ခံတွင်းနဲ့အပြည့် ငှက်တွေ

( 1 မှတ်ချက်)

8000 (ကျပ်)

တေဇာ(လရောင်လမ်း) မြန်မာပြည်သည့်”ခံတွင်းအပြည့် ဌက်တွေ” ဝတ္ထုတိုပေါင်းချုပ်ကို အောက်တိုဘာ၊၂၀၂၃ ခုနှစ်တွင် စတင်ထုတ်ဝေဖြန့်ချိသည်။
စာအုပ်ထဲတွင် ပါဝင်သည့်ဝတ္ထုတိုစုစုပေါင်း ၉ပုဒ်ကို Mouthful of Birds by Samanta Schweblin ၊ Things We Lost in the Fire by Mariana Enriquez နှင့် All the Names they Used for God by Anjali S achdeva စသည့် ဝတ္ထုတိုပေါင်းချုပ်စာအုပ် ၃အုပ်မှ ၃ပုဒ်စီ ထုတ်နှုတ်ထားခြင်းဖြစ်ပါသည်။ စာပေအမျိုးအစားအနေဖြင့် Gothic Horror ၊ Surrealism ၊ Magical Realism စသည်တို့နှင့် သက်ဆိုင်သော အရေးအသားများဖြစ်ပြီး အချို့ကလည်း Weird Fiction ဟု သတ်မှတ်ကြသည်။ မူရင်းစာရေးသူ ၃ ဦးတွင် တူညီချက်အနေဖြင့် လက်တင်အမေရိကနှင့် အမေရိကတို့မှ ငယ်ရွယ်ထက်မြက်သော ခေတ်ပြိုင်အမျိုးသမီး စာရေးဆရာများ ဖြစ်ကြသည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် အာဂျင်တိုင်း စာရေးဆရာမ Samanta Schweblin ၏ Fever Dream ဝတ္ထုကို Psychological Thrillar ရုပ်ရှင်အနေဖြင့် ၂၀၂၁ ခုနှစ်က Netflix တွင် ထုတ်လွှင့်ပြသခဲ့သည်။ အာဂျင်တိုင်းစာရေးဆရာမ Mariana Enriquez ကိုမူ နာမည်ကျော် အာဂျင်တိုင်း Gothic များဖြစ်ကြသည့် Julio Cortazar နှင့် Jorge Lius Borges တို့၏ အမွေကို ဆက်ခံမည့်သူအဖြစ် စာပေဝေဖန်ရေးဆရာအချို့က သတ်မှတ်ကြသည်။ အမေရိကန်စာရေးဆရာမ Anjali Sachdeva ၏ ဇာတ်လမ်းများသည် ကမ္ဘာ့တောင်ခြမ်းက မြောက်ခြမ်း၊ အတိတ်နဲ့ အနာဂတ် ၊ သရုပ်မှန်နဲ့ ပဉ္စလက်သိပ္ပံတို့ကြား အတားအဆီးမရှိခုန်လွှားကူးလူး နေတယ်လို့ ဝေဖန်ရေးဆရာအချို့က ချီးကျူးကြသည်။ ယခုစာအုပ်မှာ အထက်ပါအမျိုးသမီးစာရေးသူ ၃ ဦး၏ လက်ရာများကို စိတ်ကြိုက်ရွေးချယ်ပြီး စာအုပ်တစ်ခုတည်းတွင် စုပေါင်းထားခြင်းဖြစ်ပါသည်။

စာမျက်နှာ

211

စာအုပ်အရွယ်အစား

5.4× 0.3×8.3 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2023 အောက်တိုဘာလ ( ပထမအကြိမ်)

35 in stock

ခံတွင်းနဲ့အပြည့် ငှက်တွေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🐦 ဆရာတေဇာ (လရောင်လမ်း) ရဲ့ ခံတွင်းနဲ့အပြည့်ငှက်‌တွေ ဆိုတဲ့ ဒီဘာသာပြန်စာအုပ်လေးက အမျိုးသမီးစာရေးဆရာမ သုံးဦးရဲ့ ဝတ္ထုတို သုံးပုဒ်စီ စုစုပေါင်း (၉) ပုဒ် စုစည်းမှု ဖြစ်ပါတယ်။ အမျိုးအစားအနေနဲ့ဆိုရင် Genre သတ်သတ်မှတ်မှတ် ခွဲခြားရခက်ပေမဲ့ Weird Fiction (ပုံပျက်ထူးဆန်းနေတဲ့ စိတ်ကူးယဉ်ဝတ္ထု) လို့ ဆိုနိုင်ပြီး Weird Fiction တွေဟာ ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက် ဘာလဲဟဆိုတဲ့ မေးခွန်းမျိုး မေးမိအောင် လှုံ့ဆော်တတ်တယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။

    🐦 မူရင်းစာရေးဆရာမ သုံးဦးရဲ့ အရေးအသားတွေအကြောင်းကို သက်ဆိုင်ရာ စာမျက်နှာတွေမှာ အကျဉ်းမိတ်ဆက်ပေးထားပြီး ဝတ္ထုတစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာလည်း ဘာသာပြန်သူရဲ့ ဝတ္ထုအပေါ် မှတ်ချက်အချို့ကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ပုံမှန် ဖတ်နေရကျ ဝတ္ထုမျိုးတွေနဲ့မတူဘဲ တစ်မူထူးခြားဆန်းသစ်တဲ့ ရသတစ်မျိုးကို ခံစားရစေမယ့် ဝတ္ထုလေးတွေပါ။
    __________________________

    🐦 အခု ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေကို Mouthful of Birds by Samanta Scheweblin, Things We Lost in the Fire by Mariana Enriquez နဲ့ All the Names They Used for God by Anjalil Schdevaစတဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်သုံးအုပ်ကနေ တစ်ပုဒ်စီ ထုတ်နှုတ်ထားတာ ဖြစ်ပါတယ်။

    တစ်အုပ်ချင်း အစအဆုံး ဘာသာမပြန်ဘဲ ကျွန်တော် စိတ်ကူးပေါက်သလို စုပေါင်းစပ်ပေါင်း လုပ်မိသွားရတဲ့ အကြောင်းရင်းလည်း ရှိပါတယ်။ ဒီစာအုပ်တွေ ဖတ်ပြီးတဲ့အခါမှာ တစ်ဖက်က ဘာသာပြန်လိုစိတ် ဖြစ်ရသလို အခြားတစ်ဖက်မှာလည်း ဝတ္ထုအချို့ကို မြန်မာဘာသာ ပြန်ဆိုလိုက်တဲ့အခါ အဲဒီမြန်မာဘာသာပြန်မူဟာ ဖတ်ရှုဖို့ ခက်ခဲနိုင်တာကို သတိပြုမိပါတယ်။ “မြန်မာလိုတော့ ရေးထားတယ်၊ တစ်လုံးမှတော့ နားမလည်ဘူး” ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ပဲ သက်ဆိုင်ရာဝတ္ထုတွေရဲ့ Readability, Accessibility နဲ့ Context တွေကို ချိန်ဆပြီး သုံးအုပ်လုံးက စိတ်ကြိုက် ဝတ္ထုတို သုံးပိုဒ်စီကို ရွေးထုတ်ပြန်ဆိုလို့ သီးခြားစာအုပ်တစ်အုပ် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်သုံးအုပ်ရဲ့ ဘုံတူညီချက်တစ်ခုကို ထုတ်ပြရရင်တော့ (လက်ရှိအချိန်ထိ ကျွန်တော်သိသလောက်) မြန်မာဘာသာနဲ့ ပြန်ဆိုဖူးခြင်း မရှိသေးတဲ့၊ လက်တင်အမေရိကနဲ့ အမေရိကရဲ့ ခေတ်ပြိုင် အမျိုးသမီး စာရေးသူ သုံးဦးရဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။ (~ ဘာသာပြန်သူ ဆရာတေဇာ (လရောင်လမ်း) ၏ အမှာမှ)
    __________________________

    🐦 ~ Samanta Schweblin ၏ အရေးအသားနှင့် ပတ်သက်၍ ~ 🐦

    ❝Samanta Schweblin ဟာ သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူတွေကို ချောက်ချဖို့ ရည်ရွယ်ချက်နဲ့ ဆူရီရယ်၊ ဒါမှမဟုတ် လူ့ယုတ္တိနဲ့ ကင်းကွာတဲ့ ဝန်းကျင်တွေကို အသုံးပြုတတ်ပေမဲ့ သူ အဓိက ဆွေးနွေးတဲ့ အကြောက်တရားကတော့ လူ့ဗီဇစိတ်နဲ့ အနီးစပ်ဆုံး အကြောက်တရားတွေပဲ ဖြစ်တယ်။ ဥပမာအားဖြင့် သူ့ဝတ္ထုတို အတော်များများမှာ မိဘနဲ့ သားသမီးကြားက နက်ရှိုင်းစွာ အံချော်နေတဲ့ ဆက်ဆံရေးတွေကို မြင်တွေ့ရနိုင်တယ်။❞

    (၁) သမံတလင်းပေါ်က ဦးခေါင်းများ – Heads against Concrete

    သူဆွဲထားတဲ့ပုံကို ဘောလုံးအသင်းခေါင်းဆောင် ဖရက်ဒိုက ဆတ်ခနဲဆွဲယူ၊ အပြင်ထွက်ပြေးသွားပြီး အပိုင်းပိုင်းအစစ ဖြဲပစ်လိုက်လို့ ထိန်းချုပ်မရတော့ဘဲ ဖရက်ဒိုကို ဆံပင်က ဆုပ်ဆွဲယူပြီး ခေါင်းကို ကြမ်းပြင်နဲ့ ဆောင့်ခဲ့တယ်။ ဒုတိယတစ်ယောက်က အတန်းဖော် ဆစ္စလီယာဆိုတဲ့ ကောင်မလေးရဲ့ ကွန်ပါဘူးထဲ ကောင်လေးတစ်ယောက်က ဆေးနီတွေ လောင်းထည့်ထားပြီး ကောင်မလေး ကွန်ပါဘူးထဲ လက်နှိုက်လိုက်တဲ့အခါ လက်တွေ၊ အင်္ကျီတွေမှာ မင်တွေ စွန်းတော့ အဲဒီကောင်လေးက အပျက်မလို့ အော်ပြောတော့ သူအဲဒီကောင်လေးရဲ့ ဦးခေါင်းကို ကြမ်းပြင်နဲ့ ဆောင့်ခဲ့တယ်။ အတန်းထဲမှာလည်း ပန်းချီတော်တဲ့သူက ကြီးလာတော့ ခေါင်းကို သမံတလင်းနဲ့ ဆောင့်နေတဲ့ ပုံတူဆွဲတဲ့ နာမည်ကျော်ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ တတိယတစ်ကြိမ်ကတော့ သူပန်းချီဆရာဖြစ်ပြီးနောက်ပိုင်း သွားဆရာဝန် ကိုရီးယားလူမျိုး ဂျွန်ရွှန်းနဲ့ တွေ့ဆုံပြီး သူ့ဆီမှာ ပန်းချီကားအပ်ပြီး သူဆွဲတဲ့ ပန်းချီကားကို ဂျွန်က သဘောမကျရာကနေ စတင်ခဲ့တဲ့ အကြမ်းဖက်စိတ္တဇရှိတဲ့ ဇာတ်ကောင်ရဲ့ အကြမ်းဖက်စိတ်ကို ထိန်းချုပ်ပြီး ပန်းချီအနုပညာအဖြစ် ဖန်တီးရင်း အောင်မြင်လာတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်း။

    (၂) အရာများ၏ အရွယ်အစား – The Size of Things

    အန်းနရစ်ဒူဗယ်ဆိုသူက ပြည့်စုံတဲ့ မိသားစုကနေ ပေါက်ဖွားလာပြီး ခုချိန်ထိ အမေနဲ့အတူတူ နေနေတယ်။ သူဟာ စိတ်နဲ့လူနဲ့မကပ်သလို၊ အတွေးနက်နေသလို ပုံစံနဲ့ အသိမိတ်ဆွေ၊ အိမ်နီးချင်းတစ်ယောက်နဲ့မှ ခေါ်ပြောနှုတ်ဆက်တာ မတွေ့ရဘူး။ တစ်ရက်တော့ ဒူဗယ်က အရုပ်ဆိုင်ထဲ ချောင်းချောင်းကြည့်ပြီး နောက်တော့ ဆိုင်ထဲဝင်ပြီး တစ်ပတ်တစ်ခါနီးပါး ဖြုတ်တပ်ဆက်ရတဲ့ အရုပ်လာဝယ်ပါတော့တယ်။ တစ်ရက် အရုပ်ဆိုင်ရှင် ဆိုင်ပိတ်ပြီး ထွက်လာတော့ ပြတင်းပေါက်ရှေ့မှာ ဒူဗယ်ကို တွေ့ရတယ်။ ဒီမှာနေဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတော့ ခင်ဗျားအမေရောလို့ မေးလိုက်တော့ အိမ်တံခါး သော့ခတ်ပြီး သော့တွေနဲ့ အိမ်ထဲမှာ နေနေတယ်ပြောတယ်။ အိပ်ဖို့အတွက် သူအလုပ်လုပ်ပေးပါမယ်လို့ ပြောပြီး ဆိုင်ရှင်လည်း ဆိုင်ထဲခေါ်ပြီး အမျိုးအစားလိုက် နေရာချဖို့ ပြောခဲ့တယ်။ နောက်တစ်နေ့မှာ ဒူဗယ်လုပ်ထားတဲ့ ပုံကြောင့် သူစိတ်ပျက်ခဲ့ရတယ်။ ဒူဗယ်က အရုပ်အမျိုးအစားအလိုက် စီတာမဟုတ်ဘဲ အရောင်အလိုက် စီထားလို့ ဝင်ပေါက်ကနေ ကြည့်လိုက်ရင် ရောစ်စုံသက်တံတစ်စင်း ဖြန့်ခင်းထားသလို ဖြစ်နေတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းလောက်အောင် ဆိုင်ထဲ လူတွေဝင်လာကြတာ နေ့လယ်ခင်းမှာ လူပြည့်နေပြီး တစ်ခါမှ မကြုံဖူးအောင် ဈေးရောင်းကောင်းနေခဲ့တယ်။ ဒီလိုနဲ့ သူဒီဆိုင်မှာပဲ နေဖြစ်သွားတော့တယ်။ သူက အရုပ်တစ်ခုခုနဲ့ ဆော့နေတတ်ပြီး သူမဆော့တော့တဲ့ အရုပ်ဆိုရင် အရုပ်စင်ရဲ့အပေါ်ဆုံးမှာ သွားထားတတ်တယ်။ ဒီလိုနဲ့ ဆိုင်ရောင်းအား ပြန်ကျဆင်းလာပြီး နောက်ဆုံးမှာ ဒူဗယ့်အမေက သူ့ကို ဆိုင်ထဲကနေ တရွတ်တိုက်ဆွဲပြီး ပြန်ခေါ်သွားတဲ့ ဖိနှိပ်ချုပ်ချယ် အာဏာရှင်ဆန်တဲ့ အမေရဲ့ ထိန်းချုပ်မှုအောက်မှာ အလွတ်ရုန်းဖို့ အသည်းအသန် ကြိုးစားရင်း အခြားမိသားစုတစ်ခုမှာ ခိုလှုံပြီး ကလေးဘဝကို ပြန်လည်ဆင်းသက် သွားတဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ဇာတ်လမ်း။

    (၃) ခံတွင်းနဲ့အပြည့် ငှက်တွေ – Mouthful of Birds

    တစ်ရက် သူ့ဆီကို သူ့ရဲ့ဇနီးဟောင်း ဆယ်ဗီယာ ရောက်လာပြီး သမီးဖြစ်သူ ဆာရာဆီ လိုက်ခဲ့ဖို့ လာခေါ်တယ်။ သူမတို့အိမ်ရောက်တော့ ဖိနပ်ဘူးတစ်ဘူးကို ဆယ်ဗီယာက ကိုင်လာပြီး ငှက်လှောင်အိမ်ထဲ ထည့်ပြီး တံခါးပြန်ပိတ်လိုက်တယ်။ ဆာရာက ထလာပြီး ငှက်လှောင်အိမ်ဆီ ခုန်ပေါက်သွားပြီး ငှက်အရှင်လေးကို ထုတ်ယူလိုက်ပြီး စားလိုက်ပါတယ်။ ဆာရာ့ကို ဆယ်ဗီယာက သူနဲ့ ထည့်ပေးလိုက်တယ်။ ဆာရာနဲ့အတူ ငှက်လှောင်အိမ်၊ လက်ဆွဲအိတ်နဲ့ ဖိနပ်ဘူးလေးဘူး ပါလာတယ်။ ဆယ်ဗီယာက ဖိနပ်ဘူးလေးတွေကို ပုံမှန်လာပို့ပေမဲ့ နောက်တော့ ဆက်သွယ်လို့ မရတော့ဘူး။ နောက်ဆုံးမှာတော့ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ကနေ သူကိုယ်တိုင် ငှက်တစ်ကောင် ဝယ်လာပြီး သမီးရဲ့အခန်းထဲ သွားပို့ပေးခဲ့တယ်။
    __________________________

    🐦 ~ Mariana Enriquez ၏ အရေးအသားနှင့် ပတ်သက်၍ ~ 🐦

    ❝Mariana Enriquez ရဲ့ ဝတ္ထုတွေမှာပါတဲ့ Gothic Horror ဟာ လျှို့ဝှက်သဲဖိုအဆင့်မှာတွင် မရပ်ဘဲ စူးရှထက်မြက်တဲ့ လူမှုဝေဖန်ရေး အမြင်တွေနဲ့ ရောမွှေ၊ ဒါမှမဟုတ် အားဖြည့်မောင်းနှင်ထားတာ တွေ့ရတယ်။ Gothic Horror ရဲ့ ရှိရင်းစွဲ အစိတ်အပိုင်းတွေဖြစ်တဲ့ တစ္ဆေခြောက်တဲ့ အိမ်တွေ၊ ပုံပျက်ပန်းပျက် ကလေးငယ်တွေဟာ လူမှုရေးအခြေအနေတွေဖြစ်တဲ့ ပြင်းထန်တဲ့ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုထူပြောတဲ့ ရပ်ဝန်းတွေမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အတူရှင်သန်တည်ရှိနေတာကို တွေ့ရတယ်။ သူ့ရဲ့ အဓိကဇာတ်ကောင်အားလုံးဟာ အမျိုးသမီးတွေပဲ ဖြစ်သလို သူ့ဝတ္ထုတွေမှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကို အမြဲတမ်း အနံ့ရနေနိုင်ပြီး တကယ်ကျူးလွန်ခံရခြင်း မရှိသည့်တိုင်အောင် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာထဲ ဝင်ရောက် အသက်ရှင်သန်ရခြင်းရဲ့ အန္တရာယ်ကြီးမားမှုကို ခံစားရနိုင်တယ်။❞

    (၄) မူးယစ်ရီဝေနှစ်များ – The Intoxicated Years

    အန်ဒရီယာ၊ ပေါ်လာနဲ့ ဇာတ်ကြောင်းပြောပြသူ မိန်းကလေး သုံးဦးကို ဇာတ်ကောင်အဖြစ်ထားပြီး ၁၉၈၃ခုနှစ် အာဂျင်တီးနားနိုင်ငံကို နောက်ခံထား ပုံဖော်ထားပါတယ်။ တိုင်းပြည်မှာ စွမ်းအင်ရင်းမြစ် မရှိတော့ကြောင်း တစ်နိုင်ငံလုံး မှောင်အတိကျမယ့် အရေးကို ရှောင်လွှဲဖို့ ကြိုးစားနေကြောင်းကို လက်ဆဲမီးအိမ်လေး ထွန်းထားတဲ့ အခန်းထဲကနေ ပြည်သူ့ရေးရာ ဝန်ကြီးဌာနရဲ့ ကြေညာချက်နဲ့ နိုင်ငံရေးနောက်ခံ အခင်းအကျင်း၊ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ကိုယ်ဝန်ဖျက်ချမှု၊ လူကြီးလူငယ်ကြားက အတွေးအမြင် ကွာဟချက်၊ အဖေနဲ့သမီး၊ အစ်ကိုနဲ့ညီမ ဆွေမျိုးအရင်းအချာ ကြား လိင်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း စတဲ့ လူငယ်တစ်ယောက် အထူးသဖြင့် မိန်းကလေးငယ်တစ်ယောက်ဆီမှာ ဖြစ်ပျက်နိုင်သမျှ အဆိုးဆုံးအခြေ အနေတွေအားလုံးကို ပုံဖော်ထားတဲ့ ဝတ္ထုလေးတစ်ပုဒ်။

    (၅) မီးလျှံအတွင်း ပျောက်ဆုံးခဲ့သည့် အရာများ – Things We Lost in the Fire

    မြေအောက်ရထားပေါ်မှာ ရထားစီးခရီးသည်တွေကို လိုက်လံနမ်းရှုပ် နှုတ်ဆက်ပြီး ပိုက်ဆံတောင်းတတ်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက် မိန်းကလေးတစ်ယောက်။ သူ့ယောက်ျား ယွမ်မာတင်ပိုဇီဆိုသူက ဖောက်ပြန်တဲ့အတွက် သူ့မျက်နှာပေါ် အရက်တွေ လောင်းချပြီး မီးရှို့ခဲ့တာ။ ဒါပေမဲ့ လင်မယားစကားများရင်း အရက်တွေ ကိုယ်ပေါ် မှောက်ကျသွားပြီး စီးကရက်မီးညှိဖို့ လုပ်ချိန်မှာ သူ့ကိုယ်သူ မီးရှို့လျက်သား ဖြစ်သွားတယ် သူ့ယောက်ျားက ထွက်ဆိုခဲ့တယ်။ သူနာလန်ထူလာပြီး စကားပြောနိုင်ချိန်မှာတော့ အမှန်အတိုင်း ပြောပြခဲ့ပြီး သူ့ယောက်ျားလည်း ထောင်ကျသွားတယ်။ ဒီလိုဖြစ်ရပ်မျိုးပဲ ချောမောလှပတဲ့ မော်ဒယ် လူစီယာနဲ့ သူ့ချစ်သူ ကမ္ဘာကျော်ဘောလုံးကစားသမား မာရီယိုပွန်တီတို့ အတွဲလည်း အဲဒီလိုမီးလောင်မှု ဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်ရပ်တွေကနေ အစပြုပြီး မီးပုံပွဲဆိုတာတွေ ဖြစ်ပေါ်လာတော့တယ်။ မီးပုံပွဲဆိုတာက ဖိနှိပ်သူတွေကို တွန်းလှန်ဖို့အတွက် အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတစ်ခုအကြောင်း။

    (၆) အစိမ်း၊ အနီ၊ လိမ္မော် – Green, Red, Orange

    အခန်းထဲမှာ သူ့ကိုယ်သူ အပြီးအပိုင် ပိတ်လှောင်ပြီး ဘယ်တော့မှ ပြန်မထွက်လာတဲ့ကောင်လေး မာကို။ ဒါပေမဲ့ သူ့ကောင်မလေးနဲ့တော့ အင်တာနက်ကနေ ချက်တင်လုပ်ပြီး စကားတွေပြောတယ်။ ကောင်မလေးက ကွန်ပျူတာ ဖန်သားပြင်ပေါ်ကနေ သူ့ရဲ့ အစိမ်း၊ အနီ၊ လိမ္မော်မီးလေးတွေကို စောင့်ကြည့်နေခဲ့တယ်။ အမေလုပ်သူက အစားအစာတွေကို ဗန်းနဲ့တင်ပြီး အခန်းရှေ့မှာ ချထားပေးရတယ်။ သားအခန်းထဲက ပြန်ထွက်လာအောင် တစ်ရက်နှစ်ရက် အစာဖြတ်ထားပေမဲ့ ထွက်မလာပါဘူး။ အင်တာနက်ဖြတ်လည်း ထွက်မလာခဲ့ဘူး။ သူ့အမေက ကောင်မလေးကို သူအခန်းထဲကနေ ထွက်လာဖို့ ပြောပေးပါဆိုတာကြောင့် မဖြစ်နိုင်မှန်းသိပေမဲ့ စိတ်ကျေနပ်အောင် လုပ်ပေးတယ်။ မာကိုက အင်တာနက်ပေါ်မှာပဲ အချိန်ကုန်ရင်း ကောင်မလေးကို Dark Web (အနက်ရောင် အင်တာနက်)၊ Red Room, Real Rape Community စတဲ့ စိတ်ဝင်စားးရာကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြနေတဲ့ အင်တာနက်ခေတ်ဦးကာလကို အခြေပြုထားတဲ့ ဇာတ်လမ်း။
    __________________________

    🐦 ~ Anjali Sachdeva ၏ အရေးအသားနှင့် ပတ်သက်၍ ~ 🐦

    ❝ကမ္ဘာ့တောင်ခြမ်းနဲ့ မြောက်ခြမ်း၊ အတိတ်နဲ့ အနာဂတ်၊ သရုပ်မှန်နဲ့ စိတ်ကူးယဉ်သိပ္ပံ စသည်ဖြင့် Anjali Sachdeva ရဲ့ ဝတ္ထုတိုတွေထဲ နောက်ခံ အခြေအနေတွေဟာ တစ်ခုနဲ့တစ်ခု အလွန်ကွဲပြားခြားနားတယ်။ ထို့အတူ သူ့ဇာတ်ကောင်တွေဟာလည်း မတူညီတဲ့ ပြဿနာအမျိုးမျိုးကို ရင်ဆိုင် ဖြေရှင်းကြရတယ်။ အပေါ်ယံကြည့်မယ်ဆိုရင် ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ရတဲ့ နောက်ခံအခြေအနေတွေနဲ့ ဇာတ်ကောင်တွေကို အနည်းငယ် ပိုမိုအားစိုက် လေ့လာတဲ့အခါမှာတော့ အမြဲတမ်း အရိပ်လို ကပ်ပါနေတဲ့ နောက်ခံအယူအဆတစ်ခုကို တွေ့ရမှာဖြစ်တယ်။ အဲဒါကတော့ ပြဋ္ဌာန်းခံ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ခြင်းရဲ့ ရူးသွပ်မှုအကြောင်းပဲ ဖြစ်တယ်။ အရေးအသားတွေဟာ အိပ်မက်ဆန်ဆန်၊ ပိုတိကျအောင် ပြောရရင် အိပ်မက်ဆိုးဆန်တဲ့ အတွေ့အကြုံတွေနဲ့ ထုံမွှမ်းနေတယ်။❞

    (၇) ကတိ – All the Names for God

    ဘုရားကျောင်းထဲမှာ မိန်းကလေးတွေက ဆန်းဒေးစကူးလ်ဆရာမကို ကူညီပေးနေတုန်း အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီး ဆရာမကို ပစ်သတ်ကာ မိန်းကလေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ပြန်ပေးဆွဲခံရပြီး တောထဲမှာ နေရတယ်။ ဝတ်ပြုဆုတောင်းခိုင်းပြီး သူတို့ရဲ့အယူဝါဒတွေကို လက်ခံယုံကြည်စေတယ်။ ကတိနဲ့ အဘိုက်ခ်က အကြမ်းဖက်သမားကို လက်ထပ်ခဲ့ရပြီး သူတို့နှစ်ယောက်ရဲ့ ယောက်ျားတွေက ငယ်သူငယ်ချင်းတွေမို့ တစ်ရွာတည်း နေခဲ့ရတယ်။ ကတိနဲ့ အဘိုက်ခ်တို့က ပြန်ပေးဆွဲမခံရခင် တစ်ရွာတည်းသားချင်းပေမဲ့ အခင်ဆုံးသူငယ်ချင်းတွေ မဟုတ်ခဲ့ဘူး။ အဘိုက်ခ်ရဲ့ အကူအညီနဲ့ အဲဒီရွာက ပြည့်တန်ဆာ အမျိုးသမီးဆီကနေ စိတ်ညှို့အတတ်ပညာကို တတ်ခဲ့ပြီး သူတို့နှစ်ဦး လွတ်မြောက်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်၊ နိုက်ဂျီးရီးယား၊ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့က ကျောင်းသူနှစ်ရာကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဝတ္ထုတစ်ပုဒ်။

    (၈) သစ်ခုတ်စခန်းရေကန် – Logging Lake

    ရှစ်နှစ်ကြာ လင်ဒါနဲ့ ချစ်ကြိုက်ခဲ့တဲ့ ဘော့ဘ်ဟာ လန်ဒန်ကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ငြင်းခုန်ရင်း လမ်းခွဲခဲ့ကြတယ်။ အွန်လိုင်းကြင်ယာရှာ ဝက်ဆိုက်မှာ သူငယ်ချင်းတွေက ဘော့ဘ်ကို ရောဘတ်အမည်နဲ့ ပရိုဖိုင်လုပ်ပေးပြီးနောက်မှာ တာရီနဲ့ တွေ့ဆုံခဲ့တယ်။ တာရီနဲ့ တွေ့ပြီး ရက်သိပ်မကြာခင်မှာပဲ နှစ်ယောက်တည်း တောင်တက်သွားကြတယ်။ နေမဝင်ခင် အရောက်သွားရမယ့် ဂရေ့စ်ရေကန်ကို မရောက်ခင် မိုးချုပ်တော့မှာမို့ ပိုနီးတဲ့ သစ်ခုတ်စခန်းရေကန်မှာ တစ်ညတည်းမယ် ဆုံးဖြတ်လိုက်ပေမဲ့ အဲဒီရေကန်မှာ ဝံပုလွေမိသားစု နေထိုင်တာမို့ စခန်းကို ပိတ်ထားတယ်။ ဒါပေမဲ့ ဆက်သွားဖို့လည်း အဆင်မပြေတာမို့ ဝံပုလွေတွေ မလာအောင် မီးဖိုပြီး နေမယ်ဆိုကာ ‌ရွက်ဖျင်တဲရှေ့ မီးဖိုခဲ့တယ်။ ညဘက်မှာ ဝံပုလွေအူသံတွေ ကြားရပေမဲ့ အူသံတွေ နားထောင်ရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တယ်။ ရောဘတ်နိုးလာတော့ တာရီ့ကို မတွေ့တော့ဘူး။ လျှောက်ရှာလည်း မတွေ့၊ ဝံပုလွေ ဆွဲသွားတဲ့ အရိပ်အရောင်လည်း မတွေ့ရဘဲ ပျောက်ဆုံးသွားတယ်။ နောက်တစ်ရက်ကျမှ လမ်းပြတွေရှိတဲ့ စခန်းဆီ သွားပြီး အကူအညီ တောင်းပြီး ရဲ၊ ကယ်ဆယ်ရေးပါမကျန် ရှာပေမဲ့ မတွေ့တော့ပါဘူး။ သူပြန်လာပြီး ဖုန်းလိုင်းမိမိချင်း လင်ဒါဆီ ဖုန်းခေါ်ခဲ့တယ်။ သူမြို့ကို ပြန်ရောက်ချိန်မှာ သူ့တိုက်ခန်းအပြင်မှာ လာစောင့်နေတယ်။ ‌နောက်နှစ်နွေရာသီမှာ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတဲ့ ဇာတ်လမ်းလေး။

    (၉) ခုနစ်စဉ်ကြယ် – Pleiades

    အရာရာကို သိပ္ပံပညာနဲ့ ဖြေရှင်းဖန်တီးနိုင်တယ်လို ခိုင်ခိုင်မာမာ ယုံကြည်ထားကြတဲ့ မျိုးရိုးဗီဇပညာရှင် မိဘတွေက မမျိုးဥတစ်ခုတည်းကို ခုနစ်မြွှာခွဲထုတ်ပြီး ချွတ်စွပ်တူညီတဲ့ ညီအစ်မခုနစ်ဖော် ဖန်တီးပြီး ဒဲလ်တို့ အမြွှာညီအစ်မ ခုနစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ရုပ်သံတွေကလည်း ဆေးရုံမှာ သတင်းမှတ်တမ်း လာယူကြသလို စုရုံးဆန္ဒဖော်ထုတ်ကြသူတွေလည်း အများအပြားပါပဲ။ တစ်ယောက်ကို နှစ်ပေါင်စီပဲ ရှိခဲ့ပေမဲ့ ကျန်တာတော့ အားလုံးပုံမှန်ပါပဲ။ ဒါပေမဲ့ အသက် ၁၁ နှစ်ကစပြီး တစ်နှစ်တစ်ယောက် သေဆုံးသွားခဲ့ကြတာ နောက်ဆုံး ဒဲလ်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ တကယ်တော့ ဒဲလ်တို့မှာ ဖြစ်နေတာက လူခုနစ်ယောက်စာ ခံစားချက်နဲ့ အာရုံတွေကို ကိုယ်ခန္ဓာနှစ်ခုတည်းဆီ အတင်းအကြပ် သွပ်သွင်း ခံထားခဲ့ရပြီး ကိုယ်ခန္ဓာတွေရဲ့ ခံနိုင်ရည်ထက် အများကြီး ပိုလွန်တဲ့ ပမာဏကို ထမ်းပိုးနေခဲ့ရတာမို့ပါ။ ဒဲလ်ကလည်း အသက်ရှင်နေသေးပေမဲ့ အရေပြားတွေ ကွာကျပြီး ခန္ဓာကိုယ်မှာ အညိုအမည်းကွက်တွေ ဖြစ်နေပြီး ပုံပျက်နေပါတယ်။ ဒါကြောင့် ဒဲလ်က သူတစ်ကိုယ်တည်းမှာ ညီအစ်မအားလုံး ပါဝင်တည်ရှိနေတယ်လို့ မှတ်ယူတယ်ဆိုတဲ့ ‌မွေးဖွားခံရခြင်းအတွက် ရွေးချယ်စရာမရှိပုံနဲ့ အကျိုးဆက်တွေအကြောင်း ထင်ဟပ်‌ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။

    🐦🐦🐦🐦🐦

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

တေဇာ(လရောင်လမ်း) စာအုပ်များ