အမာ
6000 (ကျပ်)
ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ် ၊ လွတ်လပ်ပြီးခေတ်တို့အပေါ် အခြေပြုရေးဖွဲ့ထားသော သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။
ဘဝခရီးကြမ်းတွင် ရေစုန်မျောမသွားဘဲ ကြံ့ကြံ့ခံပြီး ရေကိုဆန်တက် လှော်ခတ်ခဲ့သော အမျိုးသမီးတစ်ယောက်၏ အတုယူဖွယ်ရာ.. စိတ်ဓာတ်၊ အကျင့်စာရိတ္တ ၊ကြိုးစားအားထုတ်မှု၊ ဘဝရည်မှန်းချက်၊ အိမ်ထောင်ရေး၊ သည်းခံပေးဆပ်မှု၊ အနစ်နာခံမှုတို့ကို အားပြိုင်နေသောဇာတ်ကောင်များ၏ ပံ့ပိုးမှုတို့ဖြင့် စိတ်လှုပ်ရှားစွာ.. ရင်ခုန်ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာရေးဆရာမ မွန်ဟော်စီ၏ အဖွားဖြစ်သူ ..မြန်မာ နိုင်ငံ၏ ၆၁ ယောက်မြောက် ဆရာဝန်မကြီး ဒေါက်တာဒေါ်သန်းဌေး (ခ) အမာ၏ ဘဝဇာတ်ကြောင်းမှန် ဖြစ်ပြီး စာရေးသူက မိသားစုဓါတ်ပုံများကိုပါ ဝေဝေဆာဆာထည့်သွင်း ဖော်ပြကာ နှစ်..နှစ်ခန့်အချိန်ယူ၍ ရေးသားခဲ့သော စာအုပ်ဖြစ်ပါသည်။
စာမျက်နှာ | 299 |
---|---|
စာအုပ်အရွယ်အစား | 5.4 × 0.9 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်း၊ ၂၀၂၂ ဇွန်လ၊ (ဆဋ္ဌမ-ကြိမ်) |
20 in stock
Julia Wityee –
အရမ်းကြိုက်ပါတယ် စစ်တွင်းကာလရော မတက်ခဲ့ရတဲ့တက္ကသိုလ်ကျောင်းသူဘဝရောသိခွင့်ရခဲ့ပါတယ်။
အမာရဲ့အမေလို အမေမျိုးမဖြစ်အောင် နည်းမှန်လမ်းမှန်ချစ်တတ်တဲ့အမေဖြစ်အောင်သတိထားရမယ့်အချက်ကိုခံစားလိုက်ရပါတယ်
SU Kyi Htut –
မသိသေးသောအကြောင်းအရာတွေအများကြီးဖတ်ရတဲ့အတွက်ကျေးဇူးပါဆရာမရေလက်ကမချချင်အောင်ကိုဆွဲဆောင်တယ်
The Bibliophile: Book Reviews By MSL –
📚🌸 ဆရာမ မွန်ဟော်စီ ရေးတဲ့ စာ ဆိုတာနဲ့ ဖတ်ကောင်းပြီးသားမှန်း ဆရာမပရိသတ်တိုင်း အသိဖြစ်ပါတယ်။ ခု “အမာ” ဆိုတဲ့ စာအုပ်လေး လိုင်းပေါ် ဟိုးလေးတကျော်ကျော်ဖြစ်တာက တစ်ကြောင်း ကျနော်ကိုယ်တိုင်လဲ ဆရာမရဲ့ စာဖတ်ပရိသတ် တစ်ယောက်ဖြစ်တာကတစ်ကြောင်း သည်စာအုပ်ကို လက်ထဲရောက်တဲ့နေ့မှာတင် စဖတ်ပြီး နှစ်ရက်အတွင်း အပြီးဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ဖူးသူတိုင်းမှ feedback ကောင်းရတဲ့ ဒီစာအုပ်ဟာ တကယ်လဲ ကိုယ်တိုင်ဖတ်ကြည့်တော့ recommend ပေးသင့်တဲ့ စာအုပ်တစ်အုပ်အနေနဲ့ ခံစားမိပါတယ်။
အထူးသဖြင့် စာအုပ်ဖတ်တဲ့ အလေ့အကျင့်ရအောင် ကြိုးစားနေတဲ့ လူငယ်လေးတွေတွက် ဒီစာအုပ်ဟာ အရေးအသားကအစ စာပါအကြောင်းအရာတိုင်းဟာ စာဖတ်စွမ်းရည်ကို ပံ့ပိုးပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ဒီလိုပြောလို့ စာအုပ်ပါအကြောင်းအရာက စာဖတ်စွမ်းရည်အကြောင်း ရေးထားတာလားဟု အထင်ရောက်စေလိမ့်မယ်။ တကယ်က ဆရာမ ရဲ့ စာအရေးအသား ညက်ညောမှုနဲ့ “အမာ”ဆိုတဲ့ ဆယ်ကျော်သက် မိန်းမပျို တစ်ယောက်ရဲ့ ဘဝဇာတ်ခုံ အကြောင်းအရာတွေဟာ စာဖတ်သူကို စာပေလောက ထဲ နစ်ဝင်စေနိုင်မဲ့ အကြောင်းပြချက်တွေပါပဲ။
📚🌸 စာညွှန်း
“အမာ” ဆိုတာ မင်းဘူးမြို့သူလေးတစ်ယောက် ဖြစ်တယ်။ ၁၉၄၁ ဒုတိယ ကမ္ဘာစစ်ဂယက်ဟာ မြန်မာနိုင်ငံထိ ရောက်ရှိလို့လာခဲ့ပြီး ဂျပန် နဲ့ ဗြိတိသျှ ကြား မြန်မာပြည်သူတွေဟာ ဓားစာခံ ဖြစ်ခဲ့ရတယ်။ ထိုထဲ အမာ တို့ မိသားစုဟာလဲ မလွတ်ကင်းခဲ့ပါဘူး။ ဆေးကျောင်းတက်စမှာတင် အဖေကို ဆုံးရှုံးခဲ့ရသည့်အပြင် ကိုယ့်အိုးအိမ်ဟာ ကိုယ့်မျက်စိရှေ့တင် ဗုံးပေါက်ကွဲသံကြီးနဲ့အတူ မီးတောက်ထဲ စိစိညက်ကြေသွားပုံ မြင်ခဲ့ရသည်။ ထို့ပြင် စစ်ပြေးရှောင်သိမ်းနေစဉ်လမ်းခုလတ်မှာ စစ်ပြေးဘဝအတွင်း မောင်လေးကို (အဖျားရောဂါဖြင့်) ဆုံးရှုံးလိုက်ရတဲ့ အစ်မတစ်ယောက် အဖြစ်တဖုံ၊ ဆွေမျိုးအိမ်ဘေး အဖီဆိုက်နေကာ ဆေးကျောင်းတက်ခဲ့စဉ် ကျောင်းစာရိတ် အိမ်စာရိတ်များ ပန်းချည်ထိုးကာ ရုန်းကန်ခဲ့ရသည့် ဆေးကျောင်းသူလေးတဖုံ၊ ဓလေ့ရိုးရာရှေးရိုးစွဲလွန်းသော
အမေကြောင့် ချစ်ရေးရာတွင် စိတ်ပင်ပန်းခဲ့ရသည်သာမက ချစ်ရပါသော သူနှင့် လွယ်ခဲ့သော ကိုယ်ဝန်ကို အတင်းဖျက်ချခိုင်းစေခံခဲ့ရပုံ၊ မည်သို့သော အခက်အခဲများကြားရုန်ကန်နေရသော်လည် မြန်မာနိုင်ငံရဲ့ (၆၁) ယောက်မြောက်သော ဆရာဝန်မကြီး ဖြစ်လာရုံသာမက နိုင်ငံခြားထိသွားရောက်ကာ ကလေးကျန်းမာရေး အထူးပြုဘာသာရပ်များကို စွမ်းစွမ်းတမံ ကြိုးစားခဲ့ပုံဟာ စာဖတ်သူအား စိတ်ဓာတ်ခွန်အားအများကြီး ဖြစ်စေပါတယ်။
“အမာ” ကံကောင်းခဲ့သည်မှာ အများသူငှာ မိန်းကလေးဆို ၇ တန်း ၈ တန်းနှင့် ကျောင်းထွက် မိသားစုအလုပ်နှင့် လုံးပန်းကာ အချိန်တန် အိမ်ထောင်ကျသော အတွေးအခေါ်ပတ်ဝန်းကျင်မှာကြီးပျင်းနေရသော်လည်း ပညာရေးကို အဓိက အားပေးသော မိဘ ရရှိခဲ့တဲ့ အချက်ပဲဖြစ်တယ်။ ထိုသို့သောအခွင့်အရေးကို လက်လွှတ်မခံပဲ အပတ်တကုတ်ကြိုးစားခဲ့သူ “အမာ” ကိုယ်တိုင်လဲ စာဖတ်သူတွက် ခွန်အားဖြစ်စေခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။
📚🌸 ဒီစာအုပ်ဖတ်စဉ် စာဖတ်သူအနေဖြင့် –
စစ်အတွင်း အမာရဲ့ ရုန်းကန်ကြိုးစားခဲ့ရမှု ကို ပထမပိုင်းအနေဖြင့်သော်လည်ကောင်း၊ စစ်ပြီးကာလ နောက်ပိုင်း အမာရဲ့ ဘဝဇာတ်ကြောင်းကို ဒုတိယပိုင်း အနေဖြင့်သော်လည်ကောင်း နှစ်ပိုင်းခွဲခြားသိရှိပေလိမ့်မည်။
🔐 ၁၉၄၀ မှ ၁၉၆၀ ကျော် ဝန်းကျင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ အချစ်ရေး နှင့် စီးပွားရေး အကြောင်းအရာများကို သုတရသ အနေနဲ့ ခံစားမိစေမှာပါ။
🔐 သုညဘဝ မှ ပြန်ရုန်းထပြီး လောကဓံကို အံတုနိုင်တဲ့ စိတ်ဓာတ်အကြောင်း
🔐 ကျနော်တို့ ဘဝအတွင်း ဖြစ်ပျက်သမျှ လောကဓံ နှင့် အရာရာတိုင်းဟာ ခံယူချက်ခိုင်မာမှုပေါ် အများကြီး သက်ရောက်ကြောင်း
🔐 ပညာရေးဟာ လူတစ်ယောက်ရဲ့ တက်လမ်း နဲ့ အင်အားဖြစ်ကြောင်း
🔐 ၁၉/၂၀ ရာစု မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အနေအထိုင် ခံယူချက်များအကြောင်း
🔐 ဘယ်တော့မှ ဇွဲမလျော့ပဲ လျှောက်လမ်းသည့်ခြေလှမ်းတိုင်း နှေးသော်လည်း ဆက်လျှောက်နေသင့်ကြောင်း
စသည့်အရာများကို သိရှိနားလည်ခံစားစေမှာဖြစ်ပါတယ်။
📚🌸 စာအုပ်အပေါ် ကျနော့်ခံစားချက်
ဒီစာအုပ်ထဲပါ စစ်ဘေးရှောင်ကာ အသက်ရှင်ရန် ပြေးလွှားခဲ့ရပုံအကြောင်းအရာ များကို ဖတ်ရတော့ ယခုလက်ရှိ ကျနော်တို့ ကချင်ပြည်နယ်မှာသာမက ကရင်၊ ရခိုင် နှင့် ရှမ်းဒေသတွေမှာ “အမာ” ကဲ့သို့ စစ်ကြောင့် မောင်နှမ ဆုံးရှုံး၊ အမိ တကွဲ အဖတကွဲ နဲ့ သုညဘဝ ဖြစ်နေသာ သူ မည်မျှ ရှိနေပြီမသိ တွေးရင်း စာနာမိတယ်။ ဖတ်နေစဉ် အချိန်အတောအတွင်း တစ်ချိန်လုံး စစ်ဘေးရှောင်ဘဝ နဲ့ စစ်ကြောင့် အမှုန့်ကြေလုနီးပါးဖြစ်နေသော ဓားစာခံတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာသည့် ခံစားချက်ဖြစ်ပေါ်အောင် ရေးသားထားနိုင်တဲ့တွက် စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ အရပ်ဒေသနေ ကိုယ့်လိုလူတွေနဲ့ အခြားသော ပြည်တွင်းစစ်အကြောင်း အလေးမမူမိသူတိုင်းကို ဒီ”အမာ” အကြောင်းလေးဖတ်စေချင်တဲ့စိတ် တဖွားဖွားဖြစ်စေခဲ့ပါတယ်။ ထိုမျှမက စစ်ဓားစာခံဖြစ်ခဲ့ရသော “အမာ” ကဲ့သို့သောမိန်းမပျိုတိုင်းလဲ “အမာ”လို စိတ်ဓာတ်ခိုင်မာစွာနဲ့ သည်လောကဓံ တောင်ကြီးကို ဖြတ်ကျော်နိုင်ကြပါစေလို့သာ ဆုတောင်းမေတ္တာပို့ရင်း……..
⭐️Rating: 7.5/10
ကျေးဇူးတင်ပါတယ် 🌸🌿