အလွမ်းဆိုင်

( 2 မှတ်ချက်)

6000 (ကျပ်)

စာမျက်နှာ

437

စာအုပ်အရွယ်အစား

5.2 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကေ်ာဝတ်ရည်စာပေ၊ 2018 ဇူလိုင်လ၊ (ပ-ကြိမ်)

အလွမ်းဆိုင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Theint Theint Aung







  2. Thinzar

    ဒီစာအုပ်လေးကတော့ သီပေါ ဘော်ကြို စတဲ့ရှမ်းပြည် မြောက်ပိုင်း သဘာဝအလှအပ တွေကို အသားပေးအခြေခံပြီးဇာတ်အိမ်ဖွဲ့ထားတဲ့စာအုပ်လို့ဆိုရပေမယ်။ စာအုပ်ကိုအနည်းအကျဉ်း ဖတ်ကြည့်ရုံမျှဖြင့် ဆရာမ စံပယ်ဖြူနု၏ သီပေါဘော်ကြိုဘက်သို့ လူအားဖြင့်ကိုယ်တွေ့လက်တွေ့သွားရောက် လေ့လာမှတ်သားရေးဖွဲ့ထားမှန်းသိသာစေပါသည်။

    ဒါ့ပြင် အရင်ခေတ်ကာလက စာအုပ်ဆိုင်၊ စာအုပ်၊ ရေဒီယို၊ ကတ်ဆတ် စသည်တို့ကိုသာမှီခိုခဲ့ရပုံ နှင့် ယခုခေတ်ခါ စာဖတ်သူလူငယ်ရှားပါးလာပုံ တို့ကိုလည်းခိုင်းနှိုင်းပြထားသည်။ စာအုပ်ဆိုင်၊ စာဖတ်ခြင်း ၏ အရေးပါသောအခန်းကဏ္ဋကိုလည်းအသားပေးရေးထားသည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

    ကလေးဘဝ ဘော်ကြိုမြေတွင် ကြီးပြင်းလာခဲ့တဲ့ “မြတ်မော်” ဆိုတဲ့ ဆယ်ကျော်သက်ကောင်ကလေး၊ ငယ်စဉ်ထဲက သွားတူစားတူဖြင့်အရွယ်ရောက်ခဲ့သော သူ့ထက် ၄နှစ်မျှကြီးသော” မမနွေ ” ကို မေတ္တာပိုခဲ့ရသူ၊
    ကံကြမ္မာကြောင့် သူ၏တစ်ဖက်သတ်ချစ်ခဲ့ရသူနှင့် ဆယ်နှစ်ကျော်မျှဝေးကွာခဲရာမှ
    ဆယ်နှစ်ကြာသော်လည်း သူ၏သံယောစဉ်တွယ်ခဲ့ရသော မမနွေရှိခဲ့ရာအရပ်ဖြစ်တဲ့ သီပေါဘော်ကြို အရပ်ကို တစ်ဖန်ပြန်ရောက်ကာ အတိတ်ပန်းချီနောက်လိုက်နေသူ။

    ငယ်စဉ်အရွယ်တည်းကပင် တစ်ဦးတည်းမှီခိုရာ ဖြစ်သော မိခင်ဆုံးပါးသွား၍ ကျောင်းဆရာမတစ်ဦး၏ ကောက်ယူမွေးစားခံခဲ့ရသော သူ “နွေအိမ်” ၊ မွေးစားသမီးအဖြစ်နေခဲ့ရသဖြင့် မွေးစားအမေ၏ ယောက္ခမအသိုင်းအဝိုင်းကြား တွင်လည်းကောင်း၊ ပတ်ဝန်းကျင်တွင်လည်းကောင်း အရိပ်အခြေကြည့် သည်းခံ မျက်နှာငယ်စွာ နေလာရသူ သူမ၊ ဘဝပေးအသိတရားနဲ့ လောကဓံပေါင်းစုံကြံ့ကြံ့ခံလာသူ၊ သူမ၏ချစ်သူ လင်းညိုနှင့်သေကွဲကွဲ ခဲ့ရပြီး ချစ်ဦးသူရှိရာအရပ်ဒေသမှ စိတ်နာနာထွက်ခွာပြီး တစ်ကိုယ်တည်းရပ်တည်ရုံးကန်နေရှာသူ သူမ။

    ငယ်စဉ်ကပင် နွေအိမ် အားကိုးချစ်ခင်လာခဲ့ရပါသောသူမ၏ ချစ်ဦးသူ “လင်းညို”၊ ရေမြေမကောင်း စစ်ပွဲဒဏ်ဖြင့် ပညာသင်ကြားရခက်ခဲသောကလေးငယ်များကို သင်ကြားပြသပေးလိုသော ဆရာတစ်ယောက်ဖြစ်ချင်သူ၊ ရည်မှန်းချက်အတိုင်း တောင်ကြီး အလွန် အခြေအနေမတည်တံ့သော ဒေသများတွင် ကျောင်းဆရာအဖြစ်အမှုထမ်း၍ ကံကြမ္မာဆိုး၏မျက်နှာသာပေးခံရသူ။

    ထိုထိုသောသူတို့၏ အတိတ်ဘဝဇာတ်ကြောင်းနှင့်ဆက်နွှယ်မိသူ စာအုပ်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ” မောင်ငြိမ်းစော၊ “အလွမ်းဆိုင်” ဆိုတဲ့နာမည်လေးအတိုင်း စာအုပ်ထဲတွင် ” ကံ့ကော်ရိပ်” စာအုပ်ဆိုင်လေးထံ အခြေပြု ဖြစ်တည်လာသော ချစ်ခြင်းမေတ္တာ၊ စာအုပ်ဆိုင်ပိုင်ရှင်နှင့်စာအုပ်ငှားသူကြားမှ ၅၂၈ မေတ္တာ၊ စာအုပ်ဆိုင်လေးကိုအမှီပြု၍ ဖွဲ့တည်လာတဲ့သံယောဇဉ်နှောင်ကြိုး တွေကို မျက်ဝါးထင်ထင်တွေ့ကြုံလာခဲ့ရသူ။

    မြတ်မော်နှင့် သူ၏ချစ်ရသူ နွေအိမ်တို့ တစ်ဖန်ပြန်လည်တွေ့ဆုံဦးမည်လား၊ အရာရာတွင်အမြဲခြေတစ်လှမ်းနောက်ကျကျန်ရစ်ခဲ့သူ မြတ်မော် ဒီတစ်ခါတွင်လည်း ကံကြမ္မာက မျက်နှာသာပေး ပါ့မလား။
    နောက်ပြီး
    “ချစ်ခြင်းမေတ္တာဟာ လူကိုရှိမြဲရှိတတ်တဲ့ ကိုယ်ပိုင် သကေ်တ ကိုယ်ပိုင်ဖြစ်တည်မှုကနေ နည်းနည်းတော့ပြောင်းလဲစေတတ်သလား။ ကိုယ်ပိုင်ကမ္ဘာ ၊ ကိုယ့်စည်းနဲ့ကိုယ်ငြိမ်ဆိတ်နေတတ်သူ၊ အလွှာတစ်ခုရံထားတတ်သူတွေကို စိတ်မှတ်မဲ့ ရုံးလွတ်လာစေတတ်သလား” ဟူ၍ မေခွန်းထုတ်တတ်သော မြတ်မော် အတွက် စစ်မှန်သော အဖြေရှာဖွေနိုင်မလား ဆိုတာကတော့ စာဖတ်သူအနေနဲ့ ဇာတ်လမ်း နောက်ဆုံးနားလေးမှာဖတ်ရှုရမှာပါနော်။

    ဒါ့အပြင် ဘော်ကြိုဘုရားကြီး၊ ဘော်ကြိုအလယ်တန်းကျောင်း၊ ဘော်ကြိုဘူတာ သီပေါဘူတာမြင်ကွင်း၊ မြတ်မော်နှင့် မမနွေတို့ရေစက်ဆုံမိစေသော ဘော်ကြိုဘူတာမှ ခွေးလည်လေး ဘရောင်း၊ ဘော်ကြိုရှိ ဘွားကြင်၏ အိမ်အနောက်ဘက် ရော်ရွက်ဝါတို့ကြွေလွင့်ရာလှေကားထစ်များမှ တွေ့မြင်ရသော ဒုဌဝတီမြစ်ကြီး၏ တသွင်သွင်စီးဆင်းနေသောအလှတရား၊ ကံ့ကော်ပင် ခရေပင်တို့၏ အေးမြသော အရိပ်တို့ကြီးစိုးလျက် သီပေါ၌ တည်ရှိနေသော “ကံ့ကော်ရိပ်” စာအုပ်ဆိုင်ကလေးမြင်ကွင်း၊ သီပေါစော်ဘွားစံရာ သီပေါဟော်၊ ရှမ်းတိုင်းရင်းသားတို့၏ဓလေ့ထုံးတမ်းမင်္ဂလာတွေ စတာတွေကိုလည်း ပေါ်လွင်စွာရေးသားထားကိုဖတ်ရှုရပါလိမ့်မည်။

    ဒီစာအုပ်လေးထဲမှာဇာတ်လမ်းဇာတ်အိမ်ထက် ရှမ်းပြည်တောင်ပိုင်းအလှအပတွေ၊ ၁၉၈၀-၁၉၉၀ ဝန်းကျင် နိုင်ငံ့အခြေအနေ သဘောတွေဦးစားပေးရေးသားထားတာမို့ စိတ်ရှည်ရှည်လေးနဲ့ ဆရာမစံပယ်ဖြူနု၏ သေသပ်ပေါ်လွင်လှတဲ့အဖွဲ့တွေအောက်စီးမျောဖတ်ရှု စေလိုပါတယ်။
    အပေါ်ယံမျှ ကြည့်လျှင်တော့ ဇာတ်အိမ်ကိုမရှည် ရှည်အောင်ဆွဲဆန့်ရေးသားထားသည်ထင်နိုင်သော်လည်း ဆရာမဖော်ကြူးလိုသော
    ဟိုမှော်မှ တောင်တန်းပြာရိပ်တွေ၊ တိမ်စိုင်တွေ၊ ဒုဌဝတီမြစ်ကြီး၏အလှတရား၊ မိုးကောင်းကင်တွေ၊ မိုးနှောင်းဆောင်းဝင်တွင်မှဖူးပွင့်လေ့ရှိတဲ့ နေကြာရိုင်းလေးတွေ၊ ဘူတာသံလမ်းကြားအလေ့ကျပေါက်ရောက်နေတတိတဲ့ ခရမ်းရောင် တောပန်းလေးတွေ စတဲ့ မြို့ပတ်ဝန်းကျင် အလှအပတွေက စာဖတ်ပရိသတ်ကြီးကို သီပေါသို့အလည်တစ်ခေါက် ဆွဲခေါ်သွားသကဲ့သိုခံစားရမှာပါ။

    စာအုပ်လေးကိုဖတ်ရင်းနဲ့ စာအုပ်လေးထဲမှာပါတဲ့ “Somewhere my love” သီချင်းလေးကိုရှာပြီး နားထောင်စေချင်ပါတယ် ။
    ပြီးတော့ သီပေါဟော် အကြောင်းရေးပြထားတဲ့အခန်းလေးမှာပါတဲ့ “Twilight over Burma” ဆိုတဲ့ သီပေါ စော်ဘွား စဝ်ကြာဆိုင် နှင် မဟာဒေဝီ စဝ်သုစန္ဒီ တို့၏ ချစ်မေတ္တာဇာတ်လမ်း နောက်ဆုံးရင်နာဖွယ်အဆုံးသတ်တို့ကိုရေးဖွဲ့ထားတဲ့စာအုပ်လေးကို ဖတ်စေချင်ပါတယ်။ စာအုပ်လေးမဖတ်ရင်တောင် 2015 က movie လေးပြန်ရိုက်ထားတာကို ကြည့်စေချင်ပါတယ်။ ဒါဆိုရင်ဖြင့် ဒီစာအုပ်လေးဖတ်ရတာပိုပြီးအသက်ဝင်တယ်လို့ ခံစားမိမှာအမှန်ပါပဲ။

    ခုလို ခရီးသွားလာရခက်ခဲနေတဲ့ Covid 19 ကာလကြီးမှာ စာအုပ်တစ်အုပ် ဖတ်ရုံနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ သီပေါ၊ ဘော်ကြို သို့အလည်အပတ်သွားနေရသကဲ့သို့ ခံစားစေရမည့် ဤ “အလွမ်းဆိုင်” စာအုပ်လေးကို ကျွန်မ စာညွှန်းရေးသားလိုက်ရပါသည်။

    ဟုတ်ပါတယ်။
    “တချို့သော ပျော်ရွှင်မှုတွေဟာ ပိုင်ဆိုင်ချိန် သိပ်တိုတောင်းတယ် ဒါပေမယ့် တစ်သက်လုံး သိမ်းထားဖို့ရာတော့ လုံလောက်ခဲ့ပါတယ်။”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စံပယ်ဖြူနု စာအုပ်များ