အားလုံးငြိမ်ပါ မီးစုံဖွင့်မယ်

( 1 မှတ်ချက်)

8000 (ကျပ်)

မြန်မာရုပ်ရှင်နှင့် ဗီဒီယိုလောကအကြောင်း အတွင်းကျကျ လေ့လာရယူ ရေးဖွဲ့ထားသည့် နုနုရည်အင်းဝ၏ “မင်းသား သုံးသိန်း၊ မင်းသမီး တစ်သိန်း၊ လူကြမ်း တစ်ရာ” ဝတ္ထုကို စာရေးသူ မူလကနဦး ပေးခဲ့သည့် အမည်ဖြင့် ပြန်လည်ထုတ်ဝေလာသည့် လုံးချင်းဝတ္ထုရှည် ဖြစ်သည်။ စာရေးသူသည် သူ ရေးဖွဲ့သမျှ ဝတ္ထုတိုင်း၏ ဇာတ်လမ်းနှင့် ဇာတ်ကောင်တို့၏ ဘဝကို ပြင်ပတွင် ထဲထဲဝင်ဝင် ထိတွေ့ခံစားယူပြီးမှ ရေးဖွဲ့လေ့ရှိရာ ဤဝတ္ထုတွင်လည်း မြန်မာရုပ်ရှင်နှင့် ဗီဒီ ယိုလောကကို ပူးဝင်ခံစား ရေးသားထားကြောင်း သိသာနိုင်သည့်  ထင်ရှားခဲ့သော ဝတ္ထုတစ်ပုဒ်ပင် ဖြစ်ပါသည်။ ရှုတင်မန်နေဂျာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ လူကြမ်း တို့မှအစပြု၍ မိတ်ကပ်ဆရာ၏ အခန်းကဏ္ဍကိုပါ မလွတ်တမ်း ရေးဖွဲ့သွားသည်မှာ ဇာတ်ကောင်တစ်ဦးချင်း တစ်ဦးချင်း၏ ရုပ်လုံးကို စာဖတ်သူ၏ စိတ်ထဲ သက်ဝင်လှုပ်ရှားပုံပေါ်လာသည်ထိ ထိခိုက်ခံစားစေနိုင်သည့် ဝတ္ထုတစ်ပုဒ်ပင် ဖြစ်ပါသည်။

စာမျက်နှာ

252

စာအုပ်အရွယ်အစား

5.3 x 0.4 x8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ဇူလိုင်လ (ဒုတိယ-ကြိမ်)

97 in stock

အားလုံးငြိမ်ပါ မီးစုံဖွင့်မယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htun Sethar

    ဆရာမနုနုရည်(အင်းဝ)ရဲ့ ‘အားလုံးငြိမ်ပါ…မီးစုံဖွင့်ပါ’ စာအုပ်လေးက ကိုယ်နဲ့မရင်းနှီးတဲ့ ကိုယ်တောင်မမွေးသေးတဲ့အချိန်ကာလ ရုပ်ရှင်လောကထဲက လူတွေအကြောင်း သူတို့ရဲ့ဘဝတွေ သူတို့ရဲ့အတွေးတွေ ခံစားချက်တွေကို ပေါ်လွင်အောင် ဆရာမက ကလောင်သွားထက်ထက်နဲ့ လှစ်ဟပြလိုက်သလိုပဲ။ ငမိုးရိပ်တဲအိမ်စုလေးက စိတ်မနှံ့တဲ့အဘွားအိုရဲ့မြေးမလေးအခြေအနေကနေ နိုင်ငံကျော်ဗီဒီယိုမင်းသမီးဖြစ်လာတဲ့ ခင်ဒေဝီရယ်၊ ခင်ဒေဝီရဲ့ မိတ်ကပ်သမား ချယ်ရယ်၊ ရုပ်ရှင်ရိုက်ကွင်းတခုလုံးကို စီမံရတဲ့ ရှူတင်မန်နေဂျာကိုစိုးရယ် စသည် စသည်ဖြင့် လူကြမ်းသရုပ်ဆောင်၊ ကင်မရာသမား၊ ဒါရိုက်တာ ရှုထောင့်အစုံက လူတွေရဲ့အကြောင်းကို ‌ရေးထားတာ တကယ်ကိုဖတ်လို့ကောင်းလိုက်တာ။ သူတို့ဘဝရဲ့ ဇာတ်ကြောင်းကို အလီလီဖွင့်ချပြရင်းနဲ့ ဝတ္ထုတခုလုံးကို သယ်သွားတာ။ တယောက်ပြီး တယောက် ဖတ်ရင်းနဲ့ ဝတ္ထုလည်းပြီးရော စိတ်ထဲမှာ အတွေးပေါင်းများစွာနဲ့ကျန်နေခဲ့တယ်။

    တကယ်တော့ လူတိုင်းက သူတို့ရဲ့ကျရာနေရာမှာ အကောင်းဆုံးလုပ်ရင်းနဲ့ သူတို့ဘဝမှာ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား။ မင်းသား၊ မင်းသမီးနဲ့ လူကြမ်း၊ ဇာတ်ပို့ အမည်ခံသာကွာပေမယ့် အကုန်လုံးက သူတို့ရဲ့နယ်ပယ်ထဲမှာ စွမ်းသလောက်ကြိုးစားရှင်သန်နေကြတာပါပဲ။ အဲသလို ရှင်သန်ရင်းနဲ့ပဲ လူတွေရဲ့ သဘောသဘာဝအရ လောဘလေးကတော့နည်းနည်းရှိတာပေါ့။ ကိုယ့်ဘဝရဲ့ ရည်းမှန်းချက်ကို ဖြစ်လာလိမ့်နိုးနိုးနဲ့ ဆုပ်ကိုင်ထားတတ်ကြတာပဲ။ တချို့ကျတော့လည်း ကိုယ်လိုချင်တာကို ရအောင်ယူလိုက်နိုင်ပေမယ့် တဖက်မှာတော့ ကိုယ့်ရဲ့အရေးကြီးတဲ့အရာတခုကို လက်လွှတ်လိုက်ရပြန်ရော။ ရတာမလို လိုတာမရပေါ့။ တချိန်တည်းမှာပဲ မတည်မြဲတဲ့လောကကြီးထဲ ကိုယ်ရရှိထားတဲ့အရာလေးကို ပျောက်ပြယ်မသွားအောင်ရတဲ့အချိန်ခဏလေးမှာ အစွမ်းကုန်ကာကွယ်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဆိုတော့ ဆရာမရဲ့ ဒီစာအုပ်လေးက ရုပ်ရှင်လောကတင်မဟုတ်ဘဲ အပြင်လောကကြီးရဲ့ လူအမျိုးမျိုး စိတ်အထွေထွေတွေကိုပါ မီးမောင်းထိုးထားသလိုပေါ့။ တကယ်ကိုဖတ်ရတာအရသာရှိနေရောပဲ။

    #နုနုရည်အင်းဝ #အားလုံးငြိမ်မယ်မီးစုံဖွင့်ပါ
    #review

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ