနဲ့ အကျင့်စရိုက်တွေကို အရူးမ ဝင်းရှိန် နေရာကနေ သရော်ထားတဲ့ ဝတ္ထတိုတစ်ပုဒ်။

    ၄။ မေတ္တာစောင်းကြိုး
    ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တဲ့ ကြိုင်တို့ လင်မယားနှစ်ယောက် ကြိုင့်မိဘတွေအိမ်မှာပဲနေပြီး အတူတူ ရုန်းကန်ခဲ့ကြတယ်။ မနက်အစောကြီး တစ်ဖက်ကမ်းမြို့မှာ ပင်ရင်းသည်တွေဆီက ကုန်စိမ်းတွေ ဝယ်ပြီး ရပ်ကွက်ထဲမှာ ပြန်လှည့်ရောင်းကြတယ်။ ဒီလိုနဲ့ သားလေး ရလာတော့ မိဘတွေနေတဲ့ ရွှေကူမြို့နဲ့ ၁၀မိုင်လောက်ဝေးတဲ့ ရွာမှာနေပြီး အိမ်ခွဲနေလိုက်တယ်။ စီးပွားရေးတစ်ဖက်နဲ့မို့ သားလေးနဲ့က အဆင်မပြေတာမို့ မိဘတွေအိမ် သွားထားထားရတယ်။ နောက်တော့ အဖေ၊ အမေနဲ့ စိမ်းလာတာမို့ ကြိုင်က သူရွာက အိမ်မှာပဲ ဈေးဆိုင်ဖွင့်ပြီး သားကို ထိန်းကျောင်းမယ်ဆိုပြီး သားလေးကို သွားခေါ်လာတော့ အဘိုးအဘွားတွေမှာ မျက်ရည်လည်ရွဲနဲ့ ကျန်ခဲ့ရတဲ့ ဇာတ်လမ်းလေး။

    ၅။ ဒီဝါကျွတ်ကို အရှုံးပေးပါတယ်
    လူပျိုကြီး ရင်ထူးက အသားကမည်းမည်း သွားကခေါမို့ ကြိုက်မယ့်လူမရှိ။ ဒီလိုဖြစ်ရတာလည်း သူနဲ့လုံးဝ သွင်ပြင်ပုံစံမတူတဲ့ သူ့အစ်ကို ထူး‌အောင်ရဲ့ ငယ်တုန်းက လက်ချက်ကြောင့်။ ငယ်တုန်းက အစ်ကိုက ကွမ်းသီးပင် တက်ခိုင်းရာက သွားခေါခဲ့ရပြီး ‌ဘဲနဲ့မှားပြီး ရိုက်လိုက်တာ ရင်ထူး နားထင်မှာ အမာရွတ် ကျန်ခဲ့ရတယ်။ ဒီတော့ ရင်ထူး မစွံတာမို့ စော်ကြည်တဲ့ အစ်ကိုဖြစ်သူကိုလည်း မစွံအောင် လုပ်တဲ့အကြောင်းလေးပါ။

    ၆။ တစ်ဖက်စောင်းနေသော ချိန်ခွင်လျှာ
    အမှိုက်ပုံဘေး သက်ငယ်အမိုး၊ မိုးကာဖျင်အဟောင်းတွေ ကာရံထားတဲ့ မြေစိုက်တဲတွေထဲက တစ်တဲမှာ နေကြတဲ့ မြလေးနဲ့ မြေစာတို့ မောင်နှမနှစ်ယောက်က ဘူးခွံတွေ လိုက်ကောက်ရင်း မိသားစုအတွက် ဝမ်းကျောင်းကြတယ်။ တစ်နေ့ ကျောင်းရှေ့မှာ သွားအကောက် ကျောင်းထဲက ကဗျာရွတ်သံကြောင့် မြလေး ကျောင်းတက်ချင်လာပြီး အစ်ကိုကလည်း ညီမလေးကို ကျောင်းထားပေးဖို့ မိဘတွေကို ပြောပေမယ့်အကြောင်း ပြောပြီး အိမ်ပြန်လာချိန် ငိုနေတဲ့ အမေ့ကို တွေ့ရတာမို့ အကျိုးအကြောင်း မေးမြန်းကြည့်တော့ သူတို့နေတဲ့ နေရာကနေ ဖယ်ပေးရတော့မယ့်အကြောင်း အဖေက ပြောပြပြီး ညီမလေး ကျောင်းတက်ဖို့ကိစ္စ မပြောခဲ့လိုက်ရတဲ့ ဇာတ်လမ်းလေး။

    ၇။ တစ်ဦးတည်းသောသား
    သားလေး အာကာကို မွေးတော့ သူ့အဖေ ဦးချမ်းသာကြီးက မြို့မှာ မနေတော့ဘဲ တောမှာပဲ နေပြီး အလုပ်ကြိုးစားလုပ်တယ်။ ရသမျှငွေ ပို့ပေးတယ်။ ဒေါ်ကြာဖြူက အာကာကို ချစ်လွန်းပြီး အလိုလိုက်ထားလို့ အာကာ ဆိုးလာခဲ့တယ်။ သားလေး ကြီးလာတော့ အိုင်ဖုန်းလိုချင်တယ်ဆိုတော့ အိမ်ဝင်းကို အတိုးနဲ့ ပေါင်ပြီး ဝယ်ပေးခဲ့တယ်။ သားတက္ကသိုလ်တက်နေချိန် ခင်ပွန်းဆုံးပါးသွားတယ်။ သားကို ကျောင်းပြီးတဲ့အထိ ပင်ပန်းစွာ ကျောင်းထားခဲ့ရတယ်။ ကျောင်းပြီးတော့ သားက နိုင်ငံခြားထွက်မယ်ဆိုလို့ ပေါင်ထားတဲ့ အိမ်ဝင်းကို ရတဲ့ဈေးနဲ့ ရောင်းလိုက်ပြန်တယ်။ ဒေါ်ကြာဖြူတစ်ယောက် သားပြန်လာမယ့်ရက်ကို နေ့စဉ် ရပ်ကွက်ထိပ်က တံတားလေးမှာ သွားသွားထိုင်စောင့်နေပေမဲ့ သုံးနှစ်ကျော်ကြာတဲ့အထိ သားက ပေါ်မလာဘဲ နောက်ဆုံးတော့ ဒေါ်ကြာဖြူ ဆုံးပါးသွားခဲ့တယ်။ ဒါပေမဲ့လည်း သေပြီးတဲ့အထိ ဒေါ်ကြာဖြူ ဆက်ပြီး စောင့်နေသေးတဲ့ ဇာတ်လမ်းလေးပါ။

    ၈။ ရေကြည်ချမ်းမြ
    လူ့လောကထဲ ရောက်လာတဲ့ ကလေးငယ်လေးတစ်ယောက် သူ့ကိုယ်သူ ပျော်လှပြီ ထင်နေတာ သူ့ကိုချီပြီးတော့ မေမေ့သားလေး၊ ဖေဖေ့သားလေးကို ခေါ်နေကြသူတွေကို ကြည့်ပြီး သူတို့တွေရဲ့ မေတ္တာတွေကို ဦးဆုံးခံစားရလိုက်တယ်။ သူ့ကို နေသူရလို့ အဖေနဲ့ အမေက မှည့်ခေါ်ကြတယ်။ အဖေရော အမေရောက နေသူရလေးကို ချစ်လိုက်ကြတာမှ တအားပေါ့။ နေသူရလေး အပြင်းဖျားနေချိန်မှာ ကိုဗစ်ကာလကြီးမို့ အဖေနဲ့ အမေက နေသူရကို ဆေးရုံမပို့ဘဲ အိမ်မှာပဲ ကျိတ်ပြီး ကုကြတယ်။ ဒါပေမဲ့ နေသူရလေးက အခြေအနေ ပိုဆိုးလာပြီး အဖေ့ညီမ ရုတ်တရက် ရောက်လာတာမို့ ဆေးရုံပို့ဖို့ အတင်းတိုက်တွန်းတာကြောင့် နေသူရတစ်ယောက် အသက်ချမ်းသာခဲ့ရတဲ့ ဖြစ်ရပ်လေး။

    ၉။ ရာဇဝင်များရဲ့ သတို့သမီး
    သူက မေခနဲ့ မလိခမြစ်နှစ်စင်း ပေါင်းဆုံရာကနေ ဖြစ်ပေါ်လာခဲ့တဲ့ မြစ်ကြီး ဧရာဝတီပေါ့။ ဧရာဝတီမြစ်ကြီးက ပုဂံခေတ်မတိုင်မီကစလို့ ခေတ်အဆက်ဆက် တာဝန်ကျေပွန်လာတဲ့ မြစ်ကြီး ဖြစ်ပြီး တောင်သူလယ်သမားဦးကြီးတွေ၊ တံငါသည်တွေ၊ သစ်ဖောင်ဝါးဖောင် လုပ်ငန်းနဲ့ သက်မွေးကြသူတွေ၊ မော်တော်ရေယာဉ်သမားတွေက သူ့ကို မှီခိုပြီး နေထိုင်ကြရတယ်။ ဧရာဝတီမြစ်ကြီးကတော့ သူ့အပေါ် မှီခိုသူတွေကို စေတနာထားပေမဲ့ လူတွေရဲ့ စည်းကမ်းပျက်မှုတွေကြောင့် မြစ်ကြီးဟာ နာဖျားမှုတွေ ခံစားနေရတယ်ဆိုတဲ့အကြောင်း ဧရာဝတီမြစ်နေရာကနေ ဝင်ခံစားပြီး ရေးထားတာပါ။

    ၁ဝ။ ခုနစ်စဉ် အမျှင်တန်း
    တင်တင်ညိုအမေ ဆုံးပါးတော့ အိမ်မှာ အဖေဦးသောင်းနိုင်၊ ညီမဖြစ်သူ နုဝေနဲ့ တင်တင်ညိုတို့ပဲ ကျန်ခဲ့တယ်။ တင်တင်ညိုက ၁၄နှစ်နဲ့ နုဝေက ၆နှစ်ပဲ ရှိသေးတာမို့ အဖေလုပ်သူ စီးပွားရှာသွားချိန်မှာ အိမ်ထောင်ကျသွားတာ မကြာသေးတဲ့ အစ်မကြီး မာမာလွင်နဲ့ သူ့ယောက်ျား ပိုင်သုတို့ကို အိမ်မှာနေပေးဖို့ ခေါ်ထားရတယ်။ ဒါပေမဲ့ အိမ်အလုပ်တွေအားလုံး တင်တင်ညိုပဲ လုပ်ရတယ်။ မာမာလွင်ကတော့ အိပ်လိုက်စားလိုက်ပဲ။ မုန့်ဝယ်လာလည်း သူတို့လင်မယားဘာသာပဲ စားတယ်။ အဖေ ခဏပြန်ရောက်လာပြီး ဆန်ဆီဝယ်ဖို့ ငွေပေးခဲ့ရင်လည်း လင်မယားနှစ်ယောက် လောင်းကစားပြီး ဖြုန်းလိုက်ကြတယ်။ သူ့ယောက်ျား ပိုင်သူကလည်း အငယ်လေး နုဝေကို ရိုက်နှက် ဆေးလိပ်မီးနဲ့ တို့တာလည်း ရှိသေးတယ်။ ဒီလိုနဲ့ တင်တင်ညိုလည်း သည်းမခံနိုင်တဲ့အဆုံး အစ်မဖြစ်သူကို ပြန်ရန်တွေ့ပြီး အိမ်ပေါ်က ထွက်သွားခိုင်းလိုက်တယ်။ ဒါပေမဲ့ နောက်တစ်နေ့ သူတို့လင်မယား ပြန်ရောက်လာပြီး အချိုးတွေလည်း ပြောင်းလာတယ်။ ဒီလိုနဲ့ တစ်ရက် မာမာလွင် အိမ်မှာမရှိချိန် မကောင်းကြံဖို့ ကြိုးစားတဲ့ ပိုင်သုရဲ့ ကြံစည်မှု ဖခင်ကြီး ပြန်ရောက်လာချိန်နဲ့ တိုးတဲ့အခါ ခြေလွန်လက်လွန် ဖြစ်ခဲ့ရတဲ့ ဖခင်မေတ္တာကို ပုံဖော်ထားတဲ့ ဝတ္ထုလေး။

    ၁၁။ အစ်ကိုတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
    အဖေဆုံးပြီးတည်းက မိသားစုတာဝန်က သက်ထွန်းအောင်အပေါ် ကျရောက်လာတယ်။ အမေ၊ ညီနဲ့ ညီမလေးနှစ်ယောက်ကို စောင့်ရှောက်ရမှာကြောင့် ချစ်ရတဲ့ ထွေးမေကို လက်လွှတ်ခဲ့ရတယ်။ သူ့ဘဝတစ်ခုလုံး မိသားစုအတွက် ပင်ပန်းစွာ ရုန်းကန်တယ်။ အထူးသဖြင့် သူ့ညီလေး တေဇာအောင်အတွက်ပေါ့။ တေဇာအောင်ကတော့ သူ့အပေါ် အေးတိအေးစက်သာ ဆက်ဆံတယ်။ တက္ကသိုလ် သွားတက်တော့လည်း ဆိုင်ကယ်ဝယ်ပေး၊ သူငယ်ချင်းတွေနဲ့ ပုဂံသွားချင်တယ်ဆိုတော့လည်း ငွေကြိုထုတ်ပေးရနဲ့ ညီလေး မငြိုငြင်အောင် ပေးခဲ့တယ်။ ဒီလိုနဲ့ တေဇာအောင်က စာသင်ဝိုင်းလေးတွေ ဖွင့်ရင်းနဲ့ အဆင်ပြေလာတာမို့ တဖြည်းဖြည်း မိသားစုတာဝန်တွေ သူ့အပေါ်က လျော့ကျလာပြီး တစ်ခုလပ်ဖြစ်တဲ့ ချစ်ရသူ ထွေးမေနဲ့ ပြန်အဆင်ပြေပြီး ခိုးပြေးခဲ့တယ်။ သူရှာခဲ့သမျှက မိသားစုအရေးပဲ သုံးခဲ့ရလေတော့ ကြိုတင်စုဆောင်းထားတာ မရှိတာမို့ ထွေးမေကို ပြန်အပ်တော့ ပိုက်ဆံချေးပြီး အပ်ခဲ့ရတယ်။ နောက်ပိုင်း အမေအိမ်သွားတိုင်း ညီဖြစ်သူက အစ်ကိုရဲ့ မင်္ဂလာကြွေးကို သူက ဆပ်ပေးနေရကြောင်း၊ မရှိရင် မယူပါနဲ့လား စတဲ့ စကားတွေ ကြားကြားလာရပေမဲ့ အမှတ်မရှိဘဲ သွားဆဲ ညီလေး တေဇာအောင်ကိုလည်း ချစ်ဆဲပါပဲ။

    ၁၂။ ဗိုလ်ကေနဲ့ သနပ်ခါး
    ဗိုလ်ကေက ငယ်လေးတည်းက အဖေခေါ်စရာ မရှိခဲ့ဘူး။ အမေကလည်း ၁၉နှစ်မှာ ဆုံးပါးသွားပြန်တယ်။ ရွာက ခိုင်းသမျှ အလုပ်တွေအားလုံး ဗိုလ်ကေက အကုန်လုပ်တယ်။ တကယ်တော့ ဗိုလ်ကေက မိန်းကလေး။ နာမည်အရင်းက ပြုံးဟေသာ။ မိဘမရှိလို့ မလုံခြုံတော့သလို ခံစားရလို့ ဆံပင်တွေကို ဖြတ်ချပစ်ပြီး ယောက်ျားလေးပုံစံပြောင်းပြီး မြို့ပေါ် တက်လာတယ်။ လာတဲ့နေ့မှာပဲ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့ ငှားလာတဲ့ ဆိုက်ကားဆရာ အံ့ထူးမောင်နဲ့အတူ လိုက်နေဖြစ်တယ်။ အံ့ထူးမောင်က တစ်ယောက်တည်း နေတာ။ ပြီးတော့ သူ့ကိုလည်း ယောက်ျားလေးလို့ပဲ ထင်တာမို့ ကူညီနေပေးခဲ့ပေမဲ့ သူ့အမေ အလည်လာချိန်မှာ ဗိုလ်ကေက မိန်းကလေး ဖြစ်နေကြောင်းကို သိသွားတဲ့ ဇာတ်လမ်းလေး။

    ၁၃။ ပဋာစာရီ မဟုတ်သော ပဋာစာရီ
    ယုဝေတို့မိသားစုက အင်းနားဘေး ရပ်ကွက်လေးမှာနေပြီး စိတ်ကြွဆေးရောင်းတယ်။ ခင်ပွန်းဖြစ်သူ ကိုလူမောင်က ဆက်မလုပ်တော့ဖို့ ပြောပေမဲ့ အဆင်ပြေတဲ့ အလုပ်မို့ လောဘတက်ပြီး မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေတဲ့ ယုဝေတစ်ယောက် နောက်ဆုံးမှာ ခင်ပွန်းလည်း အဖမ်းခံရပြီး သမီးဖြစ်သူလည်း သေဆုံးသွားခဲ့ရတဲ့ ဇာတ်လမ်းလေး။

    ၁၄။ မတူညီသော ဘဝများ
    ဘပုနဲ့ ရေအေးတို့က ကျွဲနွားတွေကို ဝယ်ပြီး တရုတ်ပြည်ကို တိတ်တိတ်ခိုးပို့တဲ့ မှောင်ခိုအလုပ် လုပ်ကြတယ်။ ရေအေးနဲ့ သူ့မိန်းမ နွယ်အေးတို့က အေးအေးချမ်းချမ်း နေထိုင်ကြပြီး ဘပုနဲ့ သူ့မိန်းမ တင်တင်နွဲ့တို့ကတော့ အမြဲတမ်း လောဘဇောတက်ပြီး ရေအေးတို့နဲ့ လိုက်ယှဉ်နေတယ်။ ဒီလိုနဲ့ နောက်ဆုံးတစ်ခေါက် တရုတ်ပြည်ကို နွားတွေ သွားပို့တော့ ရေအေးနဲ့ ဘပုတို့ အတူတူသွားကြတယ်။ ရေအေးလည်း နွားတွေကို ကြည့်ရင်းနဲ့ရော တရားမဝင်တဲ့ အလုပ်ဖြစ်တာမို့ရောကြောင့် ဒီအလုပ်ကို စွန့်လွှတ်ဖို့ သံဝေဂရကြောင်း ပြောတော့ ဘပုလည်း စွန့်လွှတ်မယ့်အကြောင်း ပြောပေမဲ့ တကယ်ကတော့ ရေအေးသာ စွန့်လွှတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်လေး။

    ၁၅။ အနုတ်ဖြစ်သွားသော အပေါင်းလက္ခဏာ
    ကိုထွဋ်ခေါင် သူ့ရဲ့ငယ်ချစ်ဦး လွန်းနဲ့ ဖောက်ပြန်နေချိန်မှာ ကိုထွဋ်ခေါင်နဲ့ ရှင်အေးညွန့်တို့မှာ တက္ကသိုလ်တက်နေကြတဲ့ သမီးနှစ်ယောက်နဲ့ သားငယ်လေးတစ်ယောက် ရှိနေပြီ။ ရပ်တန်းကရပ်ဖို့ အမျိုးမျိုး သတိပေးနေပေမဲ့ ရှေ့ဆက်လာပြီး နောက်ဆုံး ကွာရှင်းပေးဖို့ ပြောပြီး အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ သမီးနှစ်ယောက်က မသွားဖို့ တားနေတဲ့ကြားကတောင် ထွက်သွားခဲ့တယ်။ ဒါပေမဲ့လည်း သားသမီးတွေကို တစ်ဦးတည်း ဘွဲ့ရတဲ့အထိ ပျိုးထောင်ပေးခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရဲရင့်မှုနဲ့ မိသားစုအသိုက်အမြုံကို ဖျက်ဆီးခဲ့သူတွေရဲ့ သွားရာလမ်းအကြောင်း ရေးပြထားတဲ့ ဇာတ်လမ်းလေး။

    ၁၆။ ကောင်းမွေစံ … ဆိုးမွေခံ
    ဦးရန်နောင်သိန်းနဲ့ ဒေါ်တင်မိမိခင်တို့ရဲ့ သမီး ခင်လပြည့်ဝန်း တစ်ရက်မှာ ပျောက်သွားပြီး သူတို့ဆီ စာတစ်စောင် ရောက်လာတယ်။ သူတို့အိမ်မှာ အိမ်ဖော်လာလုပ်ပြီး ဘဝပျက်၊ သေဆုံးသွားခဲ့ရတဲ့ လှသွေးချယ်ရဲ့ အဖေ ဦးဘမောင်ဆီကစာ။ စာထဲ ရေးထားတာက သူတို့တာဝန်ယူမှု မရှိခဲ့တာမို့ သမီးလေး သေခဲ့ပြီး ဇနီးဖြစ်သူလည်း ဒီစိတ်နဲ့ ဆုံးခဲ့ရကြောင်း၊ သမီးကို ပြန်တွေ့ချင်ရင် ရွာမှာ သူနဲ့လာတွေ့ဖို့နဲ့ သူ့ရဲ့တာဝန်ယူမှုဟာ မိသားစုပြန်ဆုံနိုင်ဖို့ ဖြစ်ကြောင်း ရေးထားတယ်။ ဒီလိုနဲ့ ရွာကိုလိုက်သွားတော့ အဝင်အထွက် လွဲသွားကြတယ်။ ရွာကပြန်လာတော့ ဦးဘမောင်က သူတို့ရဲ့ တာဝန်ယူစိတ်ကို စမ်းသပ်ချင်တာမို့ သူတို့ကားနဲ့ အတိုက်ခံခဲ့ပေမဲ့ သူတို့က မောင်းထွက်သွားခဲ့တယ်။ သမီးရှိတဲ့နေရာကို ဦးဘမောင် တစ်ယောက်တည်း သိတာမို့ ပြန်မတွေ့နိုင်တော့တဲ့ ဇာတ်လမ်းလေး။

    ၁၇။ မေငြိမ်း
    တောရွာလေးမှာ ကျောင်းဆရာမအနေနဲ့ အလုပ်လာလုပ်တဲ့ မေ (မေနုကြွေ)။ ဒါပေမဲ့ ရွာမှာက လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစဉ်အမြဲ တိုက်ပွဲတွေ ဖြစ်နေတာမို့ မြို့မှာပဲ ပရဟိတကျောင်းထောင်ပြီး ရွာက ကလေးတွေကို ခေါ်ယူကျောင်းတက်ခိုင်းဖို့ စီစဉ်နေခဲ့တယ်။ ဒါပေမဲ့ အစစအရာရာ စီစဉ်ပြီးခဲ့ပြီပေမဲ့ မေကတော့ ဆက်ပြီး မလုပ်နိုင်ခဲ့တော့ဘဲ မေ့ရဲ့ဆန္ဒတွေကို မေ့ရဲ့ချစ်သူ ကိုမြင့်ဆွေကသာ ဆက်ပြီး အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေး။

    🧶🧶🧶🧶🧶

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သိုက်(ရွှေကူ) စာအုပ်များ