အကြည်ဓာတ်

( 3 မှတ်ချက်)

5000 (ကျပ်)

☘️ ‘အကြည်ဓါတ်’ တဲ့…
နေ့စဥ်ဘဝမှာ အလိုအပ်ဆုံးသောအရာ
ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ရဲ့ရှေ့ပြေး…

🔸️အကြည်ဓါတ် ဆိုတာဘာလဲ….
အကြည်ဓါတ် ဖြစ်ဖို့ရန် အဘယ်သို့သော အကြောင်းတရားများ ဖန်တီးရမည်နည်း…
အကြည်ဓါတ်ရဖို့ရန် မည်သို့သော အကြောင်းတရားများက တားဆီးပိတ်ဆို့ထားသနည်း…
ဆိုတဲ့ အချက်သုံးချက်ကို ဒီစာအုပ်ထဲမှာ အရှင်နန္ဒာစာရက အသေးစိတ်ဖော်ထုတ် ဆွေးနွေးပေးထားပါတယ်။

🔸️ အကြည်ဓါတ်ဖြစ်ဖို့ရန်မှာ စာတွေ့ရော..လက်တွေ့ရော လုပ်ဆောင်ရန် လိုအပ်လှပေတယ်။ အကြည်ဓါတ်အတွက် ဆောင်ရန် ရှောင်ရန်တွေကိုသိနားလည်ပြီး လိုအပ်ချက်တွေကို ဖြည့်ကျင့်နိုင်မှသာလျှင် အကြည်ဓါတ်ရစေသော အကြောင်းတရားများကို ရရှိနိုင်ပေလိမ့်မည်ဟုလည်း စာရေးသူက ဆိုထားပါတယ်။

🔸️ ဒီစာအုပ်လေးထဲမှာ… အကြည်ဓါတ်ရဖို့ ဗုဒ္ဓတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရမည့်အရာတွေ၊ အကြည်ဓါတ်ကိုပျက်စေနိုင်သည့် အတားအဆီးတွေ၊ အကြည်ဓါတ်ပျက်ခဲ့သော် စိတ်ရောကိုယ်ပါ ထိခိုက်ရနိုင်မှုတွေနဲ့ အကြည်ဓါတ်အတွက် အမြဲတစေလေ့ကျင့်ရမယ့်အရာတွေကို ဖတ်ရှုရပါမယ်။

🔸️ခုကာလမှာ တကယ်ပျောက်ဆုံးနေကြတာက အကြည်ဓါတ်ပါ။ စိတ်ရောကိုယ်ပါ အကြည်ဓါတ်ပျောက်ဆုံးနေကြတဲ့အခါ၊ လေးလံထိုင်းမှိုင်းမှုတွေနဲ့ အရာရာကို ကျေနပ်စိတ်နဲ့ မမြင်နိုင်တော့တဲ့အခါ အချင်းချင်း ရန်လိုပြီး အမုန်းတရားပါ ပွားများလာကြတော့တယ်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ ၊ 2023 အောက်တိုဘာလ (ပထမအကြိမ် )

⛔️ BOOK JECKET SERVICE

*စာအုပ်တွင် ဖောင်းကြွ Spot Laminate ပါဝင်ခြင်းကြောင့် စာအုပ်နှင့်မလိုက်ဖက်ပါသဖြင့်* ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jacket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

27 in stock

အကြည်ဓာတ် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Pyae Ar Kar

    အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အကြည်ဓာတ်ရှိတယ်လို့ ခံစားရပေမယ့် ဒီနောက်ပိုင်းမှာ ကိုယ့်ပုံကိုယ် မှန်ထဲကြည့်လိုက်ရင် တခုခုလိုနေသလိုပဲ .. ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း နောက်ကျိရှုပ်ထွေးမှုတွေက ရှိနေတယ် ..
    ငါ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲဆိုတာကို အဖြေရှာကြည့်ပေမယ့် ရေရေရာရာ မသိ .. ငါ အကောင်းဆုံးတွေ လုပ်နေတာပဲ .. ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းကသာ အဖြေဖြစ်နေပြန်ရော ..
    ဒီစာအုပ်လေးကို ဖတ်လိုက်မိတာ အနာနဲ့ဆေး တွေ့သွားတယ်လို့ ပြောလို့ရတယ် .. ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးမိနေတဲ့ မေးခွန်းတွေကို ဒီစာအုပ်လေးထဲမှာ အဖြေများစွာအနေနဲ့ တွေ့သိ‌‌ခဲ့ရတယ် ..
    တချို့အရာတွေက ကျွန်တော် မသိလိုက်ဘဲ ပြုလုပ်နေမိတဲ့အရာတွေ ၊ တချို့အရာတွေက သိသိရက်နဲ့ ပေါ့ပေါ့တန်တန် တွေးလိုက်မိတဲ့ အလုပ်တွေပါ .. အထူးသဖြင့် ရုပ်အကြည်ဓာတ်နဲ့ စိတ်အကြည်ဓာတ်တို့ရဲ့ ဆက်စပ်နေတဲ့ သဘောတရားတချို့ကို သတိမမူလိုက်မိတာကြောင့် အကြည်ဓာတ်တို့ တဖြည်းဖြည်း လျော့ပါးလာတာကို သတိထားမိလိုက်တယ် ..
    ဒီစာအုပ်ထဲမှာပါတဲ့ အကြည်ဓာတ်ရရှိအောင် လုပ်ဆောင်နည်းလေးတွေက မခက်ဘူးဆိုပေမယ့် လွယ်ကူတဲ့အရာတွေကပဲ ခက်ခဲစေတယ် မဟုတ်လား .. သို့ပေမယ့် အလေ့အကျင့်ဖြစ်လာတဲ့အခါ အကြည်ဓာတ်လေးတွေ တည်မြဲနေပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ..
    ပျောက်ဆုံးနေတဲ့ အကြည်ဓာတ်လေး ပြန်လည်ထွန်းလင်းလာစေဖို့နည်းလမ်းလေးတွေကို သိလိုက်ရတဲ့အတွက် ဒီစာအုပ်ရေးသားပေးတဲ့ အရှင်နန္ဒာစာရကို ဦးခိုက်ပါတယ်ဘုရား …..

  2. Morisha A Lynn

    ◉ စာအုပ်လေးက မထူမပါးလေး။ တကယ် နားလည်လို့ သိတဲ့အတိုင်း ပညာရှင် ပီသစွာ ရေးထားတဲ့ စာအုပ်ပါ။ စိတ် ဖိဆီးမှု၊ စိုးရိမ် ပူပန်မှု တွေနဲ့ နေ့စဉ် ကြုံတွေ့ နေရပြီး၊ မရေရာ မသေချာတဲ့ အနာဂတ် ဘဝတွေ ကို ဖြတ်သန်းနေတဲ့ သူတွေ အတွက် မဖြစ်မနေ တောင့်တ ကြရတဲ့ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု (သို့) စိတ်လုံခြုံမှု အကြောင်း ရေးထားတာပါ။ စာရေးသူက ဗုဒ္ဓဘာသာဝင် ရဟန်းဆိုတော့ ဘာသာရေး ဆန်တဲ့ အရေးအသားတွေနဲ့ ❝တရားဟော❞ လေမလား၊ ထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီလို မဟုတ်ဘဲ၊ ခေတ် ပညာတတ် လူငယ် တယောက်က သူ လေ့လာထားတဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာတွေကို၊ ဗုဒ္ဓဝါဒ ရှုထောင့်ကနေပြီး စိတ် မလုံခြုံမှု နဲ့ စိတ် ဝေဒနာဆိုင်ရာ အကြံပြုချက်တွေကို တင်ပြထားတဲ့ စာအုပ်ပါ။
    ◉ ဒီစာအုပ်မှာ ကျွန်တော် သဘောကျမိတဲ့ အချက်က ❝အကြည်ဓာတ်❞ ဆိုတဲ့ စကားလုံးကို နေရာတကျ သုံးထားတာပဲ။ ပေါပေါသောသော ဖြစ်ကတတ်စမ်း သုံးထားတာမျိုး မတွေ့ရဘူး။ (ဒီလို ရေးတတ်ဖို့က အင်မတန် သတိထားရတယ်။ ဝါကျကို စနစ်တကျ တည်ဆောက်ပြီး နေရာတကျ ချတတ်ဖို့က လက်ဝင်တယ်။) လိုမှသုံးတယ်၊ သုံးလိုက်တိုင်းလည်း ဝါကျကောင်း ထွက်တယ်၊ ဖတ်လိုက်တိုင်း ဆိုလိုရင်းကို မိတယ်၊ ရင်ထဲလည်း ထိတယ်။ စာအုပ်ရဲ့ အစမှာ အကြည်ဓာတ်ကို အဓိပ္ပါယ် ဖွင့်ဆိုမှု ကောင်းကောင်းနဲ့ နိဒါန်း ပျိုးပေးထားတယ်။ ဆွယ်ရေးထား တာမျိုး မဟုတ်ဘူး။ စာဖတ်နေရရင် စိတ်ကျေနပ်နေတတ်တဲ့ သူတွေ အတွက်တော့ ဒီစာအုပ်လေးက ဖတ်ဖြစ်လိုက်တာနဲ့ လက်က မချချင် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့်၊ အချိန်ရမှ ဖတ်ခွင့်ရတဲ့ သူတွေ အတွက်ကတော့ တထိုင်တည်း ဖတ်ဖို့ မဖြစ်နိုင်ဘူး။ စာအုပ်လေးက ပါးပေမယ့်၊ ပေးချင်တဲ့ အသိပညာတွေက အင်မတန်များတယ်။ (အများအားဖြင့်) သိထားပြီးသလို ထင်ရတဲ့ သိပြီးသား အချက်တွေကို ပြန် အောက်မေ့ တတ်အောင် အသိ သတိပေးတဲ့ စာမျိုး ဖြစ်တဲ့အတွက်၊ တလုပ်ချင်း ညှက်အောင် ဝါးပြီး မြိုတတ်မှ ဗိုက်ဝစေမယ့် စာအုပ်ပါ။
    ◉ ဒီစာအုပ်လေးကြောင့် ကျွန်တော် သိလိုက်ရတဲ့ အချက်က မြန်မာပြည်မှာ ခေတ် ပညာတတ် အသုံးကျ စိတ်ပညာရှင်တွေ အများကြီး လိုအပ်နေတာပဲ။ ဘာလို့လဲ ဆိုတော့၊ အကြည်ဓာတ် စာအုပ်လေးမှာ ထောက်ပြထားတဲ့ အတိုင်း နေ့စဉ်နဲ့ အမျှ စိတ်မလုံခြုံမှု များစွာကြောင့် ပူပင်သောက များနေရပြီး၊ စိတ် မကြည်လင်နိုင်၊ စိတ် မချမ်းသာနိုင်၊ စိတ် ရတက် မအေးနိုင်တဲ့ လူတွေမှ အများကြီး၊ အဲဒီအပြင် ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ချို့ယွင်းချက်၊ လိုအပ်ချက် ရှိနေတာကို ရှိလို့ ရှိမှန်း မသိဘဲ၊ ကိုယ့်ရဲ့ စိတ် မလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြင်းထန်နေမှုကြောင့် ကိုယ်အပါအဝင် ကိုယ့်အနီးအနား ပတ်ဝန်းကျင်၊ လူပုဂ္ဂိုလ်တွေ၊ ချစ်သူခင်သူတွေ အပေါ် မရည်ရွယ်ဘဲ၊ မကောင်းတဲ့ သက်ရောက်မှု လောင်းရိပ်တွေ ပေးနေမိတဲ့ အချက်ပါ။
    ◉ လူ တစ်ကိုယ် စိတ်တမျိုး၊ ကိုယ့်စိတ်နဲ့ ကိုယ် ဆိုပေမယ့်၊ စိတ်ရဲ့ ဓာတ်ကူးစက်ပုံက မထင်ရင် မထင်သလို သက်ရောက်မှု အများကြီး ရှိနိုင်တဲ့ အချက်တွေကို ဒီစာအုပ်လေးကနေ တဆင့် အတွေးများစွာ ရခဲ့တယ်။ ဒီအချက်ကို ဗုဒ္ဓသိခဲ့တယ်။ သိခဲ့လို့လည်း မကောင်းတဲ့ စိတ် သုတ်သင်နည်းတွေ ပေးခဲ့တယ်။ ပေးခဲ့လျက်သားနဲ့ အသုံး မချမိကြဘူး။ ဒါကလည်း အသုံးချ ရကောင်းမှန်း သိအောင် တိုက်တွန်းတဲ့ အပိုင်းက အားနည်းတာကိုး။ (ဝိသက္ကသဏ္ဌာနသုတ် လာ အချက်)
    ◉ ဒီစာအုပ်လေးက ပေါ့ပေါ့ပါးပါး ဖတ်ရင်၊ အကျိုးတော်တော် ရှိတဲ့ စာအုပ်မျိုးပါ။ ဒါပေမယ့် ကျွန်တော့်လိုမျိုး စာအုပ်ဖတ်ရင် ဘာအကြောင်းပဲ ဖြစ်ဖြစ် အတွေးများတဲ့ လူအတွက်ကတော့ နောက်ဆက်တွဲ အတွေးတွေနဲ့ သိပြီးရင်း ပိုသိချင်စိတ် ပေါက်စေနိုင်တဲ့ စာအုပ်ပါ။ ကိုယ်တိုင်ကလည်း စိတ်ပညာနဲ့ ကျွမ်းဝင်သူဆိုတော့၊ စာအုပ်ပါ အချက်အလက်တွေနဲ့ ရင်းနှီးပြီးသားပါ၊ သို့သော်၊ သိတိုင်းလည်း လုပ်နိုင်တဲ့သူ မဟုတ်လေတော့၊ ဒီစာအုပ်ဖတ်မှ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြန်အောက်မေ့မိတယ်။ အဲဒီလိုပဲ၊ မေ့ပျောက်သလို ဖြစ်နေခဲ့တဲ့ အချက်လေးတွေနဲ့ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတဲ့ အခိုက် အတန့်တိုင်းမှာ စိတ်ကြည်နူးမိတယ်။ ငါ့ကို ငါ အတော်ဆိုးပြီထင်တာ၊ တော်သေးတာပဲ ဆိုပြီး၊ စိတ် ဘဝင် ချနိုင်တယ်။
    ◉ ဒီစာအုပ်လေးက ချစ်စရာလေးပါ။ မြန်မာ စာပေလောကမှာ စိတ်ပိုင်းဆိုင်ရာ စာအုပ်တွေ အများကြီး ရှိနေနှင့် ပြီးသားပါ။ ဒါပေမယ့် ဗုဒ္ဓဝါဒ ရှုထောင့် ကို ခေတ်ပြိုင် စိတ်ပညာရပ် အယူအဆ နဲ့ ယှဉ်ပြီး ပေါ့ပေါ့ပါးပါး ရေးထား၊ လမ်းညွှန်ထားတဲ့ ဒီလိုစာအုပ်တွေ အင်မတန် ရှားပါတယ်။ စိတ်ပညာဆိုင်ရာ အသိ ရင်းနှီးကျွမ်းဝင်မှု နည်းပါးနေသေးတဲ့ ကျွန်တော်တို့ မြန်မာပြည် အတွက် ဒီလိုစာအုပ်တွေ အများကြီး လိုအပ်ပါတယ်။ အထူးသဖြင့် စာရေးသူ ❝နန္ဒာစာရ❞ လိုမျိုး ❝ခေတ်ပညာတတ်❞ စိတ်ပညာရှင်တွေ အများကြီး လိုအပ်ပါတယ်။ လေးစား အားကျမိပါကြောင်း ဤမှာက တဆင့် ပြောလိုက်ပါရစေ။
    ⬤ ရင်ထဲထိမိတဲ့ အကြောင်းအရာတွေ – စာမျက်နှာ – ၁၇ ၊ ၃၀ ~ ၃၉ ၊ ၄၀ ~ ၄၅ ၊ ၅၇ ၊ ၇၅ ၊ ၈၃ ၊ ၈၉ ၊ ၉၇
    ⬤ ဒီစာအုပ်လေးမှာ ကျွန်တော့် တစ်ကိုယ်တည်း အမြင်အရ သဘောမတွေ့တဲ့ အချက်တွေကတော့ – (၁) အရေးအသား ရှေးရိုးဆန်နေမှု၊ (၂) ပြောလိုတဲ့ အကြောင်းအရာကို အကျယ်ချဲ့လွန်းမှု၊ (၃) နိုင်ငံခြား ဝေါဟာရများ ကို တစ်ပါတည်း ဖော်ပြနေခြင်းက လေ့လာသူတွေ အဖို့ ကောင်းပေမယ့်၊ စာထောက်သလို ဖြစ်နေမှု တို့ပါပဲ။
    ◉ ဖတ်ကြည့်ပါ။ စာအုပ်ဖတ်တာ ကောင်းပါတယ်။ ဖတ်လို့ အကျိုးမထူးရင်၊ ဘယ်စာအုပ်မဆို ဆက်ဖတ်မနေနဲ့။ ပစ်ပေါက်လိုက်ပါ။ ကျွန်တော် မောရိသျှ အာမခံနိုင်တဲ့ အချက်ကတော့ ဒီစာအုပ်လေးကို အစ ကနေ အဆုံး ဖတ်လိုက်လို့ အကျိုးမထူးစရာ အကြောင်း မရှိတာပါ။ သိပြီးသား အချက်တွေကို နွေးပြီးသား ဖြစ်သွားမယ်၊ မေ့နေတဲ့ အချက်တွေ ပြန်အောက်မေ့ နိုင်မယ်၊ သတိလက်လွတ် ဖြစ်သွားခဲ့မိတဲ့ အချက်တွေကို ပြန်ချင့်ချိန်နိုင်မယ်၊ ကျေနပ်စိတ် နဲ့ အကြည်စိတ်ကို စိတ်ထိန်းနိုင်သလောက် မွေးနိုင်ပါလိမ့်မယ်။

  3. Aeri Myat (verified owner)

    အခုကာလမှာ လူတွေအားလုံးနီးပါး
    စီးပွားရေး၊လူမှုရေး၊စားဝတ်နေရေး အသီးသီးကြောင့် စိတ်ရှုပ်ထွေးရတာ များပါတယ်။တစ်ခုခုဆိုလည်း ဒေါသထွက်လွယ်၊စိတ်ဆတ်ကြတယ်။တနည်းဆိုရရင် ကျွန်မတို့တတွေ “အကြည်ဓါတ်”ပျောက်ဆုံးလာကြရတယ်ပေါ့နော်။

    စိတ်နှင့်ရုပ်နှစ်မျိုးလုံး ကြည်လင်နေတာကို “အကြည်ဓါတ်”လို့ ခေါ်ပါတယ်။

    ကျန်းမာသော ကိုယ်ခန္ဓာနှင့် ကျန်းမာသောစိတ်တို့သည် အပြန်အလှန်မှီတည်နေပြန်ပါသတဲ့…။

    စာဖတ်ရင်း ဆက်တွေးကြည့်မိတော့ကိုယ်ပိုင်အကြည်ဓါတ် ပျောက်ဆုံးအောင် လုပ်နေမိတဲ့ တရားခံက ကျွန်မတို့ကိုယ်တိုင်ပဲ ဖြစ်နေတာပါ။

    ကျွန်မဆိုရင် စိတ်အလိုလိုက်ပြီး စားမိတယ်၊အိပ်ချိန်နောက်ကျတာမျိုးတွေ ရှိတယ်၊social mediaကြည့်ရင် screen timeတွေ အရမ်းများတယ်၊တစ်ခုခုကြုံလာရပြီဆိုလည်း သတိမကပ်ဘဲ တုံ့ပြန်မိတာမျိုးတွေပေါ့။

    ဒါတွေဟာ အကြည်ဓါတ် ပျောက်ဆုံးရခြင်းရဲ့ အကြောင်းတရားအချို့ပဲဖြစ်ပါတယ်။

    ဒီစာအုပ်လေးထဲမှာဆိုရင်…

    ◇အကြည်ဓါတ်သည်သာ အခရာ
    ◇အကြည်ဓါတ်၏ အတားအဆီးများ
    ◇အကြည်ဓါတ်ပျက်သော်
    ◇အကြည်ဓါတ်၏ လမ်းညွှန်ချက်များ
    ◇ကိုယ်တိုင်တွေ့ရှိခဲ့ရသော

    ဆိုပြီး အပိုင်းခွဲလေးတွေ ပါဝင်ပါတယ်။

    ကျွန်မတို့ အားလုံးနီးပါး ဖြစ်တတ်တာလေးတစ်ခုကတော့…

    “ကိုယ်ပိုင် ချမှတ်ထားသော စည်းကမ်းများကို ကိုယ်တိုင်ချိုးဖောက်ပြီး စိတ်ဓါတ်ကျလေ့ရှိကြသည်”တဲ့…။

    အကြည်ဓါတ်ရအောင် လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကတော့ ကျွန်မတို့ သိထားပြီး လိုက်နာမကျင့်သုံးဖြစ်တဲ့ အချက်ကလေးတွေဖြစ်နေတာကို တွေ့ရပါတယ်။

    အကြည်ဓါတ်ရှိဖို့အတွက်ဆိုရင် ကျွန်မတို့ရဲ့ bad habbitတွေကို အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

    “ယောနိသော မနသိကာရ” လို့ဆိုတဲ့အတိုင်း အရှိတရားနဲ့ အမှန်တရားကို အရင်းပြုသော အကောင်းမြင်စိတ်လေးထားပြီး နှလုံးသွင်း နေထိုင်ကြရမယ်
    ဆိုတာကိုလည်း သတိကပ်မိစေပါတယ်။

    နောက်ဆုံးအပိုင်းဖြစ်တဲ့ “ကိုယ်တိုင်တွေ့ရှိခဲ့ရသော” အပိုင်းမှာဆိုရင် ဆရာတော်ဘုရားရဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ဥပမာပေးထားတာကို တွေ့ရပါတယ်။မည်သူမဆို စိတ်ပျံ့လွင့် လွယ်ပြီး အကြည်ဓါတ် ပျောက်ဆုံးတတ်ပါလားဆိုပြီး သတိပြုဆင်ခြင်မိပါတယ်။

    “အကြည်ဓါတ်သည် ကောင်းကျိုးချမ်းသာ အဖြာဖြာတို့၏ ရှေ့ပြေးနမိတ်ဖြစ်သည်။”

    “မိမိတို့၏ ကာယကံ၊ဝစီကံ၊မနောကံတို့ကိုလည်း အမြဲမပြတ် သတိရှိရှိဖြင့် သိနေရမည်။”

    သဘောအကျဆုံး messageလေးကတော့ “သိတဲ့အသိနဲ့ လက်တွေ့ဘဝနေထိုင်မှု ထပ်တူကျမှသာ ထိုအသိရဲ့ အကျိုးကို ခံစားရမယ်”ဆိုတာပါပဲ။😇

    လေ့လာမှတ်သား ဆင်ခြင်ဖွယ်
    စာအုပ်လေးကို ရေးသားပေးတဲ့ ဆရာတော်ဘုရား Ven Nandacara ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🙏

    စာအုပ်လက်ဆောင်ပေးတဲ့ ညီမလေး
    Suကိုလည်း ကျေးဇူးတင်ပါတယ်🤗🤍

    #အကြည်ဓါတ်
    #နန္ဒာစာရ
    #ပန်းဆက်လမ်း
    #reviewby하은
    #19Oct2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နန္ဒာစာရ စာအုပ်များ