အချစ်သက်သေလွမ်းသူမြေ

( 1 မှတ်ချက်)

5000 (ကျပ်)

လွန်ခဲ့သောခြောက်နှစ်ခန့်ကစပြီး မောင်သည် မူမူတို့သားအမိတွေနှင့် ဘယ်တော့မှ ဆုံဆည်းခွင့်မရနိုင်သည့်အရပ်ဆီသို့ ခရီးပြင်းနှင်ခဲ့လေသည်။ မောင်သည် အခိုးအငွေ့တွေလို လွင့်ပါးပျောက်ကွယ်သွားခဲ့လေပြီမို့ မောင့်ပုံရိပ်၊ မောင့်သဏ္ဍာန်တွေကိုသာ မူမူ ဖမ်းဆုပ်သိမ်းဆည်းခွင့်ရခဲ့မည်ဆိုလျှင်ကောင်းမည်။ ယခုတော့ ကမ္ဘာမြေကြီးအနှံ့လိုက်ရှာခဲ့လျှင်လည်း မောင်နှင့်ပြန်လည်ဆုံတွေ့ခွင့်မရနိုင်တော့ပေ…။

စာမျက်နှာ

159

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 ဧပြီလ (ပထမအကြိမ်)

9 in stock

အချစ်သက်သေလွမ်းသူမြေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🚢 ဆရာမလင်းလက်ချို (ကျောက်တော်) ရဲ့ အချစ်သက်သေလွမ်းသူ့မြေဆိုတဲ့ ဒီစာအုပ်‌လေးက ကျောက်တော်မြို့၊ စစ်တွေမြို့၊ ကစ္ဆပနဒီမြစ်နဲ့ တံတား အစရှိတဲ့ ရခိုင်ဒေသဝန်းကျင်ကို နောက်ခံပြုလို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဆင်းရဲဒုက္ခ၊ စိုက်ပျိုးတောင်သူတွေရဲ့ ခက်ခဲမှုတွေ၊ အိမ်တွင်းရေး အကြမ်းဖက်မှုအကြောင်း၊ မိသားစုတာဝန်ကို ပခုံးထမ်းယူရတဲ့ ‌ကလေးအကြောင်း စသဖြင့် ရသစုံတဲ့ ဝတ္ထုဇာတ်လေးတွေကို စုစည်းထားတဲ့ ဝတ္ထုတို စုစည်းမှု ဖြစ်ပါတယ်။ ဝတ္ထုတိုလေးတွေ အားလုံးက မဂ္ဂဇင်းစာမျက်နှာထက်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီးသား ဝတ္ထုတွေကို စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပြီး စုစုပေါင်း ဝတ္ထုတိုအပုဒ်ရေ (၁၁) ပုဒ်ပါပါတယ်။
    __________________________

    🌊 ဆရာမ လင်းလက်ချိုရဲ့ ဖန်တီးထားတဲ့ စာတွေကို ဖတ်ကြည့်လိုက်တော့ စာအရေးအသား ကောင်းမွန်ပြီး နှလုံးသားနဲ့ အတတ်ပညာကို အချိုးညီညီ ပေါင်းစပ်ခြယ်မှုန်းထားတာကိုတွေ့ရလို့ ရသစာပေ မျိုးဆက်အတွက် အလွန်အားရကျေနပ်မိရတယ်။အနုပညာဖန်တီးမှုကို အာရုံခံစားမှု အားကောင်းကောင်းနဲ့ ဖြစ်စဉ် အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ရေးသားဖွဲ့နွဲ့နိုင်တာ တွေ့ရတယ်။

    ကစ္ဆပနဒီ မြစ်ကမ်းနံဘေးမှာ နေထိုင်သူပီပီ ကစ္ဆပနဒီမြစ်အလှကို စာဖွဲ့တယ်။ မြစ်ရေ တသွင်သွင်စီးနေတာကို ရသအပြည့်နဲ့ ထုံမွှမ်းတယ်။ မြစ်ကမ်းနံဘေးနေ ပြည်သူတွေရဲ့ဘဝ၊ အလှ၊ သုခုမအစုံကို စာပန်းချီ ခြယ်မှုန်းတယ်။ ပြီးတော့ သူကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေး တောင်သူတွေရဲ့ဘဝ ကြမ်းကြမ်းတွေ၊ စိုက်ပျိုးမျိုးစေ့လုပ်ငန်းစဉ်တွေကို သုတအဖြစ် ရသတွေကြား ပါးပါးလေးပုတ်တယ်။

    သုတ၊ ရသ မျှတအောင် ဖန်တီးထားလို့ ဆရာမရဲ့ စာတွေကို ဖတ်ရင်းနဲ့ အနုပညာခံစားမူ အာသာပြေခြင်းကိုလည်း ပြည့်ပြည့်ဝဝ ရရှိပါတယ်။ ဆရာမ ဖန်တီးရေးသားတာက ရသစာပေ၊ ကျွန်မကလည်း ရသစာပေချစ်သူမို့ နှလုံးသားချင်း နီးစပ်ပါတယ်။ (~ ဆရာမမေလှိုင်းဖြူ၏ “ကစ္ဆပနဒီ ကမ်းနံဘေးက ရသမြစ်တစ်စင်း” အမည်ဖြင့် အမှာစကားမှ)
    __________________________

    ⛵ မွေးရပ်မြေ မျှော်လေတိုင်း ဝေးလေပြီ ⛵

    ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်စပ်က ရွာလေးတစ်ရွာကနေ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာပြီး ကျောက်တော်မြို့ မြို့ပြင်လမ်း ရထားဘူတာနားက စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို ရောက်လာတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ ကျောက်ခဲတို့ မိသားစု။ ကျောက်ခဲတို့က ဥယျာဉ်ခြံလုပ်ငန်း လုပ်ခဲ့တာကြောင့် ပူပင်ကြောင့်ကြမှုမရှိ နေခဲ့ရပေမဲ့ အခုတော့ စိုက်ပျိုးရေးနဲ့ ဓာတ်မြေဩဇာဆိုင်မှာ ၁၆နှစ်သား ကျောက်ခဲ ကျောင်းမတက်နိုင်ဘဲ အဖေနဲ့ ရင်ပေါင်တန်းပြီး မိသားစုအတွက် ရှာဖွေနေရတယ်
    တစ်ရက် အဖေက ရွာအခြေအနေ သွားကြည့်ဖို့ ရွာလူကြီးနဲ့အတူ လိုက်သွားတယ်။ သွားပြီး လေးငါးရက်အထိ ဘာသတင်းမှမကြားရဘဲ လူစိမ်းတချို့ အဖမ်းခံရသလိုလို၊ အပစ်ခံရသလိုလို သတင်းသဲ့သဲ့ကြားပြီး စိတ်ပူနေခဲ့ရတယ်။ မိုးတွေရွာတဲ့ တစ်ညမှာတော့ အဖေပြန်ရောက်လာခဲ့တယ်။ ရွာမှာကျန်ခဲ့တဲ့ အိမ်အခြေအနေကို မေးပေမဲ့ အဖေ့အဖြေက ဝမ်းသာစရာ မဟုတ်ခဲ့ပါဘူး။ ဇာတ်လမ်းလေး စစ်ဒဏ်ကြောင့် ဒုက္ခခံစားရသူ စစ်ဘေးရှောင်တွေရဲ့ ဘဝနဲ့ ခံစားမှုကို တိုတိုနဲ့ လိုရင်းရောက်အောင် ရေးသားထားတဲ့ ဇာတ်လမ်းလေးပါပဲ။

    🚢 မိုးနည်းရပ်ဝန်း 🚢

    ကျောက်တော်မြို့ သကြားစက်တစ်ဖက်ကမ်းက အိမ်ခြေလေးဆယ်ခန့်ရှိတဲ့ မော်ရွာမှာ စိုက်ပျိုးတောင်သူအဖြစ် လုပ်ကိုင်စားသောက်နေသူ မငယ်။ သမီးပျိုလေးတစ်ယောက်နဲ့ ၁၃နှစ်သားလေးရှိတယ်။ သမီးပျိုက ဝါမဝင်ခင် ခိုးရာလိုက်ပြေးခဲ့ပြီး သမက်ရှင်ဘက်က သဘောမတူတာမို့ သမီးရော သမက်ပါ အိမ်မှာ ခေါ်ထားတယ်။ သမီးလေး မျက်နှာမငယ်ရအောင် ဒီနှစ် ခရမ်းသီးနဲ့ ဂေါ်ဖီထုပ်တွေ ဆွတ်ပြီးရင် ရောင်းရငွေနဲ့ မင်္ဂလာဆောင်ပေးဖို့ အားခဲထားတယ်။ ဒါပေမဲ့ ခရမ်းသီးတွေကို တစ်ဆင့်ခံပွဲစား မအလုံးက တစ်ပိဿာ တစ်ရာပဲပေးတာမို့ မတတ်သာဘဲ ပိဿာငါးဆယ်လုံး ရောင်းခဲ့ရပြီး ဂေါ်ဖီထုပ်တွေ ခူးပြီး မျှော်လင့်ချက်အပြည့်နဲ့ သွားခဲ့ပေမဲ့ တစ်ထုပ်ကို ၂၀၀ သာ ပေါက်ဈေးရှိတာမို့ ပွဲစားတွေဆီ မသွင်းတော့ဘဲ ဂေါ်ဖီထုပ်တွေကို ဈေးထဲအော်ရောင်းနေတဲ့ သမီးလေးကို မင်္ဂလာဆောင်ပေးချင်တဲ့ မိခင်တစ်ယောက်ရဲ့ ပြင်းပြတဲ့ဆန္ဒ။ ပင်ပန်းကြီးစွာ စိုက်ပျိုးကြရတဲ့ တောင်သူတွေဆီကနေ တစ်ဆင့်ခံပွဲစားဈေးသည်တွေက ဂုတ်သွေးစုပ် ဈေးနှိမ်‌ဝယ်ယူမှုအကြောင်း ပေါ်လွင်စေတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်။

    🌊 အောက်ဆီဂျင်ရှူသူများ 🌊

    စစ်တွေအခြေစိုက် သင်္ဘောပေါ်က ပစ္စည်းတွေကို အလုပ်သမားတွေ ကုန်တင်ကုန်ချတာကို စောင့်ကြည့်ပြီး ပစ္စည်းအဝင်စာရင်းတွေ ကိုင်တွယ်ပေးရတဲ့ ကိုကိုမောင်။ အိမ်ပြန်လာချိန်ဆို ညဉ့်နက်တတ်လို့ မိန်းမနဲ့ သမီးဖြစ်သူကတော့ အိပ်ပျော်နေတတ်ပြီ။ တစ်ရက်တော့ မင်းပြားက ကုန်သည်ကြီး ဦးအောင်ဇံကိုယ်တိုင် ဆိပ်ကမ်းဂိုဒေါင်ရောက်လာပြီး သူနဲ့အတူ ပူးပေါင်းအလုပ်လုပ်ဖို့ ကမ်းလှမ်းလာတယ်။ ကုမ္ပဏီက မသိစေဘဲ သူ့ကို အကြွေးတစ်လ ပစ္စည်းချပေးပြီး အမြတ်ဝေစုတစ်ဝက်ပေးမယ်ပေါ့။ မိန်းမနဲ့ သမီးကလည်း ဆွေမျိုးရင်းချာလို နေလာသူရဲ့ အလှူမှာ အဝတ်အစားနဲ့ ရွှေဆင်ပေးဖို့ ပူဆာထားတာမို့ သဘောတူလိုက်တယ်။ အစပိုင်းတော့ မှန်မှန်ကန်ကန်ပဲ ရနေပေမဲ့ နောက်ဆုံးတစ်ခေါက်မှာ များများရင်းနှီးဖို့ ပြောလာတော့ ရှိတဲ့လက်ဝတ်လက်စားတွေ ရောင်းချပြီး ငွေရင်းနှီးပေးလိုက်တယ်။ အဲဒီနောက်ပိုင်း ဦးအောင်ဇံလည်း ပေါ်မလာတော့ဘူး။ မတတ်သာတဲ့အဆုံး ကုမ္ပဏီကို ဖွင့်ပြောလိုက်တော့ သူက လူလိမ်ကုန်သည်ဖြစ်ပြီး ‌ဦးအောင်ဇံအစစ်သာ အောက်ပိုင်းလေဖြတ်နေကြောင်း သိလိုက်ရတဲ့အပြင် သူ့အနေနဲ့ ကုမ္ပဏီအပေါ် ငွေသိန်းတစ်ရာ ဆပ်ရတော့မယ်။ မဆပ်နိုင်ခဲ့ရင် တရားစွဲခံရတော့မယ့်အဖြစ်နဲ့ ရင်ဆိုင်ရတဲ့ လောဘဇောတက်မိတဲ့ ကိုကိုမောင်ရဲ့ ဖြစ်ရပ်အကြောင်းလေး။

    ⛵ ဝဋ်ကြွေးရှိရင် ကျေပါစေ ⛵

    တက္ကသိုလ်မှာ ချစ်သူမောင်နဲ့ တွဲလက်တွေ ခိုင်မြဲခဲ့ပြီး ဘွဲ့ရပြီး အလုပ်ရတဲ့အခါ လာတောင်းပါမယ်ဆိုခဲ့ပေမဲ့ ရာထူးကြီးသူတစ်ဦးရဲ့ မက်လုံးပေးတောင်းရမ်းမှုနဲ့ မိခင်ဖြစ်သူရဲ့ ရာထူးပစ္စည်းမက်မောမှုအကြား ချစ်သူအပေါ် သဲသဲမာတစ်ယောက် သစ္စာပျက်ခဲ့ရပြီး အဲဒီလူကို ယူလိုက်ရတယ်။ အပေါ်ယံသကာလောင်း၊ အတွင်းမှာ ဒဏ်ရာဗရပွနဲ့ အိမ်ထောင်ရေးတစ်ခုသာ ဖြစ်ခဲ့ရတယ်။ ကိုယ်ထိလက်ရောက် ဖိနှိပ်ခံရမှုတွေ များလာပြီး သည်းမခံနိုင်တော့လို့ အမေကို ဖွင့်ပြောပြတော့လည်း သမက်ဘက်က ရှေ့နေလိုက်ပြီး လင်ယောက်ျားက အိမ်ဦးနတ်မို့ ဆုံးမတာကို နာခံယူသင့်ကြောင်းနဲ့ မိဘမျက်နှာ အိုးမည်းမသုတ်ဖို့ စကားတွေကိုသာ နားထောင်ခဲ့ရတယ်။ ဖောက်ပြန်နေတာ သိရလို့ တစ်ဖက်မိန်းကလေးကို သွားပြောပြန်တော့လည်း ညှဉ်းပန်းနှိပ်စက်ခံရပြန်တော့ မိခင်လုပ်သူပြောစကားက တစ်ခုလပ်အနေနဲ့ အိမ်ပြန်မလာနဲ့။ ခြေငြိမ်စေချင်ရင် ကလေးယူလိုက်တဲ့။ ဒီလိုနဲ့ သမီးပိုးဥကို မွေးခဲ့ပေမဲ့လည်း ထူးမခြားလာခဲ့တဲ့ အိမ်တွင်းရေး အကြမ်းဖက်မှု ပညာပေးဇာတ်လမ်းတစ်ပုဒ်။

    🚢 ပေးဆပ်ခြင်း မျက်ရည်စက်များ 🚢

    အဖေလုပ်သူက အိပ်ရာထဲ လဲနေပြီး အမေကလည်း အဖေ့ဆေးဖိုးလေး တစ်ဖက်တစ်လမ်းက ရလိုရငြား လောင်းကစားလုပ်မိတာ အကြွေးသိန်းဂဏန်း ကပ်နေလို့ ပူလောင်မှုတွေနဲ့ ဖိစီးနေတဲ့ ပုတုမ။ အဖေကျန်းမာတုန်းက သားအမိသုံးယောက် ပန်းရံသယ်ပြီး စုဆောင်းတဲ့ လုပ်အားခလေးနဲ့ လုပ်ထားတဲ့ တစ်မတ်သား ရွှေဆွဲကြိုးလေး ပြန်ရောင်းဖို့ လပ်ကီးရွှေဆိုင်ကို စက်ဘီးနဲ့ ရောက်လာတော့ ညနေသုံးနာရီမှ ပြန်လာဖို့ ပြောတော့ စက်ဘီးနင်းပြီး အိမ်ပြန်လာတုန်း လမ်းမှာ ကုန်တင်ကားနဲ့ တိုက်မိမလိုဖြစ်ပေမဲ့ စက်ဘီးလဲပြီး တံတောင်ဆစ် ပွန်းပဲ့တာပဲ ဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ အိတ်ထောင်ထဲမှာ ထည့်ထားတဲ့ စာရွက်လေးပဲ တွေ့ရတော့တယ်။ ဒါနဲ့ စက်ဘီးလဲတဲ့နေရာဆီ သွားပြန်ရှာတော့ နေစောင်းချိန်မှ ကံကောင်းလို့ ပြန်ရှာတွေ့ပြီး ရွှေဆိုင်ကို ပြန်သွားတယ်။ အဲဒီအချိန်မှာ ရွှေဆိုင်ရဲ့ ဝယ်ယူချိန်နဲ့ ပြန်ရောင်းချိန် ဆက်ဆံရေးကြောင့် လူအများရှေ့ သိမ်ငယ်ခဲ့ရပြီး မျက်ရည်တွေတွေ စီးကျခဲ့ရတဲ့ ပုတုမအကြောင်းလေး။

    🌊 တောင်ပံကျိုး ငှက်လေးတွေ 🌊

    ပုလွေရိုးလက်မောင်းနဲ့ နံရိုးတစ်ချောင်းသာ မြင်ရတဲ့ ကျောင်းနေအရွယ် ကောင်လေးတစ်ယောက် သူမရဲ့ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးမျိုးစေ့ဆိုင်မှာ လူမလိုဘူးလား လာမေးလို့ မလိုဘူးလို့ ပြန်ဖြေလိုက်တဲ့ ကလေးဟာ သူမဆိုင်ရဲ့ နှစ်ဆိုင်ခြားမြောက်က ကိုသန်းကြီး လျှပ်စစ်ပစ္စည်းဆိုင်မှာ အလုပ်ရသွားတာ နောက်ရက်မှာ သိလိုက်ရတယ်။ ကောင်လေးက ဖင်ပေါ့ပြီး ဟိုဆိုင်ဒီဆိုင်က မုန့်ဖိုးပေးပြီး ခိုင်းတတ်ကြတယ်။ သူ့အကြောင်းကို မေးကြည့်တော့ သူ့နာမည်က ကျော်ကျော်ဦး၊ အသက်က ၁၄နှစ်။ ခုနစ်တန်းနဲ့ ကျောင်းထွက်လိုက်ပြီး လသားအရွယ် ညီမလေးနဲ့ အမေကို လုပ်ကျွေးနေပြီး သူ့ရည်မှန်းချက်က ဘုန်းကြီးလုပ်မလို့တဲ့။ ခုဘာလို့ ကိုရင်မဝတ်သေးလဲမေးတော့ ခုကိုရင်ဝတ်ရင် အမေက လသားအရွယ် ညီမလေးနဲ့ အပြင်ထွက် ပိုက်ဆံမရှာနိုင်သေးလို့ ညီမလေးအရွယ်ရောက်မှ ဘုန်းကြီးအပြီးဝတ်မယ်တဲ့။ ဒါကိုလည်း အမေက သဘောတူပြီးသားတဲ့လေ။ တစ်ရက်တော့ သူအလုပ်လုပ်တဲ့ ဆိုင်မှာ တန်ဖိုးကြီးဖုန်း ကောင်လေး လက်ထဲကနေ ချော်ကျသွားပြီး ကောင်လေးလည်း သူမတို့ဝန်းကျင်ကနေ ထွက်ခွာသွားရတယ်ဆိုတဲ့ မိသားစုအတွက် အနစ်နာခံတဲ့ ကောင်လေးတစ်ယောက်အကြောင်း။

    ⛵ ချစ်ခြင်းမေတ္တာ၏ ပဉ္စလက် ⛵

    အမှောင်ရိပ်ထဲမှာ မိန်းကလေးတစ်ယောက်ကို မတရားပြုဖို့ ကြံစည်တယ်ဆိုကာ ယောက်ျားဖြစ်သူ ကိုဆွေကို ရဲတွေ လိုက်ဖမ်းနေကြတယ်လို့ ညအချိန်မတော် သတင်းကြားလိုက်ရတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်ထားရတဲ့ ဝေဦး။ အနေအထိုင် အေးဆေးပြီး ဆိုက်ကားနင်းကာ မညည်းမညူ ရှာကျွေးနေတာမို့ ဝေဦးကတော့ မယုံခဲ့။ ညကျတော့ ကိုဆွေလက်ရေးနဲ့ စာတစ်စောင်ကိုင်ပြီး လူတစ်ယောက် ရောက်လာတယ်။ စာထဲမှာက ယိုးစွပ်ခံရတာမို့ အဖမ်းမခံနိုင်လို့ တိမ်းရှောင်နေမှာဖြစ်ကြောင်းနဲ့ ဝေဦးနားကပ်လေး ပေးလိုက်ဖို့ ရေးထားတော့ ဝေဦးလည်း ပေးလိုက်တယ်။ အဲဒီကတည်းက သားလေး ရှစ်တန်းရောက်တဲ့အထိ ဘာသတင်းမှ မကြားရတော့ ဝေဦးတို့သားအမိကို အမြဲကူညီပေးနေတဲ့ ကိုရွှေဇံနဲ့ နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမဲ့ အိမ်ထောင်ပြုပြီး အပူတိုးလာမှာစိုးလို့ ဝေဦး စိတ်မကူးခဲ့။ တစ်ရက် သားလေး ရေနစ်တယ် သတင်းကြားလို့ မြစ်ဘက် အပြေးသွားတော့ ကိုရွှေဇံ ဆင်းကယ်နေခဲ့ပြီ။ ဝေဦးလည်း သားလေးနား ရောက်ချိန် သတိလစ်သွားခဲ့ပြီး သတိရလာတော့ ပျောက်နေခဲ့တဲ့ လင်ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ဝေဦးတစ်ယောက် ကိုဆွေနဲ့ မိသားစု ရှေ့ဆက်မလား၊ အမြဲအနစ်နာခံ ကူညီပေးတဲ့ ကိုရွှေဇံနဲ့ ရှေ့ဆက်သွားမလား။

    🚢 အချစ်သက်သေ လွမ်းသူ့မြေ 🚢

    ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရေပေါ်သင်္ကြန် ကျောက်တော်တောင်ပွဲကို မူမူရဲ့ စစ်တွေက ညီမဝမ်းကွဲဖြစ်သူနဲ့ ဧည့်သည်ငါးယောက်တို့ကို မော်တော်နဲ့ ရေသဘင်ပွဲတော်ကို လိုက်ပို့ပေးရင်း တစ်ချိန်က ပတ်သက်ခဲ့ဖူးကာ သမီးလေးနှစ်ယောက်ရဲ့ ဖခင်လည်းဖြစ်ပြီး ခုတော့ မူမူတို့ သားအမိတတွေနဲ့ ဘယ်တော့မှ ပြန်ဆုံတွေ့ခွင့်မရနိုင်တော့တဲ့ အရပ်ဆီ ခရီးပြင်းနှင်သွားလေတဲ့ မောင်နဲ့အတိတ်ကို သတိရလွမ်းဆွတ်နေတဲ့အကြောင်းလေး။

    [တစ်သိုက် – လေးဆယ်သား]

    🌊 သေချာသလောက် မရေရာသော ဘဝအဆစ်ချိုးလေးများ 🌊

    မိဘများက သဘောတူကြည်ဖြူသော်လည်း အလုပ်တကိုင် အတည်တကျဖြစ်မှ လက်ထပ်ဖို့ပြောပေမဲ့ မိဘတွေ ဆန္ဒကို ဥပေက္ခာပြုပြီး ဘွဲ့ရခါစမှာ အိမ်ထောင်ပြုခဲ့တဲ့ ချောနဲ့ ကိုကို။ အိမ်ထောင်ကျပြီး တစ်နှစ်အထိ ကိုကို့မိဘအိမ်လိုက်နေပြီးနောက် ဆီကုမ္ပဏီတစ်ခုမှာ ကိုကို အလုပ်ခန့်စာရပြီး မန္တလေး ရွှေကြက်ယက် တိုက်နယ်ဆီဆိုဒ်ကို ကိုကိုနဲ့အတူ ပြောင်းရွှေ့လာခဲ့ရတယ်။ မိဘတွေဆီက အကူမညီ မယူဘဲ နေကြဖို့ ဆုံးဖြတ်ထားပြီး ခုတော့ လသားအရွယ် သမီးလေးနဲ့အတူတူ ကိုကို့လစာ တစ်သိန်းကျော်အပေါ် လောက်ငအောင် နေနေရတယ်။ ဒီလက သမီးလေး နေမကောင်းဖြစ်ပြီး ဆေးခန်းပြေးထားရလို့ အိမ်လစာ ပေးဖို့ ငွေနှစ်သောင်းတောင် မပြည့်တော့။ မပေးရင်လည်း အိမ်ပေါ်က မောင်းချခံရမှာကြောင့် မိဘတွေကို အကူအညီ တောင်းလိုက်ရမလားလို့ ချောကပြောတော့ ကိုကိုက လက်ကာပြပြီး ချောရဲ့မိဘတွေ ဆင်ပေးလိုက်တဲ့ စိန်လက်စွပ်ကို အပေါင်ထားဖို့နဲ့ လကုန်ရင် ပြန်ရွေးပေးပါမယ့်အကြောင်း ကတိပေးရင်း ဝမ်းနည်းစိတ်မကောင်း ဖြစ်ကြတဲ့ အချစ်အတွက်နဲ့ အတားအဆီး၊ အဟန့်အတား မှန်သမျှကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပြီး အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးချိန် အိမ်ထောင်ပြုခဲ့လို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ချစ်သူနှစ်ယောက်အကြောင်း။

    ⛵ နွေဦးလေပြည် ⛵

    သားအကြီးဆုံးပီပီ အသက် ၁၅နှစ် ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်ရပြီး အဖေနဲ့အတူ ရွာကနေ ဆိုင်ကယ်နဲ့ ဆယ်မိနစ်ခန့် စီးသွားရတဲ့ ကျောက်တော်မြို့က ဓာတ်မြေဩဇာဆိုင်မှာ အလုပ်လုပ်ရင်း ကုန်ထမ်းတဲ့ နွေဦး။ နွေဦးရဲ့ ပထမအိပ်မက်က မောင်ရှင်လောင်းဖြစ်ဖို့။ တစ်ရက်တော့ ဒီနှစ် စပါးပေါ်ချိန်မှာ ညီအစ်ကို နှစ်ယောက်ကို ရှင်ပြုပေးမယ်လို့ အမေက ပြောလာတယ်။ နွေဦးက လိမ္မာရေးခြားရှိပြီး အသက်အရွယ်နဲ့ မလိုက်ဖက်အောင် အလုပ်လုပ်ပေးသူဖြစ်လို့ ဆိုင်ရှင် အစ်မကလည်း ဆုအဖြစ် ငွေတစ်သိန်း အလှူနဲ့ အလှူမှာ ချက်ပြုတ်ဖို့ ထင်းလည်း လှူခဲ့တယ်။ သားလိမ္မာလေး နွေဦးတစ်ယောက် သူ့ရဲ့အိပ်မက် ကိုရင်ဝတ်စုံလေးကို ဆင်မြန်းခွင့်ရတဲ့ အခိုက်မှာတော့ ပျော်လွန်းလို့ ပီတိဖြာနေပါတယ်တဲ့။

    🚢 မြူတိမ်ကင်းသော လမင်းအိမ် 🚢

    စန္ဒာက သတ္တမတန်း၊ ညီမလေး သန္တာက ဒုတိယတန်းအရွယ်မှာ အဖေက ကစ္ဆပနဒီ မြစ်အထက်ပိုင်းကို ကုန်ကူသွားရင်း မော်တော်ရေနစ်ပြီး ဆုံးပါးခဲ့တယ်။ အဖေ့အလုပ်ထဲ ငွေစိုက်ရင်းဖို့ ရွှေတိုရွှေစလေးတွေ ပေါင်နှံခဲ့တာမို့ ဘာမျှမကျန်တော့။ အမေက ကျောက်တော်က အိမ်ကို ရောင်းပြီး စစ်တွေကို ပြောင်းရွှေ့ခဲ့တယ်။ စစ်တွေမှာ တိုးချဲ့ မင်းဂံရပ်ကွက်ထဲ ဈေးချိုတဲ့ ခြံတစ်ကွက်ဝယ်ပြီး အိမ်သေးဆောက်တယ်။ အိမ်ရှေ့မှာ ကုန်စုံဆိုင်ဖွင့်တယ်။ မစန္ဒာ ဆယ်တန်းတက်ခါနီးမှာ အမေက ကုန်စုံဆိုင် မရောင်းတော့ဘဲ ကုန်ကူးခဲ့တယ်။ ဒီလိုနဲ့ စန္ဒာရဲ့ရည်မှန်းချက်ဖြစ်တဲ့ တက္ကသိုလ်ဆရာမ ဖြစ်ခဲ့ပြီး ညီမသန္တာကလည်း မူလတန်းပြဆရာမ ဖြစ်လာခဲ့တယ်။ အားကိုးစရာ လင်ယောက်ျားမရှိတော့ပေမဲ့ သမီးနှစ်ယောက်ရဲ့ ပညာရေးကို အထိခိုက်မခံတဲ့ မိခင်တစ်ယောက်ရဲ့ ကြံ့ခိုင်ရဲရင့်တဲ့ စိတ်ဓာတ်ကို ဖော်ကျူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

    🚢🌊⛵🚢🌊⛵

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်းလက်ချို(ကျောက်တော်) စာအုပ်များ