အရိပ်လေးဆယ်

( 1 မှတ်ချက်)

3500 (ကျပ်)

လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူနုရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

အရိပ်တစ်ခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသားတစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး စံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ စံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။

ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စာမျက်နှာ

218

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ၊ 2021၊ ဖေဖော်ဝါရီလ (ပ-ကြိမ်)

Out of stock

အရိပ်လေးဆယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    ဒီစာအုပ်လေးဟာ ဆရာမရဲ့ စိတ်အတွေးထဲမှာ အရိပ်သဖွယ် ရှင်သန်နေတဲ့ ကြုံခဲ့ဖူးသော အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်လေးဖြစ်တယ် .. အရိပ်လေးဆယ်ဆိုတဲ့အတိုင်း အဖြစ်အပျက်ပေါင်း လေးဆယ်ကိုမြင်တွေ့ရမှာဖြစ်လို့ ဆရာမ စံပယ်ဖြူနုရဲ့ စိတ်အတွေးပုံရိပ်တွေ အကြောင်း တ၀ကြီး စပ်စုလိုက်ကြပါစို့ ..

    ဒီထဲက တချို့အရိပ်တွေဟာ ကျွန်တော် ကြုံတွေခဲ့ဖူးတဲ့ အတိတ်တွေကို ပြန်လည် အမှတ်ရစေခဲ့တာမျိုးတွေရှိတယ် .. ဥပမာ – ကြောင်တွေအပေါ် သံယောဇဉ် ငြိတွယ်ခဲ့တာကြောင့် ကြောင်တွေ သေဆုံးသွားတဲ့အခါ ၀မ်းနည်းပက်လက်ဖြစ်ရတာမျိုး .. ကျွန်တော်ဆို ကျွန်တော့်ကြောင်တွေ သေဆုံးသွားတုန်းက အိမ်မက်တွေ ဘာတွေတောင်မက်ပြီး သတိရလွန်းလို့ ငိုကြွေးဖြစ်ခဲ့တယ် ..

    ပြတင်းပေါက်အပြင်ဘက်မှာ လာနားတဲ့ ဌက်ကလေးအကြောင်းမှာလည်း ခံစားချက်က တူနေပြန်ရော .. ကျွန်တော်ဆို မှန်ပြတင်းပေါက်ဘက်မှာ ဒီဘက်ကို လှည့်ပီး စူးစမ်းနေတဲ့ ဌက်ကလေးတွေကို မြင်ရင် သဘောကျလွန်းလို့ အသံတိတ် တခွီခွီနဲ့ရယ်ပီး ဖွင့်စရာရှိတဲ့ တံခါးကိုတောင်မှ မဖွင့်ဖြစ်ဘဲ ငေးကြည့်နေတာမျိုး ၊ ဌက်တွေလို လေပေါ်ပျံပြီး လျှောက်သွားချင်တာမျိုး .. တော်သေးတယ် ကျွန်တော့် ညီလေးက ဆရာမ မောင်လေးလို ဌက်ဖြစ်ရင် လေးခွစာမိမယ်လို့ မပြောလိုက်လို့ ..

    ထိုနည်းတူပဲ အပင်လေးစိုက်လို့ ရှင်သန်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက် ၊ မေ့မရသော ချဉ်ပေါင်ဟင်း ၊ တောင်းရမ်းတဲ့ ကလေးတွေရဲ့ ခြိမ်းလားခြောက်လား အပြုအမှု စသည်တို့ဟာ ကျွန်တော် ကိုယ်တိုင် တွေ့ကြုံ ခံစားခဲ့ရ / နေရတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်တာကြောင့် ဖတ်ရတာ အရမ်းအရသာ ရှိနေခဲ့တယ် ..

    ဆရာမသာ ယောင်္ကျားလေးဖြစ်လာခဲ့ရင် ကြည်အောင်လို့ အခေါ်ခံရဖွယ်ရှိကြောင်းလေးကို ဖတ်ရတာက ပြုံးမိစေသလို ခရမ်းသီးဟင်းချက်တုန်းက အဒေါ်ဖြစ်သူရဲ့ အပြစ်တင်ခြင်းကို ခံရပေမယ့် မောင်နှစ်ယောက်ရဲ့ အားပေးမှုကြောင့် ခရမ်းချဉ်သီးဟင်းလေး ကုန်သွားတဲ့ အကြောင်းလေး ဖတ်ရတာက ရင်ထဲ လှိုက်ဖိုကြည်နူးစရာ ..

    အဆောင်မှာ လက်ဖက်သုတ်စားချင်လို့ အဆောင်က သူငယ်ချင်းတွေဆီက ဟိုပစ္စည်းနည်းနည်း ဒီပစ္စည်းနည်းနည်းလေး လိုက်တောင်းပီး လက်ဖက်သုပ်စားကြတဲ့ ဖီလင်နဲ့ တစ်ယောက်ခန်းလေးလိုချင်လို့ဆိုတဲ့ စိတ်လေးဟာ ကျွန်တော် ရန်ကုန်အဆောင်ရောက်စဉ်က ဘ၀ကို ပြန်လည် လွမ်းဆွတ်သွားစေပြန်တယ် ..

    ဒီစာအုပ်လေးဟာ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ တချို့ကို ပြန်လည်ခံစားမိစေတာကြောင့် စာလေးဖတ်လိုက် ပြန်တွေးလိုက်ဆိုတဲ့ အရသာလေးဟာ တကယ့်ကို ကောင်းတဲ့ ခံစားချက်လေးပါပဲ …..

    ဒီစာအုပ်လေးမှာ ထူးခြားချက်တစ်ခုက အတွင်းပန်းချီလေးတွေကို ဆရာမရဲ့ သမီးလေးက ရေးဆွဲထားခြင်းဖြစ်သတဲ့ ..

    ဒီစာအုပ်လေးကို ဖတ်ကြည့်ပီး မိမိအရိပ်တွေကိုလည်း ပြန်လည်မြင်တွေ့နိုင်ကြပါစေ …..

    #အရိပ်လေးဆယ်
    #စံပယ်ဖြူနု
    #မဟာစာပေ

    #PyaeArKar

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

စံပယ်ဖြူနု စာအုပ်များ