ဘယ်ပန်းချီရေးလို့မှမမှီ

( 2 မှတ်ချက်)

6500 (ကျပ်)

❤️ မြန်မာစာပေတွင် ရှားပါးစွာတွေ့ရခဲသော
သားနှင့်အဖတို့၏ ရင်နင့်ဖွယ်ဇာတ်လမ်း ..

ရိုးရာဓလေ့အစွဲ ၊ သံယောဇဉ် ၊ စောင့်ထိန်းမှု ၊
အနစ်နာခံမှု ၊ မေတ္တာတရားတို့၏ ဤမှာဘက်ခြမ်းနှင့်
လူသား၏ စိတ်အမှောင်ဘက်ခြမ်းအတွင်းမှ
အဖြစ်အပျက်တို့ကို ရသမြောက်ဖွဲ့ဆိုသည့် ၀တ္ထု ..

• ဤစာအုပ်နှင့် ပတ်သက်၍ မလိခ၏ မြန်မာ၀တ္ထုအညွှန်းပေါင်းချုပ်ထဲတွင်

” စာဖတ်ပရိတ်သတ်ထက် စာပေလေ့လာသူအပိုင်းက
လေးစားနှစ်သက်ရသော ၀တ္ထုဖြစ်သည် ။
အရေးအသား ရိုးပြေသည် ။ ပေါ်လွင်သည် ။
ထိရောက်သည် ။ တင်ပြပုံ နူးညံ့သည် ။
လှပသည် “ ဟု ဖော်ပြထားသည် ..

• ” ဘယ်ပန်းချီရေးလို့မှ မမှီ “သည် ရှမ်းပြည်နောက်ခံ ဇာတ်လမ်းကလေးဖြစ်၏ ။ ဇာတ်ကောင်များမှာ ရှမ်းအမျိုးသားများ ဖြစ်ကြ၏ ။ ဤဇာတ်လမ်းနှင့် ဤဇာတ်ကောင်များကို ဖန်တီးရာ၌ အစမှအဆုံး တစ်အုပ်လုံးသည် ရှမ်းပြည်နံ့ သင်းနေ၏ ။ သူကိုယ်တိုင် ရှမ်းပြည်မှာ အနေကြာခဲ့၍လား မသိ ။ ဇာတ်လမ်းတည်ရာ သိမ်ကုန်းရွာကလေးနှင့် ဤရွာကလေးမှ နန်းနု ၊ ကျောင်းစိတ္တနှင့် အယ်ရိုးတို့အပါအဝင် ရှမ်းအမျိုးသား အမျိုးသမီးများ၏ စရိုက် ၊ ဓလေ့ ၊ သဘာ၀ကို ဖွဲ့ဆိုရာ၌ တကယ့် ရှမ်းစရိုက် ၊ ရှမ်းဓလေ့ ၊ ရှမ်းသဘာ၀များအဖြစ် ရှမ်းဆန်လှ၏ ။ အချို့နေရာများနှင့် အချို့ဖြစ်ရပ်များမှာ ရှမ်းဆန်လွန်းသဖြင့် ကျွန်တော်တို့ ဗမာစာဖတ် ပရိသတ်အတွက် ပုံပြင်လေလား ၊ ဒဏ္ဍာရီလေလား ဟူ၍ပင် ထင်မှတ်မှားစရာဖြစ်၏။
( လင်းယုန်မောင်မောင် )

• ဒီ၀တ္ထုဟာ သိန်းသန်းထွန်း ရေးဖူးသမျှထဲမှာ ၀တ္ထုအပီပြင်ဆုံး ၊ ခေတ်ပေါ် ဗမာ၀တ္ထုထဲမှာလည်း ရှေ့တန်းက အပါ၀င်နိုင်ဆုံး ၀တ္ထုတစ်ပုဒ်ဖြစ်တယ်။
( မောင်သာနိုး )

• ဘယ်ပန်းချီရေးလို့မှ မမှီ ” သည် လှပစွာ အကွက်ဖော်ထားသော ကျောက်မျက်ရတနာတစ်ပါး ဖြစ်ချေသည်။
( နတ်နွယ် )

• မည်သို့ပင်ဖြစ်စေ ” ဘယ်ပန်းချီရေးလို့မှ မမှီ ” သည် ၀တ္ထုလောကတွင် ရှားပါးသော အချစ်၀တ္ထုတစ်မျိုး ဖြစ်သည်ကိုမူ ရဲရဲပြောနိုင်ပါ၏။
( တင့်ဆန်း )
===

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ ၊ ဆဌမအကြိမ်

6 in stock

ဘယ်ပန်းချီရေးလို့မှမမှီ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    “သားသမီးမကောင်း မိဘခေါင်း” ဆိုတဲ့
    စကားလေးလိုပဲ သား၊သမီး မလိမ်မာရင်
    မိဘကိုပဲ ပြောဆိုဝေဖန်ကြပါတယ်။
    ဒီစာအုပ်လေးထဲမှာတော့ ဖခင်ရဲ့ မိုက်မဲမှုကြောင့် သားဖြစ်သူအတွက်
    ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေ
    ကြုံတွေ့ခဲ့ရတာကို ရင်နဲ့အမျှ ခံစားဖတ်ရှုလိုက်ရပါတယ်။
    ဖခင်ဖြစ်သူ “ကျောင်းစိတ္တ”က ဥပုသ်သီလဆောက်တည်တယ်၊ကောင်းမှုအလှူဒါနတွေပြုလုပ်တယ်။မကောင်းတဲ့ တစ်ချက်ကတော့ တခါတလေ အရက်သောက်တတ်တာပဲ။
    သားဖြစ်သူ “အယ်ရိုး” ကတော့ ငှက်ပစ်၊အမဲပစ် အလွန်ဝါသနာပါသူ၊ သူ့ချစ်သူ “မယ်ဆစ်”ကလည်း ဒီအကုသိုလ်အလုပ်ကို မကြာခဏ ရှုံ့ချပြောဆိုတတ်လေရဲ့။
    ဒါပေမဲ့ “အယ်ရိုး”က သူ့ဝါသနာကို မစွန့်လွှတ်နိုင်ဘူး။ဒီမကောင်းမှုက လွဲရင်
    သေရည်သေရက်သောက်စားတာမျိုးတွေတော့ မလုပ်တဲ့သူမျိုး။ဖခင်ဖြစ်သူ “ကျောင်းစိတ္တ”အပေါ်မှာတော့အလွန် ရိုသေလေးစားတဲ့ သားကလေးပေါ့။
    သူတို့နေတဲ့ သိမ်ကုန်းရွာကလေးမှာ
    “နန်းနု” ဆိုတဲ့ စိတ်မနှံ့ရှာတဲ့ မိန်းကလေး
    တစ်ဦးရှိတယ်။မိခင် ၊ ဖခင် တွေ ဓါးပြရန်ကြောင့် အသတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရတာရယ်၊တစ်ဦးတည်းသော ကြီးတော်ကပါ ဆုံးပါးသွားတာရယ်ကြောင့်
    စိတ်ဝေဒနာ ခံစားနေရသူလေးဖြစ်တယ်။
    ရွာစကား၊ရွာအပြောတွေကြောင့်
    “နန်းနု” အိမ်ကို ညဘက်ဆို ညောင်မိစ္ဆာကြီး ကျွဲစီးပြီး ရောက်၊ရောက်လာတယ်လို့ဆိုကြလေရဲ့…။”အယ်ရိုး”က “နန်းနု”
    ရဲ့ သူငယ်ချင်းလည်း ဖြစ်တာရော၊
    လူငယ်ပီပီ တစ္ဆေသရဲကို အယုံအကြည်
    မရှိတာရယ်ကြောင့် ညဘက်ဆို “နန်းနု”တို့အိမ်ရှေ့အပင်ရိပ်ကနေ ညောင်မိစ္ဆာကို စောင့် စောင့်ကြည့်လေ့ရှိတဲ့ အကျင့်ရှိတယ်။
    လူတွေမှာ မကောင်းမှု အကုသိုလ် စိတ်ယုတ်မာတွေဆိုတာ ရှိတတ်ကြတယ်။ကုသိုလ်စိတ်ရယ်၊သီလ၊သမာဓိ၊သတိတရားရယ်နဲ့ ထိန်းချုပ်ထားနိုင်တဲ့သူကိုသာ လူကောာင်းရယ်လို့ သတ်မှတ်ကြပါတယ်။
    စိတ်မကောင်းတဲ့ “နန်းနု” အပေါ်မှာ
    စိတ်ယုတ်မာဝင်ခဲ့တဲ့ “ကျောင်းစိတ္တ”တစ်ယောက် အဖြစ်ဟာလည်း သံဝေဂယူစရာပါ။သားဖြစ်သူ “အယ်ရိုး” က
    အဖကို ရိုသေတဲ့သား၊အဖ စိတ်ဆင်းရဲတာ မကြည့်ရက်တဲ့သားမို့သာ အဖအပြစ်ကို ဝင်ခံလိုက်တာရယ်။ဖခင်ဖြစ်သူ”ကျောင်းစိတ္တ” ရဲ့ကာယကံမှု အကုသိုလ်ကတော့ ပျောက်ပျက်မသွားနိုင်ဘူး ဆိုတာလေး သတိချပ်မိပါတယ်။
    မကောင်းမှု ပြုမိတာကို ကိုယ်တိုင်
    သတိပြန်၊ ပြန်ကပ်တဲ့ “ကျောင်းစိတ္တ”
    တစ်ယောက်ဟာ သေရည်သေရက်
    ကြောင့် ရာဂစိတ် ဖုံးလွှမ်းသွားတဲ့အခါ၊
    တူညီတဲ့ အမှားကို ထပ်ခါ၊ထပ်ခါ ပြုလုပ်နေမိတာကလည်း ဆင်ခြင်ဖွယ်ရာ
    အချက်လေးတစ်ချက် ဖြစ်နေပါတယ်။
    လူတိုင်းမှာ မကောင်းတဲ့ စိတ်အမှောင်ခြမ်းက ရှိနေတတ်ပါတယ်။သီလ လုံခြုံအောင် ထိန်းနိုင်တဲ့သူ၊ မထိန်းနိုင်တဲ့သူအပေါ် မူတည်ပြီး ကွဲပြားသွားကြတာပါ။
    သံဝေဂရဖွယ်၊ဆင်ခြင်ဖွယ်စာအုပ်လေးမို့ လူတိုင်းဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။နောက်ပြီး “အယ်ရိုး”ရဲ့ ဖခင်အပေါ်ထားတဲ့ မေတ္တာတွေကို ခံစားမိတာမို့ စာအုပ်လေးဖတ်ရင်း ငိုမိ၊ဝမ်းနည်းမိပါတယ်🥺 သားအဖ မေတ္တာအဖွဲ့လေးကို ပေါ်လွင်အောင် ရေးသားထားတာလေးကလည်း သဘောကျစရာကောင်းပါတယ်။
    မျက်နှာဖုံးပန်းချီလေးကို စာတစ်အုပ်လုံး
    ဖတ်ပြီးခါမှ ကြည့်ရင် ပိုပြီး ခံစားမိပါလိမ့်မယ်❤️
    #သိန်းသန်းထွန်း
    #ဘယ်ပန်းချီရေးလို့မှမမှီ
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #4Nov2023

  2. Htet Htet Tin Zar

    🎨 ဆရာသိန်းသန်းထွန်းရဲ့ “ဘယ်ပန်းချီရေးလို့မှမမှီ” ဆိုတဲ့ ဒီစာအုပ်လေးက တသိမ့်သိမ့်နဲ့ ရင်နင့်သွားစေမယ့် ဇာတ်လမ်းမျိုးလေး။ နေ့ဘက်ဆို ပုံမှန်အတိုင်း ကောင်းမှုများ လုပ်ဆောင်နေပေမဲ့ ညဘက်မှာ စိတ်ရိုင်းတွေကို ချွန်းမအုပ်နိုင်သူ ဖခင်ကြောင့် အများလေးစားရတဲ့ သက်ကြီးဖခင်အတွက် သားဖြစ်သူက သူ့အရှက်၊ သူ့ဘဝ၊ သူ့အချစ်ကို စတေးခဲ့တဲ့ ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ တကယ်တော့ ဘယ်ပန်းချီရေးလို့မှမမှီဆိုတဲ့ စာသားလေးက ဖခင်အပေါ် သားဖြစ်သူရဲ့ မေတ္တာလို့ အစက ထင်မိပေမဲ့ အယ်ရိုးက ချစ်သူ မယ်ဆစ်ရဲ့အလှတရားဟာ တစိမ့်စိမ့်ကြည့်မှ လှတဲ့အလှတရား ဖြစ်တာမို့ ဆေးရေးပန်းချီဆရာတို့အနေနဲ့ လှကွက်ကို အပြည့်အဝ ဖော်ပြနိုင်ရန် မလွယ်ကူတဲ့အလှဆိုကာ ဘယ်ပန်းချီရေးလို့မှမမှီကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။
    __________________________

    🎨 ရွှေညောင်မြို့ သိမ်ကုန်းရွာမှာ နန်းနုဆိုတဲ့ အလှဧကရီတစ်ယောက် ရှိတယ်။ အဖေက အင်းသား၊ အမေက ပအို့။ နန်းနုက လှရုံမက မိဘအပေါ်လည်း လိမ္မာသူ။ နန်းနုကသာ ချစ်ခွင့်ပေးရင် အသက်ကိုမက ဘဝကိုပါပေးပြီး ချစ်မယ်ဆိုကြတယ်။ အခုတော့ နန်းနုကို ဘယ်သူကမှ မယူရဲကြတော့။ ဘာလို့လဲဆိုတော့ နန်းနုက ရူးနေပြီဖြစ်သောကြောင့်။ ဓားပြတွေရဲ့ ဓားချက်နဲ့ မိဘနှစ်ပါးလုံး မျက်စိရှေ့မှာ သေဆုံးခဲ့ပြီး ၈လအကြာမှာ အဒေါ်ဖြစ်သူ ကူးစိန် ကွယ်လွန်သွားတဲ့အခါမှာတော့ အရူးဘဝကို ကူးပြောင်းသွားတော့တယ်။

    🎨 သူကြီးကျော့ခင်တို့ ဇနီးမောင်နှံက ဆရာတွေ ပင့်ခေါ်ပြီး နန်းနုကို ကုသသေးပေမဲ့ အကြောင်းမထူး။ သူတို့အိမ်မှာ နန်းနုကို ခေါ်ထားပေမဲ့လည်း နန်းနုက မနေဘဲ သူ့အိမ်ကိုသာ ပြန်ပြေးတယ်။ နောက်ဆုံးတော့ သူကြီးလည်း လက်လျှော့ကာ လွှတ်ထားရတော့တယ်။ နန်းနုတို့ ပိုင်တဲ့ ယာခင်းတွေကိုတော့ တူတော်သူ အယ်မောင်နဲ့ မယ်ဆာတို့ လင်မယားကို လုပ်စေပြီး နန်းနုရဲ့ စားဝတ်နေရေးကိုတော့ ယာငှားခနဲ့ နေစေတယ်။ အယ်မောင်မိန်းမ မယ်ဆာက မနက်နဲ့ ညနေတိုင်း နန်းနုဆီ ထမင်းပို့ပေးရတယ်။ နန်းနုက ခွေးလေး မြီးတိုနဲ့သာ အတူနေတယ်။ မြီးတိုက နန်းနုတို့မိသားစု ဓားပြတိုက်ခံရတုန်းက သခင်ဘက်က ဝင်ကိုက်ပေးတာကြောင့် ဓားပြ ဓားချက်နဲ့ အမြီးတိုခဲ့ရတယ်။ ညရော နေ့ပါ နန်းနုခြံတွင်း မယ်ဆာကလွဲလို့ ဘယ်သူ့မှ အဝင်မခံတဲ့ နန်းနုအတွက် အဖော်ကောင်း၊ ကိုယ်ရံတော်ကောင်း။

    🎨 ကျော့ခင်က သိမ်ကုန်းတစ်ရွာလုံး ကြောက်ရွံ့ လေးစားချစ်ခင်ရတဲ့ သူကြီး။ အသက်က ၅၁ နှစ်။ ရွာသားတွေအပေါ် ညီရင်းအစ်ကို သားရင်းအဖလို ပြုမူတယ်။ အမဲလိုက်ဝါသနာ ပါပေမဲ့ ဇနီး ကူးချယ်နဲ့ သားသမီးမရခဲ့တာမို့ ကလေးသူငယ်တွေကို ချစ်တယ်။ သူအချစ်ဆုံးမိန်းကလေးက နန်းနု။ ယောက်ျားလေးက အယ်ရိုး။

    🎨 အယ်ရိုးက အသက် ၂၀ အရွယ် ခန့်ခန့်ချောချော စိတ်သဘောကောင်းတဲ့ လူငယ်တစ်ယောက်။ မမှန်မကန်တဲ့အလုပ်ကို မလုပ်ချင်သူ။ သူ့ဖခင် ကျောင်းစိတ္တကို အလွန်ချစ်ပြီး ကြည်ညိုတယ်။ အဖေပြောသမျှ ပြန်လှန်မပြော၊ ဘာမဆိုလုပ်တယ်။ အရက်၊ ဆေးလိပ်၊ ကွမ်း ဘာမှမသုံးစွဲ။ ညအိပ်ရာဝင်တိုင်း ဘုရားရှိ‌ခိုးပေမဲ့ အပစ်အခတ် အသတ်အပုတ် ဝါသနာကြီးတယ်။ ချစ်သူ မယ်ဆစ်ကတော့ သူ့ရဲ့ အပစ်အခတ် အသတ်အပုတ် အစွမ်းအစတွေကို မနှစ်သက်။ သူကြီးကျော့ခင်က သူ့ကို အမဲလိုက်ပညာ သင်ပေးတဲ့ ဆရာဖြစ်ပြီး သူကြီးကို အင်မတန် ရိုသေတယ်။ ဖခင်ကျောင်းစိတ္တကတော့ ကွမ်းစား၊ အရက်သောက်တတ်သူ။ ကောင်းမှုကုသိုလ် များစွာ လုပ်ပေမဲ့ တစ္ဆေသရဲ အလွန်ကြောက်သူ ဖြစ်တယ်။

    🎨 နောက်တော့ အများလေးစားရတဲ့ ဘုရားဒကာ၊ ကျောင်းဒကာ ကျောင်းစိတ္တရဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သတိမမူမိဘဲ အရူးမလေး နန်းနုအပေါ် ပြုမိတဲ့ အမှားကြောင့် ကိုယ့်ရဲ့မ‌ကောင်းမှုလုပ်ရပ်ကို ဘယ်သူမှ မသိပေမဲ့ ကိုယ်တိုင်သိပြီး ဝမ်းနည်းစိတ်ပျက်နေခဲ့တယ်။ သို့ပေမဲ့လည်း သူ့စိတ်ဆင်ရိုင်းကို ရက်အနည်းငယ်လောက်ပဲ ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ ထိန်းချုပ်ထားတာတွေ လက်လွှတ်ပေးပြီး အမှားတွေကို ဆက်တိုက်ကျူးလွန်နေခဲ့မိတော့တယ်။ ဒီအမိုက်မှားတွေကို မပြတ်နိုင်သမျှ တစ်နေ့ သူဒုက္ခတွေ့မယ်ဆိုတာ သိနေပေမဲ့လည်း သူ့စိတ်ကို သူဘယ်လိုမှ မထိန်းနိုင်။

    🎨 နောက်ဆုံးမှာ ဖုံးမရဖိမရ ပြဿနာက ပေါ်လေတော့ သားဖြစ်သူက ဖခင်ကိုယ်စား တစ်ရွာလုံးရဲ့ ရွံရှာစက်ဆုပ်တဲ့ အကြည့်တွေအောက်မှာ ဘဝတစ်ခုလုံး ရင်းပြီး ပေးဆပ်သွားခဲ့ရတော့တယ်။
    __________________________

    ❝စာရေးသူ၏ ဆဋ္ဌမအကြိမ်အတွက် အမှတ်တရစကား/ ၉၁ နှစ်ပြည့် စာရေးသူ၏ အမှာစာ❞

    ကျွန်တော်ရေးခဲ့တဲ့ မဂ္ဂဇင်းဝတ္ထုရှည်တချို့ဟာ နေ့ချင်းပြီးဝတ္ထုရှည် ဖြစ် ကြပါတယ်။ နေ့ချင်းပြီး ရေးမယ်လို့ မရွယ်ခဲ့ပေမယ့် နေ့ချင်းပြီးဖြစ်သွားကြပါတယ်။

    ဘယ်ပန်းချီရေးလို့မှ မမှီကတော့ ကျုပ်အဖေ ဦးငွေထွန်း မူလတန်းကျောင်းအုပ် လုပ်နေတုန်းက ကျောင်းသား၊ ကျောင်းသူတွေကို ဆိုဆိုပြလေ့ရှိတဲ့- “အာကာဘောင်ထဲက တိမ်နီ တိမ်နီ
    ဘယ်ပန်းချီ ရေးလို့မှ မမှီ မမှီ”
    သီချင်းကို မှတ်မိပြီး သုံးထားတာပါ။

    ❝ပထမအကြိမ်ထုတ်စဥ်က❞

    ▪ နေ့တိုင်း အရက်သောက်ပြီး
    မိမိဘဝကို မိမိ အရည်ဖျော်နေသော၊
    ရှမ်းပြည် အရှေ့တောင်ပိုင်းသား၊
    အခင်ဆုံး သူငယ်ချင်းတစ်ဦးအတွက်၊
    ဤဝတ္ထုကို ရေးပါသည်။

    ▪ ဤအဖြစ်ကို ပြောပြသော၊
    ရှမ်းပြည် ညောင်ရွှေမြို့နယ်၊
    မိုင်းသောက် အရှေ့တိုက်၊
    တိုက်သူကြီး ဟဲကယ်ရွာသား၊
    ဦးမောင်ကြီးကို
    ကျေးဇူးအထူးတင်ပါသည်။ ။

    ❝ဘယ်ပန်းချီရေးလို့မှ မမှီ ဖြစ်ပေါ်လာပုံ❞

    “ဒါလောက် မိုးရွာသင့်သားနဲ့ မရွာရင် ဒီအရပ်မှာ ငန်းဥ ဥပြီ“
    အပျိုတစ်ဦး အများမသိဘဲ တိတ်တိတ်ပုန်း ကိုယ်ဝန်ရှိနေလျှင် ဤဒေသ၌ ဤသို့ ပြောရိုးရှိသည်ဟု သိလိုက်ရသည်။ ထိုနှင့် တစ်ဆက်တည်းပင် ထမုံဦးမောင် ကြီးက “ဟိုးအနောက်ဘက်မှာ မြင်ရတဲ့ တောရိပ်တောင်ခြေက သိမ်ကုန်းရွာ၊ အဲ့ဒီ မှာ နန်းနုဆိုတဲ့အရူးမလေး၊ ဘယ်သူဖျက်မှန်း မသိဘူး၊ တစ်နေ့ ကိုယ်ဝန်ပေါ်တော့ ကျော့ခင်က ရွာကကာလသားတွေထဲကပဲ ဖြစ်မယ်ဆိုပြီး ကာလသားတွေဆီက တစ်လ ငွေတစ်မူးစီတောင်း၊ ကောင်မလေး မီးနေတော့ ဝိုင်းပြုစုခိုင်း၊ ငြင်းဆန်တဲ့လူ မီးနေဝတ်လျှော်ဆိုပြီး ခိုင်းဖူးတယ်” ဟု ပြောပြသည်။

    နန်းနုနှင့် ကျော့ခင်မှာ တကယ်အဖြစ်ထဲမှ အမည်စစ်များဖြစ်သည်။ ဇာတ်လမ်းကို ဖန်တီးပြီး ရေးခါနီးတွင် ဇာတ်ကောင်များကို အမည်မပေးတတ်သေး၍ လိုက်ရှာရသည်။ ပင်လုံမြို့ အစိုးရလက်ဖက်ခြောက် အဝယ်ဒိုင်သို့ သွားလည်ရင်း လက်ဖက်ခြောက်ရောင်းသူ အဘိုးကြီးများ၏ အမည်များကို ဘောင်ချာရေးသူ အော်မေးတိုင်း ဖြေပုံများကို နားထောင်ကြည့်သည်။ နားထောင်ရင်း ကျောင်းစိတ္တ ဟူသော အမည်ကြား၍ သဘောကျသဖြင့် မှတ်သားထားသည်။ ညောင်ရွှေ၌ ၁၉၆၄ မတ်၊ ဧပြီ နေစဉ်၊ အရှေ့ဆင်တောင်တက်စဉ် တောင်ရိုးရွာတစ်ခုမှ အိမ်ရှင့်အမည် “အယ်ရိုး” ဟု သိခဲ့ဖူး၍ အယ်ရိုးအမည်ကို ထည့်သုံးခဲ့သည်။ ဤဝတ္ထုဖြစ်ပေါ်လာပုံကလေးကား ဤမျှသာ။

    ❝ဘယ်ပန်းချီရေးလို့မှ မမှီ (ဝတ္ထုအကြောင်းနှင့် ဝတ္ထုအရောင်အဆင်းများ)❞

    ကျွန်တော်အဖေ့ကို ကျွန်တော် အလွန်တရာမက အလွန်တစ်သန်း ချစ်၍ ဤ “ဘယ်ပန်းချီရေးလို့မှ မမှီ” ဝတ္ထုကို ရေး၏။

    ဤဝတ္ထု၏ ဇာတ်လမ်း အစအနလေးကို ရှမ်း/တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ရွှေညောင်မြောက်ဘက် ဟဲကယ်ရွာသို့ရောက်စဉ် ရရှိခဲ့၏။ ရှေးကအဖြစ် ဖြစ်၏။ ၁၉၆၅ ခုနှစ်က လွယ်လင်မြို့တွင် အကြာကြီး အလည်ရောက်နေစဉ် ဤဝတ္ထုနှင့် လမင်းငယ်ငယ် အပြုံးရှင် ဝတ္ထုများကို ရေးခဲ့၏။ ဤဝတ္ထုကို နံနက် ၉ နာရီခန့်တွင် ထိုင်ရေးပြီး ည ၇ နာရီခန့်တွင် ပြီး၏။ နေ့ချင်းပြီး ဝတ္ထုဖြစ်၏။ နေ့ချင်းပြီး ဝတ္ထုများကို ကျွန်တော်ရေးဖူးပါ၏။

    သူငယ်ချင်း စာရေးဆရာကြီး မင်းကျော် ဦးဆောင်တည်ထောင်သော ပုဂံစာအုပ်တိုက်မှ ပထမဆုံး ထုတ်ရောင်း၏။

    ဘယ်ပန်းချီရေးလို့မှ မမှီ ဝတ္ထုကို ငွေဥဒေါင်းဟာ ကြေးမုံသတင်းစာ စာအုပ်ခန်းတွင် “ကြောက်ခမန်းလိလိ ထူးခြား” ဟု ရေး၏။ ချဲ့ထွင်ရေးဖို့ ကောင်း၏ဟု ရေး၏။ အောင်ဗလက ရှုမဝမဂ္ဂဇင်းတွင် “ကျွန်ုပ်မိတ်ဆွေကြီးသည် ဤဝတ္ထုမျိုး နောင်တွင် ရေးနိုင်မည်မထင်” ဟု ဆောင်းပါးရေးဖူး၏။ ဆရာကြီးတက်တိုးက “ဟေ့ကောင် မင်းဝတ္ထုအကြောင်းကို ငါ The Working People Daily မှာ အင်္ဂလိပ်လို တစ်မျက်နှာလုံး ရေးထားတယ်” ပြော၏။ ထိုစဉ်က သတင်းစာ၊ စာမျက်နှာဆိုဒ်အကြီးကြီးဖြင့် ထုတ်ကြ၏။ “ဟုတ်လား“ ဟု မဖတ်မိသော ကျွန်တော်က ပြောသောအခါ အနီးတွင်ထိုင်နေသော ဟံသာဝတီ အယ်ဒီတာချုပ်ဦးဝင်းတင်က “ခင်ဗျားကလဲဗျာ“ ဟု ဆရာကြီးကို အားနာ၍ ဝင်ပြော၏။ “မဖတ်ရသေးဘူး မဟုတ်လား၊ မင်း တော်တော်ညံ့တဲ့ကောင်“ ဟု နာမည်သစ် ပေးသွားပါသေး၏။

    ❝အမှာစာ❞
    (နေစိုးအောင်(တောင်ကြီး)
    ဥက္ကဋ္ဌ၊ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ်၊ တောင်ကြီးမြို့။)

    ဘယ်ပန်းချီရေးလို့မှ ပမှီ ဝတ္ထုသည် ၄၈ နှစ်ကြာမြင့်ပြီးမှ ယခုတစ်ဖန် ပြန်လည်ထုတ်ဝေလိုက်သော်လည်း ခေတ်နောက်မကျန်ရစ်သေးဘဲ ခေတ်မီလျက် ရှိနေသေးသည့် စာအုပ်တစ်အုပ် ဖြစ်နေပါသည်။

    လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းနေသည့် ယနေ့ခေတ်တွင် “ကျေးဇူးတရား” ဟူသည် ပျောက်ကွယ်နေသည့် ခေတ်သမယ၌ ဆရာကြီး၏ ဝတ္ထုသည် အများပြည်သူ မျှော်လင့်မထားသည့် “ကျေးဇူးဆပ်ပုံ” ကို ဖော်ညွှန်းထားသော ရှားရှားပါးပါး စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဇာတ်လမ်းကျောရိုးသည် မြို့ကြီးပြကြီး၌ အခြေမတည်ဘဲ ဓနုတိုင်းရင်းသားတို့နှင့် ဆက်သွယ်နေသည့် အင်းတိုင်းရင်းသားတို့ နေထိုင်ရာ အင်းလေးဝန်းကျင်ဒေသတွင် အခြေခံထားပါသည်။

    တကယ့်သဘာဝ အရှိကိုအရှိအတိုင်း အခြေခံရေးသားထားသည့် ဤ ဝတ္ထု ဘယ်ပန်းချီရေးလို့မှ မမှီ ဝတ္ထုထဲ၌ပါဝင်သည့် ဇာတ်လမ်းသည် ရေစုန်ကိုဆန်သည့် မတူကွဲပြား တစ်မူဆန်းပြားသောအဖေ၏ဂုဏ်သိက္ခာကို သားဖြစ်သူက အနစ်နာခံ၊ နာမည်ပျက်ခံပြီး ကျေးဇူးဆပ်ပုံသည် တစ်မူထူးဆန်းနေသည့် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။

    “ဘယ်ပန်းချီရေးလို့မှ မမှီ” ဝတ္ထုသည် ရသ ၉ ပါးတွင် ပါဝင်နေသည့် အဗ္ဗုတရသ၊ ဝီရရသ၊ ဘယာနကရသ၊ ဝိဘစ္ဆရသ၊ ရုဒ္ဒရသ၊ သန္တရသ၊ ကရုဏာ ရသ၊ သိင်္ဂါရရသ စသည့် ရသမျိုးစုံ ရောနှောရေးသားထားသလို ရုပ်ရှင် ဗီဒီယိုတို့ကို ကြည့်ရှုရာတွင်လည်း အထက်ဖော်ပြပါ ရသဂုဏ်တို့ကို ထိထိမိမိ လက်တွေ့ခံစား၊ တွေ့ထိရသည်များ ပိုမိုပေါ်လွင်နေပါသည်။
    __________________________

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သိန်းသန်းထွန်း စာအုပ်များ