၁၃ ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ

( 7 မှတ်ချက်)

6500 (ကျပ်)

အညိုဆိုတဲ့ ကောင်မလေးတစ်ယောက်နှင့်
ပြင်ပလောကမှာ တကယ်ရှိလားမရှိလားဆိုတဲ့ ဝေဝါးမှုတွေနဲ့ အစ်ကို….
နေကြာပန်းတွေစိုက်ချင်တဲ့ အညိုနေတဲ့ ၁၃ထပ်ကရော တကယ်ရှိလား မရှိခဲ့ဘူးလား…

Psycho ဆန်ဆန် .. စုံထောက်ဝတ္ထုဆန်ဆန် …
နူးညံ့လှတဲ့ စကားလုံးတွေနဲ့ အချစ်ဆိုတာကို ဖွဲ့သီထားတဲ့ စာအုပ်ကို ပြပါဆိုရင် …၁၃ထပ်မှာ အကို့ကို စောင့်နေဆဲဆိုတဲ့ ဒီစာအုပ်ကို ပြရမှာပဲ။ ပြင်ပလောကမှာ အညို့လို၊ အစ်ကို့လို လူတွေ ရှိနေမယ်ဆိုတာကတော့ အသေအချာ ပြောရဲတယ်။

အစ်ကို____
ချစ်ခြင်းတစ်ခုကို ပုံပြောပြီး အိပ်မက်လှလှမက်စေသူ…
စကားလုံးလှလှလေးတွေနဲ့ နူးညံ့မှုတွေမှာ အရည်ပျော်ပြီး မူးယစ်ဆေးလို စွဲလမ်းစေတဲ့သူ…

အညို____
မွန်းကြပ်မှုတွေနဲ့ ၁၃ထပ်မှာ စီးကရက်ခဲပြီး မြစ်ရေပြင်ကို ငေးကြည့်နေတတ်သူ…
ခံစားချက်အခိုးအငွေ့တွေပေါ်မှာ မွေ့လျော်နေတတ်သူ…..

ဒီလို character တွေနဲ့ အစ်ကို့ကို အညို ဘယ်လောက်ချစ်သလဲဆိုတာ…. 🤎

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.5 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ ၂၀၂၃ အောက်တိုဘာလ (ပထမအကြိမ်)

15 in stock

၁၃ ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. Ko Pauk Mdy (verified owner)

    “ကိန်းဂဏန်း တစ်ခု၏ နောက်ကွယ်မှ “
    စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေ
    ယုံကြည်စွဲလန်းမူ့တွေနဲ့ပါတ်သက်ရင် ကျွန်တော့်တို့ အာရှက လူတွေကို ပိုပြီး ယုံကြ ကြောက်ရွံ့ကြတယ်လို့ လူတွေက ထင်ကြပါတယ်။
    တကယ်တော့ အရှေ့ကလူတွေရော အနောက်ကလူတွေရော
    ကိုယ်နှစ်သက်တဲ့ဘာသာ ကိုယ်ယုံကြည်တဲ့ဘာသာကို ကိုးကွယ်သူတွေပါ
    “ခိုက် “တယ်ဆိုတဲ့ အရာမှန်သမျှ ကို မသိမသာရော သိသိသာသာရော ရှောင်ကြပါတယ်။
    ရှောင်ဆို လူမှန်သမျှ ကိုယ့် ကို ထိခိုက်နစ်နာလာမှာကိုကြောက်တတ်ကြလို့ပါ။
    ပြဿဒါးရက်ကိုကြောက်သူ၊
    စနေနေ့ကိုကြောက်သူ၊
    လပြည့်လကွယ်ရက်ကိုကြောက်သူ၊
    (၁၃)ဂဏန်းကိုကြောက်သူ၊
    (ဂ)ဂဏန်းကိုကြောက်သူ စသဖြင့်အမျိုးမျိုးရှိကြတဲ့အထဲမှာ
    (၁၃)ဂဏန်းကိုတော့ အရှေ့ကလူရော အနောက်ကလူပါ တူညီစွာကြောက်ကြပါတယ်။
    ဒီတူညီစွာကြောက်ကြတဲ့ ( ၁၃) ဂဏန်းလေးကြောင့် ဇာတ်လမ်းကောင်းကောင်းလေးတစ်ခုကို ကျွန်တော်ဖတ်ခွင့်ကြုံလိုက်ရပါတယ်။
    Factitious Center ဆိုတဲ့နေရာမှာ ဆေးကုသဘို့ရောက်နေတဲ့ဂမုန်းနွေဆိုတဲ့
    ကောင်မလေးတစ်ယောက်အကြောင်းပေါ့။ သူရောက်နေတဲ့ နေရာက ဆေးခန်းလည်း မဟုတ်ဆေးရုံလဲမဟုတ်ဘူးတဲ့။
    ဒီနေရာက စိတ်အာရုံလွတ်နေသူတွေ၊ဆေးစွဲအရက်စွဲပြီး အစစ်အမှန်မဟုတ်တာတွေကို အစစ်ထင်၊
    တကယ်မရှိတာကို ရှိတယ်ထင်နေတဲ့သူတွေကို အစွဲချွတ်ပေးတဲ့နေရာလေးပါတဲ့။
    Factitious ဆိုတဲ့ စကားလုံးလေးကိုမြန်မာဘာသာပြန်ုလိုက်ရင် အစစ်အမှန်မဟုတ်သော လို့ အဓိပ္ပါယ်ရပါတယ်။
    ဂမုန်းနွေ မှာ ချစ်ရတဲ့ အစ်ကိုကြီးရှိတယ်။
    အဲ့အစ်ကိုကြီးနဲ့သူက အထပ်(၂၀)ရှိတဲ့ အဆောက်အဦ တစ်ခုမှာ အခန်းအမှတ်( ၁၃) မှာအတူနေကြတယ်။
    သူက အစစ အရာရာ အစ်ကိုကြီးကို အားကိုးပြီးနေတဲ့သူ။
    အစ်ကိုကြီး မရှိရင် သူဘာမှ မလုပ်တတ်။
    သူတို့နေတဲ့ အဆောက်အဦမှာ ဓါတ်လှေကား ပါတယ်။
    ဒါပေမယ့် သူတို့နေတဲ့ (၁၃)ထပ်ကို ဓါတ်လှေကားနဲ့တိုက်ရိုက်သွားလို့မရ။
    ၁၄ထပ်ထိ တက်ပြီး အောက်ပြန်ဆင်း ရင်ဆင်း။
    ဒါမှမဟုတ်( ၁၂)ထပ်မှာဆင်းပြီး အပေါ်တစ်ထပ်ကိုရိုးရိုးလှေကားကနေတက်ချင်တက်။
    အဲ့လိုထူးဆန်းတဲ့နေရာလေးမှာ သူတို့နှစ်ယောက်နေကြတယ်။
    တစ်ရက် သူ့ အစ်ကိုကြီးက အပြင်ဘက်၀ရန်တာမှာဆေးလိပ်သောက်နေရင်းကနေအိမ်ထဲပြန်၀င်မလာဘဲပျောက်သွားတယ်။
    သူပျောက်သွားတာကြောင့်ဘဲ ဂမုန်းနွေက Factitious Center ကိုရောက်လာခဲ့ရတာပေါ့။
    သူက သူ့ နဲ့ အစ်ကိုကြီးနေတဲ့ (၁၃)ထပ်ကိုပြန်သွားမယ် အစ်ကိုကြီး ပြန်လာမှာကိုသူစောင့်နေမယ်ပေါ့။
    ဒါပေမယ့် အများလက်ခံထားတာက သူတို့နေပါတယ်ဆိုတဲ့ Square Age ဆိုတဲ့ အဆောက်အဦမှာ (၁၃)ထပ်ဆိုတာ မရှိဘူး။
    အဲ့တော့ကောင်မလေးကို သူရောက်နေတဲ့ စင်တာက သူကိုနှစ်သိမ့်ဆွေနွေး လုပ်ပေးနေတဲ့၀န်ထမ်းတွေက
    တစ်ယောက်တစ်လဲ အလှည့်ကျ မေးကြမြန်းကြရတော့တာပေါ့။
    ဂမုန်းနွေကိုဆွေးနွေးပေးနေရတဲ့တစ်ယောက်က Square Age ကိုသွားကြည့်မယ်ဆိုပြီး ဂမုန်းနွေကို
    အပြင်ခေါ်ထုတ်သွားပါတော့တယ်။
    အဲ့နောက်မှာဖြစ်လာတဲ့ အဖြစ်အပျက်တွေက ရန်ခုန်လှုပ်ရှားစရာ စိတ်၀င်စားစရာကောင်းလွန်းလို့
    ဖတ်ကြည့်ကြပါလို့ဘဲ တိုက်တွန်းချင်ပါတယ်။
    စာအုပ်အမည်က “ ၁၃ထပ်မှာ အစ်ကို့ကိုစောင့်နေဆဲ” တဲ့။
    ရေးသူကတော့ တိမ်ပြိုပင်လယ် တို့ နရသူ တို့ကိုရေးခဲ့တဲ့ စာအရေးကောင်းသူ ဆရာမ “ခေတ်ရှေးညို “။
    ပန်းဆက်လမ်းကထုတ်တာ။
    ၂၀၂၃ အောက်တိုဘာလ က ထွက်ပေမယ့် အခုမှ ကျွန်တော်ဖတ်ရတာပါ။
    ကဲ လျိူ့ဝှက်သဲဖိုဇာတ်လမ်းလေးတွေ ကြိုက်တတ်ရင် အမြန်သာ၀ယ်ဖတ်လိုက်ပေတော့ဗျာ။
    ကိုပေါက်( မန္တလေး)
    21-2-24

  2. Htet Htet Tin Zar

    🟤 “ဖေဖေ … ဓာတ်လှေကားကို ကြည့်ပါဦး။ ၁၃ ဆိုတဲ့ဂဏန်း မရှိဘူး”

    “ဒီအထပ်မှာ ၁၃ ထပ်မှ မရှိတာ။ ဘာကြောင့်လဲဆိုတော့ ၁၃ ဂဏန်းဆိုတာ ကံမကောင်းစေတဲ့ နံပါတ်လို့ အယူရှိတယ်လေ။ အဲ့ဒါကြောင့် ဒီတိုက်မှာ ၁၃ ထပ်ဆိုတာ လုံးဝ မရှိဘူး”

    “ဒါဆို အခြားတိုက်တွေမှာရော … ဖေဖေ“

    “အခြားတိုက်တွေမှာတော့ ရှိချင်ရှိမှာပေါ့ သားရဲ့။ ဒါပေမဲ့ သေချာတာက ဒီတိုက်မှာ ၁၃ ထပ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး” (~ စာ ၁၉) 🟤
    __________________________

    🤎 ဆရာမခေတ်ရှေးညိုရဲ့ ငါးအုပ်မြောက် လုံးချင်းစာအုပ်လေးပါ။ ဇာတ်လမ်းလေးက တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်မြတ်နိုးကြသူနှစ်ဦးအပေါ် အခြေခံထားတယ်။ ဒါပေမဲ့ သာမန်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်သက်သက်ရယ်တော့ ဟုတ်မနေဘူး။ ဒီထက်ပိုပြီး ရှုပ်‌ထွေးနက်နဲတဲ့ အကြောင်းတရားတွေ နောက်ကွယ်မှာ ရှိနေတယ်။

    🤎 နောက် … ဒီစာအုပ်ရဲ့ ထူးခြားချက်က ဇာတ်ကောင်က စာရေးဆရာမ ခေတ်ရှေးညိုဖြစ်နေတော့ ဆရာမ အပြင်မှာ တကယ်ထွက်ထားတဲ့ စာအုပ်တွေရဲ့ ဇာတ်လမ်းတွေ၊ ဒီစာအုပ်တွေရဲ့ ဇာတ်ကွက်နဲ့ ဇာတ်ကောင် ဖန်တီးယူပုံတွေကို ရှင်းပြထားတာတွေ ဖတ်ရတာမို့ စိတ်ဝင်စားစရာပါ။ ဆရာမက စာရေးရင် အချက်အလက် အကိုးအကားစာအုပ်တွေ သေချာဖတ်သလို စာအုပ်ထဲက နေရာကိုလည်း အရောက်သွားတတ်သေးတာကို ဟိုအရင် ဆရာမစာ‌‌တွေ ဖတ်ကတည်းက သိထားပေမဲ့ ဇာတ်ကောင်နေရာ ရောက်ပြီး ဇာတ်လမ်းရဲ့ mood တစ်ခုလုံး စီးဝင်နေစေတယ်ဆိုတာတွေပါ ဒီစာအုပ်ထဲကနေ ထပ်သိလိုက်ရတယ်။
    __________________________

    🟤 ၁၃ထပ်ရဲ့ ဝရန်တာကနေ အစ်ကိုနဲ့အတူ အညိုရောင် မြစ်ရေပြင်ကြီးကို ငေးကြည့်ရတာ သဘောကျတတ်တဲ့ အညို

    🟤 “ဒီနေရာကို ပင်လယ်ပြင် အစားထိုးမြင်ချင်လား” လို့ အစ်ကိုက‌ မေးရင် မြစ်တွေက အညိုရောင်လို့ တိုက်ရိုက် မပြောဘဲ “ဒီမြင်ကွင်းကို ဘယ်အရာနဲ့မှ အစားမထိုးနိုင်ဘူး။ ‌နောက်ပြီး ပင်လယ်ပြင်က အပြာရောင်လေ အစ်ကိုရဲ့” လို့ ပြန်ဖြေတတ်တဲ့ အညို

    🟤 မြစ်ထဲမှာ ဖြတ်ကူးနေတဲ့ လှေလေးတွေကို အစ်ကိုခေါ်သလို ငှက်လို့ပဲ ခေါ်တော့တဲ့ အညို

    🟤 အစ်ကို့အတွက်ဆို ခေါင်းပဲညိတ်ပြီး ဟင့်အင်းဆိုတဲ့အဖြေ မပေးတတ်တဲ့ အညို

    🤎 အညို့နာမည်က “ဂမုန်း‌နွေ” အလုပ်အကိုင်က စာရေးတယ်။ ကလောင်နာမည်က “ခေတ်ရှေးညို” အညိုလို့ အစ်ကိုတစ်ယောက်တည်းကပဲ ခေါ်တာ။ အညို့မှာ ဆံပင်အရှည်ကြီးရှိတယ်။ ပြီးတော့ ဆေးလိပ်သောက်တတ်သူ။ အထူးသဖြင့် သူစာရေးတဲ့အခါမှာ ပိုသောက်လေ့ရှိတယ်။ အညိုက ရသစာအုပ်နဲ့ သူရေးမယ့် စာအတွက် အထောက်အကူပြုမယ့် စာအုပ်‌တွေ ဖတ်တယ်။

    🤎 အစ်ကိုကတော့ အေးအေးဆေးဆေး နေတတ်ပြီး အပင်လေးတွေ စိုက်တဲ့အကျင့် ရှိတယ်။ ဝရန်တာမှာ ပန်းအိုးလေးတွေနဲ့ စနစ်တကျ စိုက်ထားတယ်။ အညို ဆေးလိပ်သောက်တဲ့အချိန် အစ်ကိုက ကော်ဖီပူပူလေးတစ်ခွက်ကို တစိမ့်စိမ့် သောက်တတ်တယ်။ စာအုပ်တွေနဲ့ အပင်တွေကို ဆေးလိပ်နံ့စွဲမှာ ကြောက်တဲ့သူ။ အစ်ကိုကကျ ဘာသာပြန်စာအုပ်‌တွေ ဖတ်ရတာ ကြိုက်တယ်။

    🤎 အညိုတို့နေတဲ့ တိုက်မှာ အထပ် ၂၀ ရှိတယ်။ အညိုတို့ရဲ့ ၁၃ ထပ်မှာက ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး ချို့ယွင်းချက်ကြောင့် ဓာတ်လှေကားမရှိဘူး။ ဒါကြောင့် ၁၃ထပ်ကို တက်ချင်ရင် ၁၂ထပ် ဒါမှမဟုတ် ၁၄ထပ်ကို ဓာတ်လှေကားနဲ့သွား။ ပြီးမှ ၁၃ထပ်ကို လှေကားသုံးပြီး သွားရတယ်။

    🤎 အစ်ကိုနဲ့ အညို့ကြားမှာ ဘာလျှို့ဝှက်ချက်မှ မထားရဘူးဆိုတဲ့ စည်းကမ်းတစ်ခု ချထားတယ်။ ဒါပေမဲ့ အညို ထိမ်ချန်ထားတာ တစ်ခုရှိတယ်။ အဲဒါက ဆေးခန်းပြနေတဲ့ ကိစ္စတွေ။ အစ်ကိုနဲ့ အညို တူညီတဲ့အချက်က လူတွေအများကြီးထဲ မနေချင်တာ။ လူရှုပ်တဲ့နေရာတွေ မသွားချင်တာ။

    🤎 တစ်ရက် အညိုဆေးလိပ်ဝယ်ပြီး ပြန်လာတော့ အစ်ကိုက အညိုဖွက်ထားတဲ့ အညို့သောက်ရမယ့် ဆေးတွေကို သောက်နေတာ တွေ့လိုက်ရတယ်။ အညိုဆေးခန်းပြနေတာကို အစ်ကို ရိပ်မိနေခဲ့ပြီးသားရယ်။ အစ်ကိုလို့ အညိုခေါ်လိုက်တော့ ဆေးလိပ်မသောက်တတ်တဲ့ အစ်ကို ဆေးလိပ်သောက်ဦးမယ်ဆိုပြီး ဝရန်တာ ထွက်သွားတော့ အစ်ကိုက ထွက်မလာနဲ့ ပြန်ဝင်လာခဲ့မယ်ဆိုတာကြောင့် အိမ်ထဲကျန်နေခဲ့တယ်။

    🤎 ဝရန်တာမှာ အစ်ကို မတ်တတ်ရပ်နေတာကို လှမ်းမြင်နေရတယ်။ ခဏနေတော့ အညို အိပ်ပျော်သွားတယ်။ ပြန်နိုးလာတဲ့အထိ ဝရန်တာတံခါး မပိတ်သေးတာမို့ အစ်ကို ပြန်နဝင်လာသေးဘူးဆိုတာ သိလိုက်တယ်။ အညို ဆက်စောင့်နေပေမဲ့ အစ်ကို ပြန်မလာဘူး။

    🤎 အစ်ကိုက အညိုမပါဘဲ ကမ္ဘာသစ်ဆီ သွားတာလားလို့ တွေးလိုက်တယ်။ ဝရန်တာကို ထွက်ပြီး လက်ရန်းကို ဆုပ်ကိုင်ထားတယ်။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အနောက်ပြန်လှန်ချလိုက်တယ် …
    __________________________

    🟤 ဆိုတော့ ဒီနေရာမှာတင် အဓိကဇာတ်ကောင် နှစ်ယောက်လုံး မရှိတော့ဘူးဆိုတော့ ဇာတ်လမ်းပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ ပြီးတော့ ဒါက ခုမှ အခန်း (၁) ပဲ ရှိသေးတာရယ်။ နောက်လာမယ့် အခန်းတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကို ဘယ်လိုပုံစံနဲ့ ဆက်ပြသထားမလဲဆိုတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်ရယ်။

    🟤 နောက်ပိုင်းမှာ အညိုပြောတဲ့ ၁၃ ထပ်နဲ့ အစ်ကိုဆိုသူကို အညိုကလွဲ ဘယ်သူ့မှ မယုံကြည်ကြဘူး။ ယုံကြည်ရလောက်တဲ့ သက်သေတွေလည်း မရှိသလို အပြင်မှာ သွားကြည့်တော့လည်း ရှိမနေခဲ့ဘူး။

    🟤 ဒါဆို အညိုကပဲ ထင်မိယောင်မှားဖြစ်ပြီး မမြင်ရတဲ့ အရာတွေကို တကယ်မရှိတဲ့ အရာတွေကို စိတ်ကူးထဲ မြင်ယောင်နေတဲ့ ဝေဒနာရှိနေတာလား။ အများနဲ့ တစ်ယောက် အညိုမှန်သလား မှားသလား ဒါမှမဟုတ် အညို့မှာ စိတ်ရောဂါရှိနေတာလား။

    🟤 သေချာတာ‌တစ်ခုကတော့ အညိုဟာ အချစ်ကို ယုံကြည်ရူးသွပ်လွန်းပြီး မှီခိုအားကိုးလွန်းသူဆိုတာပါပဲ။ ၁၃ထပ်မှာ အညိုစောင့်နေတဲ့ အစ်ကိုက တကယ်ပြန်လာမှာလား။

    🟤 ဒီစာအုပ်က အချစ်ဇာတ်လမ်းဆိုရင်လည်း ဟုတ်တယ်။ စိတ္တဇဆန်တယ်ဆိုလည်း မမှားဘူး။ စုံထောက်ဆန်တယ်လို့ပြောလည်း ငြင်းစရာမရှိဘူး။
    __________________________

    Note:

    အစ်ကိုကတော့ အတက်ကို ၁၂ ထပ်အထိ စီးပြီး အဆင်းကို ၁၄ ထပ်မှာ သွားစီးတယ်။ ဘာဖြစ်လို့ အဲ့ဒီလုပ်တာလဲ မေးကြည့်တော့ ကျွန်မတို့တွေ ဘယ်တော့မှ ဘဝကို အောက်ပြန် မဆင်းရအောင်လို့၊ အမြင့်ကိုပဲ အမြဲ တက်လှမ်းနေတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်တဲ့။ ကျွန်မ ပြောတယ်မဟုတ် လား။ အစ်ကိုက အဲ့ဒီလို အတွေးတွေ ရှိတဲ့သူပါလို့။ (~ စာ ၁၃)

    “အစ်ကို့ကို အစ်ကိုလို့ ခေါ်လိုက်တာကလေ ကျွန်မရဲ့ ဆံချည်မျှင် သွေးကြောလေးတွေထဲကနေ အစ်ကို့ကို ချစ်တယ်ဆိုတဲ့ စိတ်တွေ၊ အားကိုးချင်တဲ့စိတ်တွေ အပြည့်ဖြစ်နေတာကို ပြောတာ သိလား။ အဲ့ဒါ ကျွန်မ ခေါ်တာ မဟုတ်ဘူး။ ဆံချည်မျှင် သွေးကြောလေးတွေက အစ်ကို့ကို လိုအပ်တယ်ဆိုပြီး ဆင့်ခေါ်တာ။ အဲ့ဒီလိုဆို အစ်ကိုက ကျွန်မရဲ့ အနားကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်လာတတ်တယ်” (~ စာ ၂၅)

    “စွဲလမ်းမှုတွေက အတော်လေး ဆိုးတယ်။ အခြား စာရေးသူတွေ ဘယ်လို စာရေးနေကြသလဲဆိုတာ ကျွန်မ သိပ်သိချင်တာပဲ။ ခက်တာက ကျွန်မမှာ အခြားစာရေးဆရာ အသိမိတ်ဆွေမရှိဘူး။ ကျွန်မ က ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးရင် အဲ့ဒီဇာတ်ကောင်ကို သိပ်စွဲလမ်းတာ။ ကျွန်မ စာအုပ်တစ်အုပ်ရေးနေပြီဆိုရင် ကျွန်မရဲ့ချစ်သူက အဲ့ဒီဇာတ်ကောင်ပဲ။ သန့်ဘုန်းကိုဆို ကျွန်မစွဲလမ်းပြီး ညအိပ်လို့တောင် မရဘူး။ ရေးနေရင်းနဲ့ကို သနားလာတာ။ သူ့အနားမှာ ထွေးပွေ့ပြီးပဲ နေချင်တော့တယ်။ ကျွန်မရဲ့ စွဲလမ်းမှုက အဲ့ဒီလောက်အထိ ဆိုးတာ။ ဒါ့ကြောင့် စာအုပ်ရေးနေတဲ့ ကာလတွေဆို စွဲလမ်းစိတ် တွေနဲ့မို့ အခြားစာအုပ်တွေ၊ စာစုတွေ ရေးလို့မရဘူး။ လုံးဝ အချောထည် ပြီးပြီဆိုမှ စိတ်ထဲကနေ အကုန်လွှတ်ချပစ်လိုက်တာ” (~ စာ ၅၇)

    အခြား စာရေးဆရာတွေ ဘယ်လိုရေးသလဲတော့ မသိ။ ကျွန်မမှာ တစ်အုပ်ရေးရင် ဇာတ်ကောင်ထဲ ပိတ်မိနေပြီး လူက အရူးလိုပဲ။ တစ်အုပ်တစ်အုပ် ရေးရတာ အသက်ကို ရင်းထားရတဲ့ အတိုင်းပဲ။ ကျွန်မရဲ့ ဦးနှောက်တွေ၊ နှလုံးသားတွေက တအား အလုပ်လုပ်ရတာ။ လူက ကြောင်တောင်တောင်လိုမျိုးလဲ ဖြစ်တတ်တယ်။ (~ စာ ၆၃)

    ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မဲ့ လူတစ်ယောက်ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတစ်ခုရှိတယ်။ အဲ့ဒါက သူ ဒီလောကကြီးကနေ ထွက်ခွာသွားပြီဆိုတာကို သိစေချင်တာ။ သူ ဒီနေရာမှာ အဆုံးသတ်သွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်မှာကို ကြောက်ရွံ့နေတာ။ တိတ်တိတ်လေး ပျောက်ဆုံးသွားတဲ့သူ မဖြစ်စေချင်ဘူး။ လောကကြီးကို သူ အရှုံးပေးခဲ့တာကို သိစေချင်တယ်။ နောက်ပြီး သူ ဒီလောကကြီးကိုပဲ တစ်ခါထပ်ပြီး ပြန်လာချင်တယ်။ အဲ့ဒါကြောင့် ရေထဲဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မဲ့သူ၊ ခုန်ချတော့မဲ့သူတွေ အများစုက ဖိနပ်ကို ရေစပ်အနားမှာ ချွတ်ထားခဲ့ကြတာ။ သူ ဒီနေရာမှာ အဆုံးသတ်သွားတာ တစ်စုံတစ်ယောက်ကို သိစေချင်တာ။ (~ စာ ၈၈)

    🟤🤎🟤🤎🟤🤎

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခေတ်ရှေးညို စာအုပ်များ