ပြောရင်ပြောတယ်ဖြစ်ဦးမယ်ဗျ။ ၂၀၂၁ခုနှစ်ဟာ ကျွန်တော့စိတ်ကို တော်တော်လေး အဆိပ်ထုတ်နိုင်ခဲ့တဲ့နှစ်လို့ ပြောရမယ်။ ဒါဟာလည်း ဒီစာအုပ်လေးကို ဖတ်နေရင်း သိလာခဲ့တာဖြစ်ပါတယ်။ အချိန်တိုင်းလိုလို အမြဲတမ်းစိတ်ရှုပ်၊ ရန်ရှာ၊ ဒေါသထွက်၊ အလိုမကျတွေဖြစ်နေတတ်တဲ့လူတစ်ယောက်က အတော်လေး အေးဆေးသွားလို့ အိမ်ကလူတွေလည်း အတော်လေးတော့ အံ့သြခဲ့ကြမယ်ထင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်များလဲ။

ဒီစာအုပ်ထဲမှာပါတဲ့ နည်းလမ်းတွေထဲကမှ ကျွန်တော်ကျင့်သုံးဖြစ်တဲ့နည်းလမ်းလေးတွေကို ပြောပြချင်တာပါ။

မတော်တော့သောအင်္ကျီများဆိုတဲ့ အပိုင်းမှာ ဆရာမမွန်ဟော်စီပြောသလို ကိုယ်နဲ့မကိုက်တော့လူတွေနဲ့ ဝေးရာကို နေထိုင်နိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲနှစ်သက်နေတဲ့ အင်္ကျီဖြစ်ပါစေ။ မတော်တော့တာကို ဇွတ်အတင်းကြိုးစားဝတ်နေဦးမယ်ဆိုရင် ပင်ပန်းရတာပါပဲ။ ဒါကြောင့် လူဆိုရင်လည်း Fit မဖြစ်တော့တဲ့လူတွေနဲ့ ဝေးရာကို ရှောင်ပါ။

Me Time ပေးပါ။ ၂၀၂၁ခုနှစ်ရဲ့အရှေ့နှစ်တွေတုန်းက ကျွန်တော့မှာ Me Time ဆိုတာ မရှိခဲ့ဘူး။ အလုပ်တွေလုပ်မယ်။ သူများတွေကို အချိန်ပေးမယ်ဆိုတာလောက်ပဲ တွေးနေမိခဲ့တယ်။ စကားငှားသုံးရမယ်ဆိုရင် People pleaser ပေါ့။ ဘာတွေဖြစ်လာလဲဆိုတော့ စိတ်ဓာတ်တွေကျလာတယ်။ ကိုယ့်ဘာသာအလိုမကျတော့ဘူး။ ဒီလိုနဲ့ လုပ်သမျှအဆင်မပြေတွေဖြစ်ခဲ့ရတယ်။ ဒါကြောင့် Me Time ကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။

နောက်တစ်ခုက စိတ်ဘေးအန္တရာယ်ပါ။ ကိုယ့်စိတ်နဲ့ကိုယ့်အတွေး မတိုက်ဆိုင်တဲ့အခါ
၁) ဆန့်ကျင်ချင်တဲ့စိတ်ဖြစ်လာမယ်။
၂)ငြင်းချင်လာမယ်။
၃)စိတ်ပင်ပန်းရတယ်။
၄)ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်ရာရောက်တယ်တဲ့။
ဒါလေးကတော့ မနေ့တနေ့ကမှ ဖြစ်သွားတာ။ ပုံမှန်ဆိုရင် ကျွန်တော်ဟာ ငြင်းလေ့မရှိပေမယ့် ကိုယ်မှန်တယ်ထင်ရာဆိုရင်တော့ နိုင်နိုင်မနိုင်နိုင် ထိုင်ငြင်းတတ်တဲ့သူပါ။ အဲဒီနေ့ကလည်း messenger group မှာ ငြင်းဖြစ်ကြတယ်။ ငြင်းနေရင်းနဲ့ စိတ်တွေတိုလာရော။ သူတို့နဲ့ငြင်းနေရင်းနဲ့ ဘာဖြစ်လို့ငါက စိတ်တိုလာတာလဲ။ သူတို့ကငါ့ကို ဘာပြောနေလို့လဲဆိုပြီး စဥ်းစားဖြစ်သွားတာ။ သူတို့ကတော့ အချက်အလက်နဲ့ ပြန်ချေပတာကို ကိုယ်က အမြင်မတူရကောင်းလားဆိုပြီး စိတ်တွေတိုလာတာ။ သတိကပ်သွားတာနဲ့ပဲ။ အလျှော့ပေးလိုက်ပြီး ရပ်ကြမယ်ဆိုပြီးပြောလိုက်တယ်။ အဲပွဲမှာ ကိုယ်နိုင်သွားတော့ရော ဘာထူးခြားသွားမှာမို့လို့လဲဆိုတဲ့စိတ်လေးဝင်လာလို့ ရပ်ဖြစ်သွားတာ။

ကဲ ဒီအချက်တွေကတော့ ကျွန်တော် အင်တာနက်ပေါ်ကနေ လေ့လာဖြစ်တာမျိုး၊ ကျွန်တော့ကိုချစ်တဲ့သူတွေက အကြံပေးတာမျိုးတွေကတစ်ဆင့် ကျင့်သုံးဖြစ်နေတဲ့အချက်နဲ့ စာအုပ်ထဲမှာပါတဲ့အချက်လေးတွေ တိုက်ဆိုင်သွားတာကို ပြောပြဖြစ်တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ပိုမိုစုံလင်တဲ့အကြောင်းအရာတွေနဲ့ မိတ်ဆွေရဲ့စိတ်ကို အဆိပ်ထုတ်ပေးမှာမို့ ဖတ်ဖြစ်အောင်ဖတ်ဖို့ အကြံပြုချင်ပါတယ်။