ကျွန်မသိသောအမေရိကား
5000 (ကျပ်)
စာအုပ်အဖြစ်ထွက်ရှိဖို့ ၄ နှစ် အချိန်ယူ ရေးသားခဲ့ရပြီး နိုင်ငံကြီးတစ်နိုင်ငံရဲ့ အတွေးအခေါ် ရေသောက်မြစ်၊ ဓလေ့ထုံးစံတွေနဲ့ အတုယူစရာကောင်းတဲ့ ဘ၀နေမှုပုံစံတွေကို ကိုယ်တွေ့လေ့လာမှတ်သားပြီး စာဖတ်သူတွေကိုယ်တိုင် အမေရိကားဆိုတာဘာလဲ…. နက်နက်ရှိုင်းရှိုင်း သိမြင်လာနိုင်အောင် တူးဆွ-ရှုမြင်-ဆင်ခြင်-သုံးသပ် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
သျှောင်နောက်ဆံထုံးပါခဲ့ရတဲ့.. အခြေအနေကြောင့် အခေါက်ခေါက်ရောက်ခဲ့ရတဲ့ နိုင်ငံတစ်ခုရဲ့အကြောင်းကို..ဆရာမရဲ့ ရေးဟန်အတိုင်း..ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း ရေးခဲ့တဲ့ အမေရိကားစာစုတွေကို..ကျွန်မသိသောအမေရိကား..The America I’ve Known စာအုပ်မှာ..အပုဒ်ရေ ငါးဆယ်တောင်ပါတာမို့..တဝကြီးဖတ်ရှုရမှာပါ။
ဒီစာအုပ်ကိုဖတ်တဲ့အခါ ကောင်းတာလည်းရှိသလိုမကောင်းတာလည်းရှိတဲ့ သူတို့တိုင်းပြည်က စနစ်တွေ… သူတို့လူမျိုးတွေရဲ့ life style.. ဘဝနေထိုင်မှုပုံစံတွေ ဓလေ့စရိုက်.. စိတ်နေစိတ်ထားတွေ.. မတူကွဲပြားသော ယဉ်ကျေးမှု.. ယုံကြည်မှုတွေ..၊ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို ဝေမျှထားတဲ့ သာမာန်ခရီးသွားဧည့်သည်..စာရေးသူတစ်ဦးရဲ့ ရိုးရှင်းသောအတွေးအမြင်များအဖြစ်..ခံစားရမှာပါ..
စာမျက်နှာ | 216 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.8 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ အောက်တိုဘာလ (ပ-ကြိမ်) |
31 in stock
Su La Pyae Tun (verified owner) –
ကျွန်မသိသော အမေရိကား(မွန်ဟော်စီ)
The America I’ve known(Mon Halsey)
ပထမဆုံး နှစ်သက်မိတာက ဆရာမရဲ့ အရေးအသားပါ။ သူမရဲ့ စာအုပ်တွေဖတ်ရတိုင်း ခပ်သွက်သွက်လေးပါသွားတယ်။ ခုဆို ကိုယ်မနေ့က စဖတ်ပေမယ့် ဒီနေ့ ပြီးသွားတယ်။ ပုံမှန်စာအုပ်တစ်အုပ်ဆို တနေ့ နည်းနည်းပဲ ဖတ်ဖြစ်ပေမယ့် စိတ်ဝင်စားရင် အပြီးဖတ်ပစ်ချင်တာမျိုးပါ။ ဒီစာအုပ်ထဲက ဆောင်းပါးအတိုတွေ စုထားတာမျိုးလည်း ဖြစ်တယ်။ တချို့ဆောင်းပါးတွေက Social media မှတင်ဖူးပြီး လူထုကို အသိပေးချင်တာလေးတွေ ရေးထားတတ်တယ်။ဥပမာ စည်းကမ်းနဲ့ကျင့်ဝတ်နဲ့ဆိုင်တာမျိုးပေါ့။ ကိုယ်တိုင်ကျင့်ပြီး တစ်ဦးတစ်ယောက်ချင်းစီက တွန်းမှ အတူတူ ကောင်းတဲ့စီကို ရွေ့နိုင်မယ်ဆိုတာမျိုးကို ဦးတည်ရေးထားတတ်တယ်။အဓိက နိုင်ငံတကာ က မြန်မာဆို အမှိုက်ပစ်တာ ကွမ်းတံတွေးထွေးတာတွေနဲ့ တွဲမြင်တတ်နေတာလေးတွေပါ ပါတယ်။ ဖတ်နေရင်း မျက်နှာတွေပူပြီး ရှက်လာတယ်။ တချို့နေရာတွေမှာ တန်းမစီတတ်တာ။ ဒီမိုကရေစီဆိုတာနဲ့ စည်းကမ်းကျင့်ဝတ်မသိတာ မတူတာကို ရောချပြီး အရေးယူနေကြတာမျိုးကိုပါ ကိုယ်ဆို ဆက်စပ်တွေးမိသွားတယ်။
နောက်ထပ်စိတ်ဝင်စားတာက social security ခေါ် သက်ကြီးထောက်ပံ့ကြေးငွေပါ။ ဒီမှါက ဝန်ထမ်းက အနားယူမှ ရပေမယ့် အခွန်ဆောင်ထားတဲ့ နိုင်ငံသားတိုင်း ရနိုင်တဲ့ သူတို့ရဲ့ စနစ်ကို သဘောကျမိတာ အမှန်ပါ။အသက်ကြီးမှ ကိုယ်နှစ်သက်တာလေးတွေကို ဆက်လက်လုပ်ဆောင်နေကြသေးတာ၊ မမှီခိုတာ၊ သံယောဇဥ်မတွယ်တာ၊ ဘာသာရေးလို့ ပြောနေသူတွေထက် ကြင်နာတတ်တာ၊ ကူညီတတ်တာတွေကို အများကြီး အများကြီး ဖတ်လိုက်ရပါတယ်။
ကိုယ်စိတ်အဝင်စားဆုံးတစ်ခု ရှိပါသေးတယ်။ Spiritual healing လုပ်ပေးတဲ့ Spiritual worker အကြောင်းပါ။ စာရေးသူ ကိုယ်တိုင်အတွေ့အကြုံတွေအကြောင်းရေးထားတာမို့ Healing process ကို ပြောသွားတာလေး သဘောကျမိလို့ အတိုမှတ်ထားမိတယ်။ ခွင့်လွတ်ပါ(အမုန်းဆုံးသူ အမုန်းဆုံးအရာ အမုန်းဆုံးအခြေအနေကို ခံစားပါ ၊ ပြီးရင် ခွင့်လွှတ်ပါ)၊ ကောင်းတဲ့ အရာတွေကို ပြန်တွေးပါ၊ ခံစားပါ၊ ပစ္စုပ္ပန်မှာနေထိုင်ပါ။ (ဒါက တရားတော်တွေနဲ့လည်း အနီးစပ်ဆုံးနားလည်နိုင်မယ့်အရာတွေဖြစ်နေတာကို မှတ်သားရပါတယ်)
နောက်တစ်ခုက လူမည်းတွေနေထိုင်တဲ့မြို့နဲ့ အကြောင်းလေးရေးထားတဲ့အခါ ဇာစ်မြစ်စာအုပ်ထဲက အကြောင်းတွေ ခေါင်းထဲ ရောက်လာတော့တာပဲ။ ဒါပေမယ့် သူတို့က အကျိုးတစ်ခု ရသွားတာက ကျွန်ဘဝက လွတ်တဲ့အချိန်မှာ သူတို့အချင်းချင်း ပိုပြီးချစ်ခင်ဖေးမတတ်လာကြတာပါတဲ့။ ဒါကို မြင်ရတယ်လို့ စာရေးသူရေးထားတာကို ခံစားရပါတယ်။
တကယ်ကို သဘောကျပြီးဖတ်ရတာ သဘောကျတာမို့ ခေါင်းထဲကိုလည်း မှတ်မိပြီး ကျန်နေခဲ့စေတာမို့ ဒီစာအုပ်လေးလည်း သဘောကျမိပါတယ်။
7.12.2020
December လ အတွက် ဒုတိယစာအုပ်ပါ။
ကောင်းသောညလေးဖြစ်ပါစေ။ ?
Ei Myat Sandi Win (verified owner) –
ဗဟုသုတရစေပြီး စိတ်၀င်စားဖို့ကောင်းတယ်
ဖတ်ရင်း မပျင်းရပဲ ပိုဖတ်ချင် သိချင်လာတယ်
ဆရာမရဲ့ အရေးအသားတွေက ဖတ်လွယ် မှတ်လွယ်စေတာမို့
ခေါင်းထဲစွဲနေပြီး နောက်တစ်ကြိမ်ထပ်ဖတ်ချင်တဲ့ စာအုပ်လေး
Hayman Oo –
ဒီစာအုပ်လေးဖတ်ပြီး အမေရိကန် အဖိုးကြီး အဖွားကြီးတွေရဲ့ Life Style ကို အရမ်းသဘောကြတာပဲ။
အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း နေပြီးတော့ တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ သတ္တိရှိတွေရှိတာကတော့ အံ့မခန်းပဲ။
သူတို့ဆီက အဖိုးကြီး အဖွားကြီးတွေက အများသိကြတဲ့အတိုင်းပဲ မိသားစုနဲ့ ခွဲနေကြတယ် ဆိုတာတော့ ကြားဖူးနားဝတော့ ရှိပါတယ်။
အဲ့လိုခွဲနေကြတာက သားသမီးတွေက မကျွေးနိုင်လို့ ဆိုပြီး ထင်ထားတာ။ ဒီစာအုပ်မှာ ဆရာမ ရေးထားတာလေး ဖတ်ကြည့်မိတော့မှပဲ သူတို့ကိုယ်တိုင်ကိုမှ မနေချင်ကြတာတဲ့။
ကောင်းရော။
ဘဝကို အမှီအခို ကင်းကင်းနဲ့ နေချင်ကြတာ။
အေးအေးဆေးဆေး နားအေးပါးအေး
နေချင်ကြတဲ့ ဆန္ဒရှိကြတယ်။
တစ်ယောက်တည်း ရပ်တည်ရဲတဲ့ သတ္တိတွေလဲ ရှိကြတယ်။
အသက်အရွယ်ကြီးလို့ နာမကျန်း ဖြစ်ရင်လဲ သားသမီးအိမ်ထက် ဟိုတယ်လို ကိုယ့်ပိုက်ဆံကိုယ် ပေးနေရတဲ့ Nursing Home ရိပ်သာတွေကို ပိုကြိုက်ကြတဲ့သူတွေ။
မိသားစုအပေါ်ချစ်ပေမယ့်လဲ တွယ်တာတတ်တဲ့ အကျင့်နည်းကြတယ်။ လိုတာထက်ပိုပြီး သံယောဇဉ်မထား တတ်တာကြောင့် သားပူ သမီးပူတွေလဲ မယူရကြ။
သားပူသမီးပူတွေတောင် မယူကြပါဘူးဆိုနေမှ မြေးတွေမြစ်တွေ ထိန်းဖို့ဆိုတာတော့ ဝေလာဝေးရော။
တွေးကြည့်ရင် တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ရပေမယ့် မနိုင်ဝန်ကို အားနာနာနဲ့ မထမ်းတတ်ကြဘူး။ သားသမီးတွေ မြေးတွေ ချွေးမတွေရဲ့ တာဝန်ကို မယူနိုင်ပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူနိုင်ကြတယ်။
ဆရာမ ပြောသလို ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ သူတွေက သူများကို ဘယ်တော့မှ ဝန်ထုပ် ဝန်ပိုး ဖြစ်စေမှာ မဟုတ်ဘူးတဲ့။
တွေးကြည့်လိုက်တော့လဲ ဟုတ်တယ်။
ကိုယ့်ဆီက မြန်မာနိုင်ငံမိဘ အများစုက သားသမီးတွေကို အဆုံးစွန်အထိ ပံ့ပိုးပေးလိုက်တော့ သူတို့ကိုယ်တိုင် အသက်ကြီးလာတော့ အထုပ်အထည်လဲ မရှိတော့ သားသမီးကို ပြန်အားကိုးလာကြတယ်။ အဲ့ဒီမှာ သားသမီးတွေကလဲ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဖြစ်ပြီး မိဘကိုပြန်မကြည့်နိုင်ကြတော့ဘူး။
တစ်သက်လုံး သားသမီးတွေရဲ့ တာဝန်တွေယူလိုက်တော့ နောက်ဆုံး ကိုယ့်တာဝန်တောင် ကိုယ်မယူနိုင် ဖြစ်သွားတော့တယ်။
သူတို့ဆီမှာတော့ ဒီလိုအရွယ်တွေက ကမ္ဘာပတ်တုန်း။ ကျန်မငယ်ငယ်တုန်းက မန္တလေးကို မိသားစုလိုက် ခရီးထွက်တုန်းက စကားပြန်တစ်ယောက်နဲ့ တိုးရစ်အုပ်စုတွေကို ကြည့်လိုက်ရင် အသက်ကြီးတဲ့ သူတွေ 40 ကျော် 50 ကျော်တွေကြီးပဲ။ အသက် 20 ကျော် အရွယ်တွေ ဆိုတာ ခပ်ရှားရှားပဲ။
သူတို့ဆီက အဖိုးကြီး အဖွားကြီးတွေက တစ်သက်လုံး ကိုယ်မလုပ်ခဲ့ရတာတွေကို အခုမှ အတိုးချလုပ် …. ကိုယ့်စိတ်ကူး အိမ်မက်တွေကို ရွက်လွင့်နေကြတာ။ တစ်သက်လုံး ပင်ပန်းခဲ့သမျှ ခုခါမှပဲ စိတ်အေးလက်အေး အပန်းဖြေကြသလိုမျိုး။
ကိုယ့်မြန်မာနိုင်ငံက အဖိုးကြီး အဖွားကြီးတွေကို ကြည့်လိုက်ရင် မြေးလေးတွေ တို့လီတွဲလျောင်းနဲ့။
အသက်ကြီးခါမှ ကိုယ့်သားတွေ သမီးတွေ ဆီက ရတဲ့ မြေးတွေပြန်ထိန်းနေကြတာများတယ်။
ကိုယ့်သားသမီးကို တသက်လုံး ပြုစုပျိုးထောင် ကျွေးမွေးပြီးခါမှ လက်လွတ်ခြေလွတ် ဖြစ်ပြီ … သူတို့လမ်းပေါ် သူတို့လျှောက်နိုင်ပြီ ဆိုခါမှ များမကြာမှီ …. ကိုယ့်သားတွေ သမီးတွေ ဆီက ရလာတဲ့ ကလေးသေးသေးလေးတွေကို အစကနေ ပြန်ထိန်းနေရသလိုပဲ။
ဒီလို အသက်အရွယ်တွေဆိုတာ ဘဝရဲ့ အကျပိုင်းအရွယ်တွေ။
မြေးတွေတောင် ရပြီ ဆိုတဲ့အရွယ်က အနည်းဆုံးတော့ အသက် 60 နား ပြေးမလွတ်တော့ဘူး။
ဒီလို အသက်အရွယ်မှာ ဘုရားတရား လုပ်ရမယ့် အရွယ် …. ဘာသာရေး လုပ်ခွင့် အချိန် ပေးကိုပေးရမယ့် အရွယ်ပါ။
ကိုယ့်နောက်ပါမယ့် အရာတွေကို ဦးစားပေးလုပ်ရမယ့် အရွယ်ပါ။
ဘုရားတရား မလုပ်ရင်တောင်မှ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ့်အရွယ်။
ဥပမာ- သက်တူရွယ်တူတွေနဲ့ ဘုရားဖူးခရီးတွေထွက်တာတို့ ဘုရားသွား ကျောင်းတက် လုပ်ရမယ့်အရွယ်။
ကိုယ်ဝါသနာပါတဲ့အရာ ကိုယ်ဖြစ်ချင်တာတွေကို နောက်ဆံမတင်းပဲ လုပ်ရမယ့်အရွယ်။
ဥပမာ- ရွယ်တူ မိတ်ဆွေတွေနဲ့ အပန်းဖြေခရီးတွေကို ပျော်ပျော်ရွှင်ရွှင် ထွက်နေရမယ့်အရွယ်။
အိမ်မှာ ကျန်ခဲ့တဲ့ သားသမီးတွေအတွက် နောက်ဆံမတင်းရပဲ စိတ်အေးအေးနဲ့ သွားလာရတော့မယ့်အရွယ်ပါ။
ကိုယ်ကတော့လေ …. ဟိုး အရင်ကတည်းက
(ကိုယ် ခပ်ငယ်ငယ် အရွယ်ကတည်းက )
တစ်နေ့ ကိုယ်အိမ်ထောင်များ ကျခဲ့ရင် ကိုယ့်မိဘကို မြေးတွေ လုံးဝ မထိန်းခိုင်းဘူးလို့ …. အဲ့လိုပဲ ကိုယ်နဲ့ရမယ့် ကိုယ့်ယောက်ကျားရဲ့ မိဘကိုလဲ မထိန်းခိုင်းဘူးလို့ကို တွေးထားတာ။
ခုထိလဲ အဲ့ဒီ စိတ်ကူးအတိုင်းပဲ။
ဟုတ်တယ်လေ ဒီအရွယ်တွေက
စိတ်အေး လက်အေး နားအေးပါးအေး နေရမယ့်အရွယ်ပဲလေ။
တစ်ချို့တွေဆို အသက်အရွယ်ကြီးတဲ့အထိ သားသမီးရဲ့ စားဝတ်နေရေးပါ တာဝန်ယူနေရတုန်း။ သားသမီးတင်မကဘူး သားမက်ကော ချွေးမကော မြေးတွေရဲ့ စားဝတ်နေရေးအတွက်ပါ ရှာဖွေကျွေးမွေးနေရတုန်း။
တစ်ချို့မိဘတွေကလဲ မြေးတွေကို သူတို့ကိုယ်တိုင် ထိန်းလိုက်ရမှ ကျေနပ်ကြတာ။
ပြီးတော့ မြန်မာမိဘ အများစုက ကိုယ့်သားသမီး အိမ်ထောင်ကျပြီးတဲ့အထိ သူတို့နဲ့အတူ နေခိုင်းချင်နေတုန်း။
ကိုယ့်သားသမီးရဲ့ အိမ်ထောင်ရေးကိုပါ စီမံခန့်ခွဲချင်နေတုန်း။
စီးပွားရေးကအစ ကလေးမွေးတာအဆုံး
ဝင်ပါ ချင်နေကြတုန်း။
မိဘက သူတို့နဲ့အတူ လာနေခိုင်းတာရှိသလို။
တစ်ချို့ သားသမီးတွေကလဲ အိမ်ထောင်ကျပြီးတဲ့ အထိ မိဘနဲ့ မခွဲနိုင်သေးဘူး။ မိဘကိုမခွဲနိုင်တာကော ကိုယ့်ကိုကိုယ် ခွဲထွက်ပြီး မရပ်တည်ရဲတာကော။
တစ်ချို့ သားသမီးတွေကလဲ မိဘကို မလွန်ဆန်နိုင်ကြတာ။
မိဘက အိမ်ထောင်ကျပြီးရင်လဲ သူတို့နဲ့ အိမ်မှာပဲ အတူနေရမယ်ဆိုတာကို မလွန်ဆန်ရဲလို့ ငြိမ်နေကြတာလဲရှိတယ်။
အိမ်ထောင်ကျပြီးတဲ့တိုင် မိဘနဲ့ မခွဲနိုင်တဲ့ သားသမီး အများစုက မကြီးပြင်းတတ်တဲ့ ကလေးကြီးတွေလိုပဲ။ အိမ်ထောင်ကျပြီး မိန်းမရပြီးသည့်တိုင် မိဘကို အားကိုးနေတုန်း။
အိမ်စီးပွားရေးကို မိဘက ဦးဆောင်နေရတုန်း။
ဒီလိုတွေ စ လယ် ဆုံး ဝင်ပါနေကြ …. ဦးဆောင်နေကြတော့ ဘယ်ကလာပြီး စိတ်ချမ်းသာရတော့မလဲ။ ကိုယ်တွေနိုင်ငံက အဖိုးကြီး အဖွားကြီး အများစုကို ကြည့်လိုက်ရင် စိတ်ရှုပ်ထွေးနေရတာ များတယ်။
သူများနိုင်ငံက အဖိုးကြီး အဖွားကြီးတွေကတော့ တရားရတာ မရတာ နောက်ထား အနည်းဆုံးတော့ ကိုယ်တွေနိုင်ငံက သက်ကြီးရွယ်အိုတွေထက် ပိုပြီး ပျော်ရွှင်ကြတယ်။ ပျမ်းမျှအသက်လဲ ပိုရှည်ကြတယ်။
သူတို့ဆီမှာက(အနောက်နိုင်ငံ) မိသားစု နဲ့ အတူ စုပြုံပြီးမနေတော့ အမွေကိစ္စတွေ ဘာတွေလဲ နည်းကြတယ်။
ကိုယ်ကတော့ သားမိသားစု သမီးမိသားစုတွေနဲ့ အဖိုးအဖွား မြေးမြစ်တွေ တစ်ပြုံတမကြီး နေရတာ မကြိုက်ပေမယ့် သားလူပျိုကြီးနဲ့ အသက် 80 ကျော် အမေအိုကြီး တို့ကတော့ အတူနေဖို့ ကောင်းတာပေါ့လို့ တွေးမိသေးတယ်။
တစ်ခါတစ်လေကြတော့လဲ သူတို့တွေက လွယ်တာကို ခက်အောင် လုပ်နေကြသလားလို့။
အဲ့ဒါကြောင့်မို့လို့လဲ သူတို့ဆီက အသက်ကြီးတဲ့သူတွေ အိမ်ထဲမှာ လူမသိသူမသိ ဆုံးပါးသွားကြတာတွေလဲ ရှိကြတယ်။
ဒါကတော့ သီးခြားနေတာရဲ့ ဆိုးကျိုးတွေပေါ့။
ဆရာမ မွန်ဟော်စီ ပြောထားသလိုမျိုးပေါ့
ဘယ်စနစ်၊ ဘယ်ယဉ်ကျေးမှုမျိုးမဆို အားသာချက်၊ အားနည်းချက် တွေကရှိစမြဲပါပဲ။
အဆိုး နဲ့ အကောင်း ကတော့ အမြဲဒွန်တွဲနေကြတာပါပဲ။
မကောင်းတာကိုပယ်ပြီး ကောင်းတဲ့အချက်ကလေးကို ယူကြဖို့ပါပဲ။
#ဟေမာန်ဦး
P/S ဘယ်သူ့ကိုမှ ရည်ရွယ်ရင်း မဟုတ်ပါ။ ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်အတွေး ကိုယ့်အမြင် သက်သက်ဖြစ်ပြီး ကိုယ့်စိတ်ကူး ကိုယ့်ခံယူချက်တွေကို ချရေးထားတာပါ။
Hsuyee Paing (verified owner) –
အတွေးသစ် အမြင်သစ်တွေ ရရှိတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ နောက် အနောက် နိုင်ငံမှာလည်း မြန်မာပြည်မှာလိုပဲ ထူးဆန်းထွလာ အယူတွေ ရှိသေးတယ်ဆိုတာလည်း သိလိုက်ရတယ်။အတုယူစရာ အချက်တွေ လည်း ဖော်ပြသလို ရှောင်ရမယ့် အချက်တွေ ကျွန်မတို့ နဲ့ မကိုက်ညီတာလေးတွေလည်း သေချာ ဖော်ပြပေးထားပါတယ်။ နောက်ဆုံး အနေနဲ့ ဒီစာအုပ်ဖတ်ပြီးသွားချိန်မှာ ဘဝရဲ့ နောက်ဆုံးနှစ်တွေ ရောက်လာခဲ့ရင် အသက်တွေကြီးလာခဲ့ရင် မိမိကိုယ်ကို အတတ်နိုင်ဆုံး အားကိုးပြီး နေမယ်လို့ ဒီစာအုပ်လေးဖတ်ပြီးချိန်မှာ တွေးမိလိုက်ရပါတယ်